လူ့အထင်နဲ့ဘုရားအကြံအစည်
ပင်လယ်ကြီးထဲယုံကြည်သူတဦးငါးဖမ်းသင်္ဘောပျက်ပြီးရေနှစ်သွားပါသည်။ကမ်းစပ်ကျွန်းငယ်တခုနဲ့နီးတဲ့အတွက်ရေကူးလာလို့အသက်ရှင်ခွင့်ရခဲ့ပါသည်။ဘေးပတ်ဝန်းကျင်ကိုကြည့်တော့လူသူမရှိ၊ပင်လယ်ကိုကြည့်တော့အဆုံးမရှိ။
မိုးချုပ်ပြီမို့၊လိုင်းတံဘိုးရိုက်ခတ်လာတဲ့ပျဉ်ပြားတွေကောက်ပြီးတဲလေးဆောက်လုပ်ရပါတော့သည်၊အဆင်ပြေတာစားပြီးအသက်ဆက်ရင်းနေ့တိုင်းကယ်တင်ခံရဖို့ဘုရားဆီဆုတောင်းနေမိပါသည်။
တနေ့မနက်မှာ…
မီးမွေးရင်းမတော်တစမှုနဲ့သူဆောက်ထားတဲ့တဲလေးပါမီးလောင်ပြာကျသွားခဲ့ရပါသည်။
ဒုက္ခထဲမှအခက်ခဲကြုံလာတာမို့ငိုမိပါတော့သည်၊ငိုရင်းဘုရားသခင်ကိုလည်းအပြစ်တင်မိပါသည်။
“ဒုက္ခရောက်လို့ဘုရားကိုဆုတောင်းပါတယ်ဆိုမှ၊ရှိတာလေးတွေအကုန်မီးထဲပါသွားပြီကိုယ်တော်ရယ်၊ရက်စက်လိုက်တာ”ဟုပင်။
ငိုနေတုန်းအသံတခုကြားလိုက်တာမို့ခေါင်းမော့ကြည့်လိုက်သည်။အဝေးတနေရာကနေသင်္ဘောကြီးတစီးသူ့ဆီမောင်းလာနေတာတွေ့မိပါတော့သည်။အော်ဟစ်လက်ပြရင်းသူကယ်တင်ခြင်းခံရလိုက်ပါတော့သည်။
သင်္ဘောကြီးပေါ်ရောက်လို့အနားယူရင်း ကျေးဇူးတင်စကားသွားပြောတဲ့အခါ၊ခေါင်းဆောင်တဦးက
“အေးဗျာ၊ဒီကျွန်းငယ်လေးမှာလူရှိနေမှန်းကျနော်မယုံရဲဘူး၊ခင်ဗျားမီးရှို့အချက်ပြမှကျနော်တို့သိတာပါ၊မဟုတ်ရင်ကျော်သွားပြီ”။
ဤစကားကိုကြားလိုက်တဲ့အခါမှာတော့၊ယုံကြည်သူမှာ နောင်တမျက်ရည်နှင့်ချက်ချင်းဒူးထောက်ပြီးဘုရားသခင်ကိုဝန်ချတောင်းပန်ကျေးဇူးတင်နေမိပါတော့သည်။
မှန်ပါသည်၊ဒီမနက်သူ့တဲအိမ်လေးမီးမလောင်သွားခဲ့လျှင်မီးခိုးကြီးမရှိ၊မီးခိုးမတက်လျှင်သင်္ဘောကြီးကလူသိမည်မဟုတ်၊သူလည်းကယ်တင်ခံရမည်မဟုတ်တော့ပေ။
ချစ်သောမိတ်ဆွေ
တခါတလေမှာကျနော်တို့ရဲ့ဆုတောင်းသံလည်းအလားတူပင်။ဒုက္ခရောက်နေလို့ဆုတောင်းမိပါတယ်၊ပိုဆိုးလာသလိုလိုကြုံနေရကြပြီမဟုတ်လား?ဒါပေမယ့်အပြစ်တင်မစောပါနဲ့၊သင်ထင်ထားတဲ့ဒုက္ခအခက်ခဲဟာဘုရားရဲ့မဟာအကြံစည်ဖြစ်လာနိုင်ပါတယ်။မကြာတော့ပါ၊အောင်မြင်ခြင်းရောင်နီကိုဘုရားမြင်စေပါလိမ့်မည်။သင့်အခြေနေဆိုးကိုဘုရားကယ်တင်ပေးပါလိမ့်မည်၊အာမင်။
(ဟေရှာ၅၅:၈-၉ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။)