မိမိကိုယ်ကိုသတ်သေရင်ငရဲကျမယ်ဆိုသူတွေဆင်ခြင်ရမဲ့မေးခွန်း(၇)ခု
၁။စစ်မှန်တဲ့ယုံကြည်သူကလိမ်ညာအားနည်းမိတတ်ပါသလား?အကယ်၍လိမ်ညာနေရင်းနောင်တရဖို့အခွင့်မရဘဲသေသွားရင်ငရဲကျပါသလား?ကျမ်းစာဖြင့်ဆင်ခြင်ကြည့်ပါ။
၂။လိမ်ညာခြင်းအပြစ်နဲ့မိမိကိုယ်အဆုံးစီရင်ခြင်းအပြစ်ကတူပါသလား?ကယ်တင်ခြင်းမှာအပြစ်အသေးအကြီးခွဲပါသလား?ကျမ်းစာဖြင့်ဆင်ခြင်ကြည့်ပါ။
၃။လိမ်ညာခြင်းအပြစ်နဲ့မိမိကိုယ်အဆုံးစီရင်ခြင်းအပြစ်ကခွင့်မလွတ်နိုင်တဲ့အပြစ်တွေလား?သို့မဟုတ်လိမ်ညာခြင်းအပြစ်ကဘုရားခွင့်လွတ်နိုင်ပြီး၊အဆုံးစီရင်ခြင်းအပြစ်ကဘုရားခွင့်မလွတ်နိုင်တဲ့အပြစ်ပါလို့ကျမ်းစာထဲဖော်ပြပါသလား?
၄။အဆုံးစီရင်သွားတဲ့ရှံဆုန်ကဘာလို့ယုံကြည်ခြင်းသူရဲကောင်းစာရင်းဝင်နေတာလဲ?ရှံဆုန်ကအဆုံးစီရင်သွားတာမဟုတ်ဘူးဆိုရင်ဖြေရှင်းချက်ထုတ်ကြည့်ပါ။ကယ်တင်ခြင်းကဓမ္မဟောင်းတမျိုး-ဓမ္မသစ်တမျိုးလား?
၅။မိမိကိုယ်ကိုယ်သတ်သေခြင်းမသတ်သေခြင်းက-ကယ်တင်ခြင်းရခြင်းမရခြင်းကိုဆုံးဖြတ်ပေးနိုင်ရင်မသတ်သေတဲ့သူတွေအားလုံးကကယ်တင်ခြင်းရမှာလားဆင်ခြင်ကြည့်ပါ။
၆။ဆေးလိပ်-အရက်-ကွမ်းယာမှအစ၊မူးယစ်ဆေးဝါးသုံးစွဲနေသူတွေဟာရောဂါရပြီး(သေမယ်)ဆိုတာသိသိကြီးနဲ့ဆက်သောက်စားနေခြင်းဟာမိမိကိုယ်ကိုသတ်နေတာဘဲမဟုတ်ဘူးလား?ဒါဆိုဆေးလိပ်အရက်ကွမ်းယာသောက်စား နေတဲ့ယုံကြည်သူတွေငရဲကျမယ်ပြောလို့ရပါသလား?
၇။၁ကော၃:၁၆-၁၇မိမိခန္ဓာကိုဖျက်စီးသူတွေ(မိမိကိုယ်ကိုသတ်သေ)ငရဲကျမယ်လို့ခံယူရင်၊ခန္ဓာကိုယ်မှာတက်တူးထိုးတဲ့သူတွေအကုန်ငရဲကျမှာလား?ဝိညာဉ်တော်ကျိန်းဝပ်တဲ့မိမိခန္ဓာကိုဖျက်စီးလို့လေ?ကျမ်းစာနဲ့စဉ်ဆင်ကြည့်ပါ။
ဒါတွေကတန်ပြန်စဉ်းစားစရာတွေဖြစ်ပေါ်စေမဲ့မေးခွန်းတွေဖြစ်ပါတယ်။ဒါကြောင့်
ကျနော်ခံယူနားလည်ထားတာက…
၁။စစ်မှန်တဲ့ယုံကြည်သူလဲလိမ်ညာမိတတ်ပါတယ်၊အားနည်းပြီးလိမ်ညာနေရင်းမထင်မှတ်ဘဲသေသွားရင်လဲကယ်တင်ခြင်းမရှုံးပါ။
၂။လိမ်ညာခြင်းနဲ့အဆုံးစီရင်ခြင်းအပြစ်က-ကယ်တင်ခြင်းပိုင်းမှာအတူတူပင်၊ကယ်တင်ခြင်းမှာအပြစ်အသေးအကြီးမရှိပါ၊အသက်တာပိုင်းမှာတော့အပြစ်အသေးအကြီးခွဲနိုင်ပါသည်။
၃။ကျမ်းစာအရဘုရားခွင့်မလွတ်နိုင်တဲ့အပြစ်တခုသာရှိပါသည်-ဝိညာဉ်တော်ကိုပြစ်မှားခြင်း(မယုံကြည်ခြင်း)ပါ။ဒါကြောင့်လိမ်ညာခြင်းကောမိမိကိုယ်အဆုံးစီရင်ခြင်းကောဘုရားခွင့်မလွတ်နိုင်စရာမရှိပါ။ဒီလိုပြောလို့လိမ်ညာလို့ရပြီ၊အဆုံးစီရင်လို့ရပြီလို့မဆိုလိုပါ၊အမှတ်မထင်အားနည်းပြီးပြုမိခြင်းကိုဆိုလိုပါသည်။
၄။ရှံဆုန်ကမိမိကိုယ်အဆုံးစီရင်သွားပေမဲ့ကယ်တင်ခြင်းရခဲ့သူပါ၊သူ့အဆုံးစီရင်ခြင်းကအများအတွက်ပေးဆပ်ခြင်းမျိုးလည်းဟုတ်လို့ပါ။ကယ်တင်ခြင်းပိုင်းမှာဓမ္မဟောင်း/သစ် အတူတူပင်-ယုံကြည်မှသာကယ်တင်ခြင်းရခြင်းဖြစ်သည်။မိမိလုပ်ရပ်ကြောင့်ရတာမဟုတ်ရပါ။
၅။မိမိကိုယ်ကိုသတ်သေခြင်းမသတ်သေခြင်းကကယ်တင်ခြင်းကိုအဆုံးဖြတ်မပေးနိုင်ပါ။ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ခြင်း/မယုံကြည်ခြင်းကသာကယ်တင်ခြင်းရခြင်းမရခြင်းကိုဆုံးဖြတ်ပေးတာပါ။
၆။မူးယစ်ဆေးဝါးသောက်စားခြင်းဟာကယ်တင်ခြင်းနဲ့တိုက်ရိုက်မသက်ဆိုင်ပါ။ကျမ်းမာရေး-အသက်တာတိုခြင်း-အသက်တာသန့်ရှင်းခြင်းနဲ့သာဆိုင်ပါသည်။သတိပြုရမှာကကယ်တင်ခြင်းရသူတဦးသည်မူးယစ်ဆေးဝါးကိုမုန်းတတ်လာပါမည်၊သို့ပေမဲ့ အားနည်းစိတ်ညစ်ပြီးသောက်စားမူးယစ်မိနိုင်ပါသည်။အဲဒီလိုမူးယစ် နေတုန်းရောဂါနဲ့သေခဲ့ရင်တောင်စစ်မှန်တဲ့ယုံကြည်သူဖြစ်ခဲ့ရင်ကယ်တင်ခြင်းမရှုံးပါ။
၇။တက်းတူးထိုးခြင်းကယုံကြည်သူမလုပ်သင့်တဲ့အရာတခုပါ။ဒါပေမဲ့ဒီတက်တူးထိုးခြင်းမထိုးခြင်းကကယ်တင်ခြင်းကိုအဆုံးဖြတ်မပေးနိုင်ပါဘူး။မဟုတ်ရင်တက်တူးထိုးထားတဲ့တရားဟောဆရာတွေအကုန်ငရဲကျရပါလိမ့်မယ်။အမှန်ကနောင်တရရင်ဘုရားခွင့်လွတ်နိုင်ပါတယ်။၁ကော၃:၁၆-၁၇က ဝိညာဉ်တော်ကျိန်းဝပ်တဲ့ဗိမာန်ဆိုတာကယ်တင်ခြင်းကိုပြောနေတာမဟုတ်ရပါ။မတရားသောမေထုန်ကိုရှောင်ဖို့၊ခရစ်ယာန်အသက်တာပိုင်းဆိုင်ရာသန့်ရှင်းဖို့ပြောနေတာသတိပြုပါ။
စစ်မှန်တဲ့ယုံကြည်တစ်ယောက်ဟာအဆုံးစီရင်ခြင်းကိုအပြစ်ဖြစ် ကြောင်းနားလည်သဘောပေါက်ထားရပါမည်။စစ်မှန်တဲ့ယုံကြည်သူဟာဒါကိုမလိုလားသူ-မုန်းသူဖြစ်ရပါမည်။ဒါပေမဲ့အသက်တာမှာအားနည်းပြီးမထင်မှတ်ဘဲပြုမိတတ်တာကိုမီးမောင်းထိုးပြချင်တာဖြစ်ပါတယ်။ဒီလိုအားနည်းပြီးပြုမိသွားခဲ့ရင်(နဂိုစစ်မှန်တဲ့ယုံကြည်သူဟုတ်ခဲ့ရင်)ကယ်တင်ခြင်းမရှုံး ကြောင်းအလင်းပေးချင်တာဖြစ်ပါသည်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။