သံလွင်ခက်တနင်္ဂနွေလို့သုံးတာမှားလား?
Palm Sundayကိုတိုက်ရိုက်ဘာသာပြန်ရင်စွန်ပလွံတနင်္ဂနွေလို့သက်ရောက်ပါတယ်။ဒါကိုမြန်မာခရစ်ယာန်တွေမှာဘာလို့သံလွင်ခက်(Olive) လို့သုံးကြတာလဲ?မှားနေတယ်မဟုတ်ဘူးလားလို့မေးသူရှိလို့အနည်းငယ်ရှင်းပြပါမယ်။
အင်္ဂလိပ်လိုPalm ကိုဘာသာပြန်သုံးရင်စွန်ပလွံခက်လို့ပြောမှမှန်ပါတယ်။
ဒါပေမယ့်သတိထားရမှာကကျမ်းစာထဲမှာစွန်ပလွံခက်တနင်္ဂနွေလို့သာခေါ်ရမယ်ဆိုပြီးသတ်မှတ်ထားတာမျိုးမရှိပါဘူး၊လူတွေကသာခရစ်တော်ကိုအမှတ်ရဖို့ကျမ်းစာမှာဖော်ပြတဲ့ဝတ္ထုပစ္စည်းတခုကိုအစွဲပြုပြီးမှည့်ခေါ်ထားတာဖြစ်ပါတယ်။
ဥပမာ- Palm Sunday ကို
အင်္ဂလီကန်တွေက“အောင်ပန်းတနင်္ဂနွေ”လို့သုံးတယ်။Palmနဲ့တိုက်ရိုက်ဘာသာပြန်ရင်ဘာမှမဆိုင်ပါ။
ရိုမန်ကတ်သလစ်တွေက“မေတ္တာပန်းတနင်္ဂနွေ”လို့သုံးတယ်။Palmနဲ့တိုက်ရိုက်ဘာသာပြန်ရင်ဘာမှမဆိုင်ပါ။
မြန်မာပရိုတက်စတင့်အများစုက“သံလွင်ခက်တနင်္ဂနွေ”လို့သုံးကြတယ်။Palmနဲ့တိုက်ရိုက်ဘာသာပြန်ရင်ဘာမှမဆိုင်ပါ။
ကနဦးအသင်းတော်တချို့မှာဆိုရင် ဟောရှဏ္ဏတနင်္ဂနွေ(Hosena day)ဆိုပြီးသုံးခဲ့ကြပါတယ်။Palmနဲ့တိုက်ရိုက်ဘာသာပြန်ရင်ဘာမှမဆိုင်ပါ။
မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်ကထုတ်တဲ့နေ့ထူးနေ့မြတ်များစာအုပ်ထဲမှာလည်းသံလွင်ခက်တနင်္ဂနွေလို့ဘဲသုံးထားပါတယ်။
ဆိုတော့
ကနဦးအသင်းတော်၊အင်္ဂလီကန်၊အာစီ၊ပရိုတက်စတင့်၊နှစ်ခြင်းအသင်းချုပ်…အသီးသီးကဓမ္မပညာရှင်တွေကဒါကိုမသိစရာလား?သူတို့ကအင်္ဂလိပ်လိုမကျွမ်းကျင်ကြလို့လား?
သိပ်သိတာပေါ့၊သိသိကြီးသုံးနေတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်သိရမှာတခုကPalmကိုအခြေပြုပြီးမြန်မာလိုဘာသာပြန်ကြတာမဟုတ်ဘူးဆိုတာပါဘဲ။
ဒါကြောင့်ရှေးဦးမြန်မာခရစ်ယာန်တွေကသံလွင်ခက်တနင်္ဂ နွေကိုအင်္ဂလိပ်ကနေဘာသာပြန်သုံးခဲ့ကြတာမဟုတ်ဘဲ၊(မဿဲ၂၁:၈)အရသစ်ခက်ဘောင်ဝင်နေတာမို့ကျမ်းစာကနေတိုက်ရိုက်ယူသုံးထားတာလို့မြင်ပါတယ်။တခြားဂိုဏ်းဂနတွေလဲအလားတူပါဘဲ။
အမှန်ကသံလွင်ခက်တနင်္ဂနွေကိုမှားတယ်လို့ပြောဆိုသူ တွေရဲ့အဓိကပြဿနာရင်းမြစ်ကPalm Sundayဟာမူရင်းအခေါ်အဝေါ်ပါလို့ခံယူမိလိုက်ခြင်းပါဘဲ။တကယ်တမ်းတော့ဒါတွေဟာလူတွေရဲ့မတူညီတဲ့သတ်မှတ်ခေါ်ဝေါ်မှုတွေသာဖြစ်ပါတယ်။အင်္ဂလိပ်အခေါ်အဝေါ်ကိုစံချိန်ထားကြည့်ရင်မြန်မာကမှားနေမှာဖြစ်ပြီး၊မြန်မာအခေါ်အဝေါ်ကိုစံချိန်ထားရင်အင်္ဂလိပ်အခေါ်အဝေါ်ကမှားနေပါလိမ့်မယ်။အမှန်ကသူ့ဟာနဲ့သူသုံးလို့ရနေတဲ့သဘောပါ။
ဥပမာ-ခရစ္စမတ်ဆိုတဲ့အင်္ဂလိပ်စကားသည်ခရစ်တော်မွေးဖွားခြင်းလို့အဓိပ္ပာယ်မသက်ရောက်သလို၊အီစတာဆိုတဲ့စကားလုံးကလဲရှင်ပြန်ထမြောက်ခြင်းလို့မသက်ရောက်ပါဘူး၊ဒါပေမယ့်ခရစ်တော်မွေးဖွားခြင်း(Christmas)လို့တွဲသုံးနေကြတာယနေ့တိုင်အောင်ပါဘဲ။ဒါတွေကပြဿနာမရှိပါ။
ကုန်ကုန်ပြောရရင်အခေါ်အဝေါ်တွေကသိပ်တော့အရေးမကြီးလှပါဘူး။ကျမ်းစာထဲမှာခရစ်တော်ဂျေရုစလင်ဝင်တဲ့အခါလူတွေကမိမိရဲ့အဝတ်ကိုလဲလမ်းပေါ်ခင်းကြတယ်လို့ ဖော်ပြတဲ့အတွက်”အဝတ်တနင်္ဂနွေ”လို့သုံးချင်ရင်တောင်သုံးလို့ရတဲ့သဘောပါ။မြည်းကလေးစီးခဲ့လို့မြည်းကလေးတနင်္ဂနွေသုံးရင်တောင်ပြဿနာမရှိပါ။
သို့မဟုတ်ငါကတော့စွန်ပလွံဘဲသုံးချင်တယ်ဆိုရင်လဲရသလို၊မေတ္တာပန်းတနင်္ဂနွေ၊အောင်းပန်းတနင်္ဂနွေ၊ ဟောရှဏ္ဏတနင်္ဂနွေ၊သံလွင်ခက်တနင်္ဂနွေ…စသဖြင့်မိမိနှစ်သက်သလိုလွတ်လပ်စွာသုံးလို့ရပါတယ်။မြန်မာခရစ်ယာန်အများစုကသံလွင်ခက်တနင်္ဂနွေလို့သာသုံးကြလို့ကျွန်တော်ကိုယ်တိုင်ကသံလွင်ခက်တနင်္ဂနွေလို့သာသုံးပါတယ်။ဒါပေမဲ့တခြားမတူညီတဲ့အသုံးပြုမှုကိုမှားတယ်လို့ကျနော်မပြောပါ၊ပြောလို့လည်းမရပါဘူး။ဒါကြောင့်စွန်ပလွံမှစွန်ပလွံလို့သုံးရမယ်၊စွန်ပလွံလို့မသုံးရင်မှားတယ်လို့အခြားသူကိုမဝေဖန်မပြောသင့်တာပါ။မဟုတ်ရင်အစွန်းရောက်ပါလိမ့်မယ်။ကျမ်းစာထဲပါရင်အဆင်ပြေတာသုံးပါ။ဒါတွေကသာမညတွေမို့ပါ။။ဒီအခေါ်အဝေါ်အားဖြင့်အဓိကအရာဖြစ်တဲ့ယေရှုခရစ်တော်အကြောင်းကိုသတိရပြောဆိုကြဖို့၊ယေရှုကိုဗဟိုပြုဖို့သာလိုပါတယ်။
နှစ်တိုင်းဒီလိုနေ့ရောက်ပြီဆိုရင်အမြဲလာလာမေးနေသူရှိတာမို့တခါထဲဖြေပေးလိုက်ပါတာပါ။သင့်အာရုံကိုနေ့ရက်အခေါ်အဝေါ်ပေါ်မထားပါနဲ့၊ယေရှုခရစ်တော်အပေါ်မှာသာထားပါ။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။