အခက်ခဲပြဿနာထဲကဘုရားစကား(၇)ခွန်း
နိဒါန်း
ခရစ်တော်၌ငြိမ်သက်ခြင်းရှိပါစေ။ခုတလောကိုဗစ်၁၉ကြောင့်စီးပွားရေးကျပ်တည်းတဲ့အခက်ခဲ၊လူမှုရေးမှာစိမ်းကားလာတဲ့အခက်ခဲ၊ကျန်းမာရေးကိုအထူးဂရုစိုက်နေရတဲ့အခက်ခဲ၊ဘာသာရေးမှာဘုရားကျောင်းတွေပိတ်ထားရလို့အသင်းတော်လည်ပတ်မှုအဆင်မပြေတဲ့အခက်ခဲ၊နောက်ပြီးကိုယ်စီမတူညီတဲ့ပြဿနာအခက်ခဲတွေအများကြီးပါ။ဒီထဲမှာကျွန်တော်တို့ယုံကြည်သူဘုရားသားသမီးတွေဘုရားသခင်ကိုမေးခွန်းတွေအများကြီးမေးလာတတ်ကြပါပြီ၊ဘာကြောင့်လဲပေါ့?ဆိုတော့ဒီအရာကိုအဖြေရဖို့ကျမ်းစာထဲကဘုရားစကားအချက်(၇)ချက်နဲ့ဒီနေ့ခွန်အားပေးသွားမှာဖြစ်ပါမယ်။
၁။ဘုရားသင့်နဲ့အတူရှိနေတယ်။
(အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ဆာလံ 23:4 )
တရုတ်ဆိုရိုးစကားတခုရှိပါတယ်“ 家家都有难念的一本经”မိသားစုတိုင်းမှာဖတ်ရခက်ခဲတဲ့စာအုပ်ကိုယ်စီရှိကြပါသတဲ့။အဓိပ္ပာယ်ကလူတိုင်းလူတိုင်းမှာမတူညီကြတဲ့အခက်ခဲပြဿနာကိုယ်စီရှိနေကြကြောင်းပါ။ကြုံတွေ့နေရတဲ့အခက်ခဲပြဿနာသာအနည်းနဲ့အများကွာသွားမှာပါလူတိုင်း တော့အခက်ခဲကိုယ်စီရှိနေကြတာပါဘဲ။ဒါပေမယ့်ယုံကြည်သူဘုရားသားသမီးတွေမှာမတူညီတာလေးကဘုရားကတိတော်ရှိနေတာပါဘဲ။သေမင်းရဲ့ဘေးအန္တရာယ်ထိတောင်ကြုံနေရပေမယ့်လည်းမကြောက်ပါနှင့်တဲ့၊ဘာကြောင့်လဲဆိုတော့သင်ကိုးကွယ်တဲ့ဘုရားသခင်ဟာယနေ့သင့်နဲ့အတူအမြဲရှိနေတယ်ဆိုတာသတိယပါ။ဟာလေလုယာ။ဘုရားသခင်ဟာသိုးထိန်းသူတွေလိုသူတို့ကိုင်တဲ့လှံတံတော်(ရန်သူကိုကာကွယ်ပေးခြင်း)၊တောင်ဝေးတော်(ဘေးဘေးအန္တရာယ်ကျရောက်ချိန်ကယ်တင်ပေးခြင်း)နဲ့သူ့သားသမီးတွေကိုအမြဲကြည့်ရှုကာကွယ်နေတာယုံကြည်ပါ။ဘုရားအလို တော်ရှိတဲ့အခက်ခဲဟာသင့်ကိုရင့်ကျက်သန်မာစေဖို့နဲ့ဘုန်းတော်ထင်ရှားစေဖို့ဖြစ်ပါတယ်။အာမင်။
၂။ယေရှုကြောင့်ညှင်းဆဲခံရတာမင်္ဂလာတပါးပါ။
(ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ရှင်မဿဲ5:11) (အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည်နည်းတူ၊ ခရစ်တော်၏ ကျေးဇူးအားဖြင့် ငါတို့ခံရသော သက်သာခြင်းသည်အလွန်များပြား၏။၂ကော1:5 )
ခရစ်ယာန်ယုံကြည်သူတွေမှာသတိမထားမိတဲ့အ ရေးကြီးအရာအများကြီးထဲကတခုပြောရရင်ခရစ်တော်ကြောင့်ညှင်းဆဲခံရတာကိုမင်္ဂလာလို့မခံယူဘဲစိတ်တိုပြီးပြန်ဆဲနေကြတာပါဘဲ။ချစ်သောညီကိုမောင်နှမတို့၊ကျမ်းစာထဲမှာယေရှုခရစ်ကိုယ်တိုင်ရှင်းရှင်းလေးပြောထားတာသတိရပါ၊ယေရှုခရစ်ကြောင့်ယနေ့သင်အဆဲခံနေရပြီလား?လှောင်ပြောင်ကဲ့ရဲ့ခံနေရပြီလား?အဲလိုဖြစ်နေရင်ကျေးဇူးတော်ချီးမွမ်းလိုက်ပါ၊ဒါဟာတောင်ပေါ်မင်္ဂလာ၈ပါးထဲကယေရှုခရစ်ဟောခဲ့တဲ့နောက်ဆုံးမင်္ဂလာတပါးမို့ပါ။သူများတကာတွေယေရှုခရစ်ကြောင့်သင့်ကိုဆဲဆိုကဲ့ရဲ့လာတာသင့်ဖက်ကပြန်ဆဲဖို့မဟုတ်သလိုဂလဲ့စားချေဖို့လည်းမဟုတ်ဘူး၊တဖက်သားကိုကောင်းကြီးပေးကျေးဇူးတင်လိုက်ပါ။ဘုရားဆီအပ်နှံလိုက်ပါ၊ဘုရားစီရင်သွားပါလိမ့်မယ်။သင့်အနေနဲ့ဒီလိုလုပ်ခြင်းအားဖြင့်မင်္ဂလာရှိသောသူ၊သာ၍ ကျေးဇူးတော်ခံရသောသူဖြစ်လာပါလိမ့်မယ်၊အာမင်။(ဒါပေမယ့်ချွင်းချက်အနေနဲ့ခရစ်တော်ကြောင့်ခံရတဲ့အရာကိုဆိုလိုတာပါ၊မိမိအမှားကြောင့်အပြစ်ပေးခံရတာကိုခရစ်တော်ကြောင့်လို့တော့နာမည်မခံသင့်ပါ။ယုံကြည်သူတွေမိမိအမှားကြောင့်ညှင်းဆဲအပြစ်ပေးခံရရင်နောင်တရဖို့နဲ့အပြစ်ဝန်ချဖို့ဘဲလိုပါတယ်။)
၃။သင့်ကောင်းကျိုးဖြစ်စေဖို့ပါ။
(ဘုရားသခင်ကိုကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ရောမဩဝါဒစာ 8:28 )
ဒီကျမ်းချက်ကအခက်ခဲပြဿနာကြုံတွေ့သူတိုင်းအလွတ်ကျက်ထားသင့်တဲ့ကျမ်းချက်ပါ။အဓိပ္ပာယ်ကဘာလဲဆိုတော့ယုံကြည်သူဘုရားသားသမီးတွေဘဝအသက်တာမှာအကောင်းအဆိုးဘာဘဲကြုံကြုံ၊ကြုံလာတဲ့အရာအားလုံးဟာဘုရားသားသမီးတွေရဲ့အကျိုးအတွက်ဖြစ်ပါတယ်ဆိုတာပါ။ဟာလေလုယာ။တနည်းအားဖြင့်ဘုရားသားသမီးတွေရဲ့အသက်တာထဲမှာဘုရားအလိုတော်မရှိဘဲဆံပင်လေးတပင်တောင်ကျပိုင်ခွင့်မရှိပါဘူး။ဟာလေလုယာ၊ဒါကြောင့်ကြုံတွေ့နေရတဲ့အခက်ခဲပြဿနာကိုအဆိုးမြင်ဝါဒီနဲ့ဘုရားကိုမေးခွန်းထုတ်နေတာထက်၊ဒီအရာတွေဟာဘုရားခွင့်ပြုလို့ငါ့အသက်တာထဲရောက်လာတယ်လို့ခံယူပြီးအသက်ရှင်ပါ။လူတွေကြံစည်လို့မမှီနိုင်တဲ့ငြိမ်သက်ခြင်းခံစားရပါလိမ့်မည်။အာမင်။(ချွင်းချက်အနေနဲ့မိမိတမင်တကာအပြစ်လုပ်ပြီးဖြစ်လာတဲ့ပြဿနာကတော့ဘုရားအလို တော်မဟုတ်ပါ။)
၄။သူတပါးကိုသက်သေခံစေဖို့ပါ။
(ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။၂ကော 1:4 )
ယုံကြည်သူဘုရားသားသမီးအနေနဲ့ဒုက္ခပြဿနာတွေကြုံတွေ့ရတဲ့အခါ၊ဘုရားသခင်နဲ့ပိုနီးပြီးသင်ခန်းစာတွေတပွေ့တပိုက်ရလာခဲ့ကြတာအများကြီးပါ။ဆိုလိုတာကအခက်ခဲပြဿနာထဲမှာဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုပိုမြင်တတ်လာစေတာဖြစ်တယ်၊အခက်ခဲပြေလည်သွားတဲ့အခါမှ၊အော် ဘုရားသခင်ကျေးဇူးတော်ပါလားလို့ပြန်လည်သက်သေခံလာကြတဲ့ယုံကြည်သူတွေအများကြီးရှိခဲ့ပါတယ်။ဒါကြောင့်ယနေ့သင်ကြုံတွေ့နေတဲ့အခက်ခံပြဿနာသည်သင့်အတွက်သက်သေခံစရာ၊ဘုန်းတော်ထင်ရှားစရာဖြစ်လာနိုင်ပါတယ်၊ဒါမှကိုယ့်အနီးနားကလူတွေအလားတူပြဿနာကြုံတွေ့လာရင်သက်သေခံပြီးခွန်အားပေးနိုင်မှာပါ။အာမင်။
၅။သီးခံခြင်းကိုပြုစုတတ်ဖို့ပါ။
(သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ရှင်ယာကုပ်1:2-3 ၊ရောမဩဝါဒစာ5:3 )
ဒီကျမ်းချက်ထဲမှာပြောထားတဲ့အရာကသာမန်အခက်ခဲပြဿနာမျိုးမဟုတ်ဘဲကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်တဲ့အခက်ခဲ၊တနည်းအားဖြင့်စုံစမ်းစစ် ကြောခြင်းပေါ့။ချစ်သောညီကိုမောင်နှမတို့၊ဘုရားသခင်ကမယုံကြည်သူနဲ့အခြားသူတွေကိုအသုံးပြုပြီးယနေ့သင့်ယုံကြည်ခြင်းကိုစစ်ကြောနိုင်ပါတယ်၊အဓိကကတော့ဒီစစ်ကြောခြင်းအားဖြင့်သင်သီးခံနိုင်စွမ်းရှိလာဖို့ပါ။ဒါကြောင့်ယုံကြည်ကိုးကွယ်မှုဆိုင်ရာပြဿနာကြုံလာရင်ပြန်တုန့်ပြန်တာမျိုးမဟုတ်ဘဲ၊သီးခံခြင်းကိုသင်ယူဖို့မမေ့ပါနဲ့။
၆။လောကကိုအောင်နိုင်စေဖို့ပါ။
(သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ရှင်ယောဟန် 16:33 )
ယုံကြည်သူဘုရားသားသမီးတွေယနေ့အထူးသတိပြုရမှာကခရစ်တော်ရဲ့စကားထဲမှာသူ့ကိုယုံကြည်ရင်မုချအဆင်ပြေချောမွေ့မယ်လို့လုံးဝမပြောခဲ့ဘူးဆိုတာပါဘဲ။ဒါပေမယ့်ဒီနေ့များစွာသောတရားဟောဆရာတွေဟာယုံကြည်သူမှန်ရင်ကျန်းမာရမယ်၊ချမ်းသာရမယ်၊ရောဂါမကူးဘူး၊အခက်ခဲမရှိဘူးလို့ဟောလာနေကြပါပြီ။ဒါကိုယုံကြည်သူအများကြီးနှစ်သက်ကြလို့ဒီနောက်လိုက်နေကြပါပြီ။ချစ်သောညီကိုမောင်နှမတို့၊
ယေရှုခရစ်ထဲမှာကျန်းမာခြင်းချမ်းသာခြင်းနဲ့အဆင်ပြေချောမွေ့ခြင်းမရှိတာမဟုတ်ပါဘူး၊ရှိပါတယ်၊ဒါပေမယ့်မုချအဲလိုလုပ်ပေးမယ်လို့မပြောခဲ့ပါဘူး၊ဘာကြောင့်လဲဆိုတော့ယေရှုခရစ်ကခေတ္တအရာထက်ထာဝရအရာကိုစွဲလမ်းစေချင်လို့ပါ။ယေရှုခရစ်ပြောခဲ့တာကိုကြုံဖူးရင်သင်နားလည်လာပါလိမ့်မယ်“သင်တို့သည် လောက၌ဆင်းရဲဒုက္ခကြုံရလိမ့်မယ်”တဲ့။သေချာစဉ်းစားပြီးချင့်ချိန်ပါညီကိုမောင်နှမတို့။ယေရှုစကားယုံမှာလား?တရားဟောဆရာစကားယုံမှာလား?ယေရှုစကားကိုသာအကြွင်းမဲ့ယုံကြည်ပါ။လောကမှာဆင်းရဲဒုက္ခကြုံရမယ်၊ဒါပေမယ့်မစိုးရိမ်ကြနှင့်၊ယေရှုဟာလောကကိုအောင်ပြီဖြစ်လို့ယုံကြည်သူတွေလဲယေရှုခရစ်အားဖြင့်လောကကိုအောင်မြင်ရမည်၊ဟာလေလုယာ။ဆင်းရဲဒုက္ခကို အောင်မြင်သွားပြီဆိုတာအဆင်ပြေချောမွေ့ပြီးချမ်းသာသွားတာမျိုးတော့မဟုတ်ပါဘူး၊ရှင်ပေါလုလိုဆင်းရဲခြင်းချမ်းသာခြင်းနဲ့အဆင်ပြေခြင်းမပြေခြင်းကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာသိသွားတာပါ။အာမင်။
(ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။- ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။-ဖိလိပ္ပိ4:12-13 )
၇။ထာဝရအရာကိုအဓိကထားစေဖို့ပါ။
(အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။၂ကော 4:17 ၊ရောမဩဝါဒစာ8:18 )
နောက်ဆုံးကျမ်းချက်တချက်က၊ယနေ့ယုံကြည်သူသားသမီးတွေကိုဘုရားသခင်နှစ်သိမ့်ပေးနေတာဖြစ်ပါတယ်။သင်ယခုကြုံတွေ့နေရတဲ့အခက်ခဲပြဿနာဘယ်လောက်ကြီးပါစေ၊ကျော်လွန်သွားပါလိမ့်မယ်၊ဒါတွေဟာခေတ္တပါ။ဒီအရာတွေမှာသစ္စာရှိရှိယုံကြည်ခြင်းခိုင်မာတည်ကြည်ခဲ့ရင်ထာဝရဘုန်းအသရေအတွက်အကျိုးဖြစ်လာပါလိမ့်မယ်။ဒါကြောင့်ခေတ္တဘဝမှာအခက်ခဲပြဿနာကြုံတွေ့တိုင်းထာဝရဘုန်းအသရေခံစားရမှာကိုမျှော်ကြည့်ပါ။လောကမှာအိုခြင်း၊နာခြင်း၊သေခြင်းကိူလူတိုင်းကြုံတွေ့ရမှာပါ။မတူညီတာငယေရှုခရစ်ကိုယုံကြည်တဲ့ဘုရားသားသမီးတွေဟာနိစ္စထာဝဘုန်းအသရေကိုရရှိမှာဖြစ်ကြောင်းအမြဲခွန်အားယူပါ။
နိဂုံး
ဒီနေ့ဟောသွားတာက
အခက်ခဲပြသနာကြားမှာသင့်အတွက်ဘုရားစကားဘဲဖြစ်ပါတယ်။
အခက်ခဲပြသနာကြားထဲမှာ
၁။ဘုရားသခင်သင့်နဲ့အတူရှိကြောင်း
၂။ယေရှုခရစ်ကြောင့်ညှင်းဆဲခံရတာမင်္ဂလာဖြစ်ကြောင်း
၃။အခက်ခဲဟာသင့်ကောင်းကျိုးအတွက်ဖြစ်တည်လာမှာဖြသ်ကြောင်း
၄။အခက်ခဲကြောင့်ဘုရားရဲ့သက်သေဖြစ်လာနိုင်ကြောင်း
၅။အခက်ခဲပြဿနာဟာသီးခံတတ်စေဖို့ဖြစ်ကြောင်း
၆။လောကကိုအောင်နိုင်ဖို့ဖြစ်ကြောင်း
၇။နိစ္စထာဝရအရာကိုအလေးထားတတ်လာစေဖို့ဖြစ်ကြောင်းခွန်အားယူခဲ့ကြတာဖြစ်ပါတယ်။
ယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
May God bless you sir.☺️☺️