ယေရှုခရစ်ရဲ့စိတ်သဘော(၇)မျိုး
နိဒါန်း
သမ္မာကျမ်းစာ(ဖိ2:5-8)ထဲမှာခရစ်ယာန်ယုံကြည်သူတိုင်းကိုခရစ်တော်ရဲ့စိတ်သဘောထားရှိကြဖို့သွန်သင်ထားပါတယ်။ဆိုတော့ခရစ်တော်ရဲ့စိတ်သဘောဆိုတာဘာလဲ?သိပြီးမှလိုက်နာလို့ရတာမို့အရင်သိရှိနားလည်ထားဖို့လိုပါတယ်ညီကိုမောင်နှမတို့။ဒါကြောင့်ဒီနေ့မှာအားလုံးပိုပြီးရှင်လင်းနားလည်နိုင်စေဖို့ခရစ်တော်ရဲ့စိတ်သဘောထားခုနှစ်မျိုးကိုအကျဥ်းချုပ်ဝေငှ ပေးပါမယ်။
၁။နှိမ့်ချတတ်သောစိတ်သဘော
ဖိလိပ္ပိဩဝါဒစာ2:6-8မှာယေရှုခရစ်တော်ဟာနဂိုကတည်းကထာဝရဘုရားသခင်ဖြစ်ပြီး၊ကောင်းကင်နိုင်ငံမှာဘုန်းစည်းစိမ်နဲ့နေပေမယ့်၊လူတွေကိုကယ်တင်ဖို့အတွက်သူကိုယ်တိုင်ဒီအရာအားလုံးကိုစွန့်ပြီးလူ့ဇာတိခံယူခဲ့ ကြောင်းဖော်ပြပါတယ်။လောကမှာလူလိုနေသွားပြီးကားတိုင်ပေါ်မှာအသေခံသွားခဲ့ပါသေးတယ်။ဒါဟာတနည်းအားဖြင့်အကန့်သတ်မဲ့တဲ့ဘုရားဖြစ်ပေမယ့်၊လူဆိုတဲ့အကန့်သတ်ထဲမှာလာနေပြီးအနွံတာခံ၊အစေခံပြီးအသေခံခဲ့တဲ့နှိမ့်ချခြင်းပါဘဲ။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ဒီနှိမ့်ချခြင်းစိတ်သဘောမျိုးကျွန်တော်တို့မှာရှိဖို့ကျမ်းစာကသွန်သင်ပါတယ်၊နှိမ့်ချတယ်ဆိုတာနှိမ့်ကျတာမဟုတ်သလိုမိမိကိုယ်ကိုအထင်သေးခြင်းမျိုးလဲမဟုတ်ပါ။နှိမ့်ချတယ်ဆိုတာကိုယ်သိလျက်၊တတ်လျက်၊တော်လျက်နဲ့မဝါကြွားတာပါ၊ကိုယ်အဆင့်မြင်လျက်နဲ့အောက်ကျိုးနောက်ကျိုးခံပြီးကိုယ့်ထက်အဆင့်နှိမ့်နေသူကိုအစေခံလုပ်ကူနိုင်သူပါ။မိမိကိုယ်ကိုဗဟိုမပြုဘဲ၊အခြားသူအတွက်အမြဲစဉ်းစားပေး
တတ်သူပါ။
၂။နာခံတတ်သောစိတ်သဘော
ဖိလိပ္ပိဩဝါဒစာ2:8ရဲ့မြန်မာ့စံမီဘာသာပြန်ကျမ်းမှာပိုထင်သာအောင်ဒီလိုဘာသာပြန်ထားပါတယ်“မိမိကိုယ်ကိုနှိမ့်ချကာလက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။”တဲ့။
ယေရှုခရစ်ရဲ့နာခံခြင်းဟာသူ့ထက်ကြီးမြတ်တဲ့သူကိုနာခံနေခြင်းမဟုတ်ဘဲ၊သူ့နဲ့တန်းတူညီတူဖြစ်တဲ့ခမည်းတော်ဘုရားကိုနာခံနေတာဖြစ်ပါတယ်။ဒါကြောင့်လဲယေရှုခရစ်လူ့ဇာတိခံနေတဲ့အတောတွင်းမှာခမည်းတော်ကိုသူ့ထက်ကြီးမြတ်ကြောင်းသူမြင်ပေးပြီးသေတဲ့အထိခမည်းတော်ဘုရားကိုနာခံခဲ့တာပါ။
ချစ်သောညီကိုမောင်နှမတို့၊နာခံတတ်သောစိတ်သဘောဆိုတာလူတကာပြောတိုင်းကိုမှန်မမှန်၊ကောင်းမကောင်းမပိုင်းခြားဘဲအကုန်လိုက်လုပ်ခြင်းကနာခံခြင်းမဟုတ်သလို၊မိမိထက်တော်တဲ့သူမိမိထက်တတ်တဲ့သူ၊အဆင့်မြင့်တဲ့သူလာပြောမှလိုက်လုပ်ခြင်းလဲမဟုတ်ပါဘူး။နာခံခြင်းဆိုတာဘုရားသခင်ရဲ့စကားတော်ကိုအကြွင်းမဲ့လိုက်နာခြင်းပါ၊ဘယ်သူဘာဘဲလာပြောပြောနူတ်ကပတ်တော်နဲ့ကိုက်ညီတာကိုလိုက်လုပ်မယ်၊နူတ်ကပတ်တော်နဲ့ဆန့်ကျင်နေရင်ဘယ်လောက်အဆင့်မြင်သူလာပြောပြောနိုးလို့ငြင်းနိုင်သူမျိုးပါ။“ငါစားတဲ့ဆားကမင်းစားခဲ့တဲ့ထမင်းထက်တောင်များတယ်၊ငါ့ကိုလာမဆုံးမနဲ့”ဆိုတာမျိုးမဟုတ်ဘဲ၊သမ္မာတရားသာမှန်နေရင်မိမိနဲ့တန်းတူညီတူဖြစ်နေပါစေ၊မိမိထက်ငယ်သူဖြစ်ပါစေ၊နာခံတတ်ဖို့လိုပါတယ်။ဒါဟာယေရှုခရစ်ရဲ့စိတ်သဘောထားပါဘဲ။
၃။သနားတတ်သောစိတ်သဘော
ရှင်မဿဲ20:33-34 မှာ“သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါဟု လျှောက်ကြသော်၊ ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့် တို့တော်မူ၏။ ထိုခဏချင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။”ဆိုပါတယ်။
ချစ်သောညီကိုမောင်နှမတို့၊ဒီနေရာမှာပြောတဲ့သနားတတ်တဲ့စိတ်ဆိုတာကိုတော့ထွေထွေထူးထူးရှင်းပြစရာမလိုတော့ဘူးလို့ထင်ပါတယ်၊သခင်ယေရှုခရစ်ရဲ့စိတ်သဘောမှာလူတွေကိုသနားတတ်တဲ့စိတ်ရှိနေတာကျမ်းစာထဲအများကြီးတွေ့ရမှာပါ။လူတွေကိုကူညီတယ်၊ဒုက္ခိတနဲ့ရောဂါသယ်တွေကိုကုသပေးတယ်၊စားစရာမရှိသူကိုကြွေးတယ်စသဖြင့်အများကြီးလုပ်ခဲ့တာတွေ့ရမှာပါ။ယနေ့ကျွန်တော်တို့ထဲမှာအဲဒီယေရှုခရစ်ရဲ့စိတ်သဘောဖြစ်တဲ့သနားတတ်တဲ့စိတ်ထားရှိဖို့လိုပါတယ်ညီအကိုမောင်နှမတို့။မိမိနိုင်ငံ၊ပတ်ဝန်းကျင်နဲ့မိမိဆက်နွယ်နေသူကိုကြည့်လိုက်ပါဘာကူညီနိုင်သလဲကူညီဖို့လုပ်ပါ၊ဒါဟာခရစ်တော်ရဲ့စိတ်သဘောမို့ပါ။
၄။နူးညံ့သိမ်မွေ့သောစိတ်သဘော
ရှင်မဿဲ11:29မှာ ယေရှုက“ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။”ဆိုပါတယ်။
ဒီထဲကပြောတဲ့နူးညံ့သိမ်မွေ့ခြင်းဆိုတာစကားသံပျော့ပျောင်းပြီး၊တိုးတိုးလေးနဲ့ညင်ညင်သာသာလေးပြောဆိုသွားလာတာမျိုးမဟုတ်ပါဘူး၊အားနွဲ့ပြီးဘာမှမတတ်စွမ်းတာမျိုးလဲမဟုတ်ပါဘူး။ကျမ်းစာကပြောတဲ့နူးညံ့သိမ်မွေ့ခြင်းဆိုတာအာဏာတန်ခိုးအပြည့်ရှိပေမယ့်မိမိကိုယ်ကိုထိန်းချုပ်နိုင်သူ၊လုပ်နိုင်တဲ့ခွန်အားအပြည့်ရှိပေမယ့်ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်သူကိုပြောတာပါ။တနည်းအားဖြင့်မိမိစိတ်ကိုထိန်းချုပ်တတ်သူဟာနူးညံ့သိမ်မွေ့တဲ့သူပါဘဲ။ကျွန်တော်တို့မှာဒီခရစ် တော်ရဲ့စိတ်သဘောဖြစ်တဲ့နူးညံ့သိမ်မွေ့တတ်ခြင်းရှိဖို့အမြဲလိုအပ်ပါတယ်။
၅။ချစ်တတ်တဲ့စိတ်သဘော
ရှင်ယောဟန်3:16 မှာ“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”တဲ့။
ဘုရားသခင်ဟာလူတွေကိုဘယ်လောက်ချစ်ကြောင်းယေရှုခရစ်တော်ရဲ့အသေခံကယ်တင်ပေးသွားခြင်းအားဖြင့်သက်သေထူခဲ့ပါပြီ။ဒီလိုအသက်ပေးလောက်တဲ့အထိချစ်စရာမကောင်းတဲ့လူတွေကိုချစ်တဲ့စိတ်သဘောဟာယနေ့ယုံကြည်သူသားသမီးအထဲမှာလဲရှိဖို့ကျမ်းစာကသွန်သင်ထားပါတယ်။ချစ်စရာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ၊မိတ်ဆွေဖြစ်စေ၊ရန်သူဖြစ်စေ၊သိသူဖြစ်စေမသိသူဖြစ်စေ၊လူတွေကိုချစ်တတ်တဲ့စိတ်သဘောဟာယေရှုခရစ်ရဲ့စိတ်သဘောမို့သင်နဲ့ကျွန်တော်တို့အထဲမှာလဲရှိနေဖို့လိုပါတယ်။
၆။ခွင့်လွတ်ပေးသောစိတ်သဘော
ရှင်လုကာ23:34မှာ“ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ ”ဆိုထားပါတယ်။နောက်ပြီးကောလောသဲဩဝါဒစာ 3:13 မှာ“တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။”တဲ့။
ချစ်သောညီကိုမောင်နှမတို့၊ယေရှုခရစ်ရဲ့ခွင့်လွတ်ခြင်းစိတ်သဘောကရန်သူကို ပေးခဲ့တာပါ။ယနေ့ယုံကြည်သူချင်း တောင်ခွင့်မလွတ်နိုင် သေးတဲ့ကျွန်တော်တို့တွေမှာဒီလိုစိတ်သဘောရှိတတ်ဖို့အများကြီးလိုပါသေးတယ်၊ဒါကြောင့်ငါဆိုတဲ့အတ္တကိုပယ်ပြီးခရစ်တော်ရဲ့ခွင့်လွတ်တတ်တဲ့စိတ်သဘောကိုယူတင်ဝတ်ဆင်ကြပါစို့။
၇။သည်းခံပေးသောစိတ်သဘော
၂ပေ3:9မှာ“လူအချို့တို့သည်၊နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။”ဆိုထားပါတယ်။
ဒီကျမ်းချက်ထဲမှာဘုရားသခင်ရဲ့သည်းခံခြင်းဟာဘယ်လောက်ကြီးမားလဲဆိုရင်အပြစ်စီရင်တဲ့အချိန်ရောက်ရင်တောင်မှလူသားအားလုံးကယ်တင်ခြင်းမရသေးတာကြောင့်မစီရင်သေးဘဲနောင်တရဖို့သည်းခံပေးနေတာပါ။ဒါကြောင့်နေ့တိုင်းကယ်တင်ခြင်းကြားပြီးလက်ခံလာသူရှိနေတာပါ။
ချစ်သောညီကိုမောင်နှမတို့၊သည်းခံခြင်းဆိုတာစိတ်ရှည်ပေးခြင်းနဲ့တဖက်သားကိုအခွင့်ရေးပေးခြင်းပါ။လုပ်သင့်လုပ်ထိုက်ပေမယ့်အခွင့်ရေးမယူခြင်းဖြစ်တယ်။ဒီလိုအမြဲသည်းခံပေးတတ်တဲ့ယေရှုခရစ်ရဲ့စိတ်သဘောမျိုးဟာ၊ယနေ့ယုံကြည်သူတွေအထဲမှာရှိတတ်ဖို့လိုကြောင်းကျမ်းစာကသွန်သင်ထားပါတယ်။
နိဂုံး
ယနေ့ ဝေငှသွားတဲ့ယေရှုခရစ်၌ရှိသောစိတ်သဘောခုနှစ်မျိုးကတော့
၁။နှိမ့်ချတတ်သောစိတ်သဘော
၂။နာခံတတ်သောစိတ်သဘော
၃။သနားတတ်သောစိတ်သဘော
၄။နူးညံ့သိမ်မွေ့သောစိတ်သဘော
၅။ချစ်တတ်တဲ့စိတ်သဘော
၆။ခွင့်လွတ်ပေးသောစိတ်သဘော
၇။သည်းခံပေးသောစိတ်သဘောတွေဘဲဖြစ်ပါတယ်။
ဒီစိတ်သဘောတွေကိုကျွန်တော်တို့အထဲမှာရှိစေပါလို့နူတ်ကပတ်တော်ကမိန့်မှာထားပါတယ်။ယနေ့ချစ်သောညီကိုမောင်နှမတို့၊ဒီလိုသဘောမျိုးသင်ရှိနေပြီလား?မရှိသေးရင်တော့ငါဆိုတဲ့ဇာတိမသေသေးတာပါ။ငါဆိုတဲ့ဇာတိသဘောကိုယေရှုနဲ့အတူအမြဲလက်ဝါးကပ်တိုင်မှာရိုက်ထားပြီး၊ယေရှုခရစ်တော်ရဲ့ဒီစိတ်သဘောခုနှစ်မျိုးကိုယူတင်ဝတ်ဆောင်ကြပါစို့လို့ခွန်အားပေးရင်းနိဂုံးချုပ်လိုက်ပါတယ်။ဖတ်ရှုသူအယောက်ဆီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။