ဖာရိရှဲတို့ရဲ့အမင်္ဂလာ(၈)ပါး
၁။ကောင်းကင်တံခါးလိုက်ပိတ်နေသူ(မဿဲ၂၃:၁၃)
ဖာရိရှဲတွေဟာကျမ်းစာကိုတတ်ကျွမ်းကြပေမဲ့အနက်ဖွင့်ခြင်းနဲ့သွန်သင်တဲ့နေရာမှာခံယူမှုလွဲနေလို့သူတို့ကိုယ်တိုင်ကောင်းကင်မရောက်နိုင်သလို၊လူတွေကိုလဲသူတို့ဩဝါဒမှိုင်းနဲ့ကောင်းကင်ကိုမဝင်နိုင်အောင်ကောင်းကင်တံခါးရှေ့ပိတ်ရပ်ထားပေးတဲ့အနေထားပါ။ယောဟန်ရဲ့ဗတ္တိဇံတရားကိုလက်မခံသလို၊ယေရှုခရစ်တော်ကိုလဲလက်မခံကြပါဘူး၊မိမိကိုယ်တိုင်မလုပ်ဆောင်နိုင်တဲ့ပညတ်တရားနဲ့လူတကာကိုလိုက်ဖိသတ်နေတဲ့သူတွေမို့ယေရှုခရစ်တော်ကသူတို့ကိုအမင်္ဂလာရှိသူလို့ပြောခဲ့တာပါ။ယနေ့ကျွန်တော်တို့ကောခေတ်သစ်ဖာရိရှဲဖြစ်နေပြီလား?ဆင်ခြင်ကြရအောင်။
၂။အပြစ်လုပ်ပြီးဟန်ဆောင်ထားတတ်သူ(မဿဲ၂၃:၁၄)
ဖာရိရှဲတွေဟာသူတို့လုပ်တဲ့အပြစ်တွေပေါ်လွင်မှာစိုးလို့လူတွေရှေ့မှာဆုတောင်းပဌာနာအရှည်ကြီးနဲ့ဆုတောင်းပြပြီး၊ဘုရားတရားဘယ်လောက်ရိုသေကိုင်းရှိုင်းကြောင်းဟန်ဆောင်လုပ်ပြကြတယ်၊ဒါမှလူတွေလဲ”ဒီဆရာတွေတော့ဘုရားကိုဒီလောက်ရိုသေကိုင်းရှိုင်းကြတာမုဆိုးမတွေကိုအနိုင်ကျင့်တဲ့အလုပ်မျိုးတော့လုပ်မှာမဟုတ်ဘူး”လို့ခံယူသွားကြအောင်ပါ။အမှန်တော့ဆုအရှည်ကြီးတောင်းတာဘုရားမကြိုက်တာတော့မဟုတ်ပါဘူး၊ဘုရားမကြိုက်တာကအပြစ်လုပ်ပြီးလူကောင်းလိုဟန်ဆောင်နေတာကိုပါ။မုဆိုးမဆိုတာယုံကြည်သူအတိုင်းဝိုင်းမှာအငယ်ဆုံးသောသူ၊အကူညီလိုနေတဲ့သူတွေပါ၊ဒါကိုဖာရိရှဲတွေကမကူညီတာတင်မကဘဲလုယူသိမ်းစားပြီးမဟုတ်သလိုဟန်ဆောင်နေတာကြောင့်ယေရှုခရစ်တော်ကအမင်္ဂလာရှိပြီလို့ပြောခဲ့တာပါ။ယနေ့ကျွန်တော်တို့ကောခေတ်သစ်ဖာရိရှဲများဖြစ်နေလား?ဆင်ခြင်ကြရအောင်။
၃။ဘာသာဆွယ်ပြီးငရဲနှစ်ဆကျစေသူ(မဿဲ ၂၃:၁၅)
ဖာရိရှဲတွေဟာဂျူးဘာသာထဲကိုလူတွေဝင်လာအောင်ကုန်းလိုင်းရေလိုင်းနည်းအမျိုးမျိုးနဲ့ဆွယ်တတ်ကြပါတယ်၊ဘာသာဝင်လာတဲ့လူတွေကိုပညတ်တရားအကုန်ကျင့်ခိုင်းပြီး၊ကိုယ်လုပ်နိုင်မှကယ်တင်ခြင်းရမယ်ဆိုတဲ့အတွေးအခေါ်ရိုက်သွင်းပေးပါတော့တယ်၊နောက်ဆုံးကိုယ်မလုပ်နိုင်ရင်တောင်လူ့အမြင်မှာအပြင်ပန်းဘယ်လိုကောင်းအောင်ဟန်ဆောင်ရမလဲဆိုတာသင်ပေးတတ်ပါတယ်။ဘာသာထဲကဘဲသွားစေပြီးဘာသာစည်းကမ်းပညတ်ကိုအသေစောင့်စေပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကသူတို့ကိုအမင်္ဂလာရှိတယ်လို့ပြောခဲ့တာပါ။ယနေ့ခေတ်သစ်ဖာရိရှဲတချို့လဲဘာသာဆွယ်ပြီးကျမ်းစာနဲ့မညီတဲ့သွန်သင်ချက်တွေအများကြီးသွန်သင်လာတာမြင်ရကြားရပါပြီ၊အတူတကွဆင်ခြင်အသက်ရှင်ကြပါစို့။
၄။အဓိကနဲ့သာမညမခွဲတတ်သောသူ(မဿဲ၂၃:၁၆-၂၂)
ဗိမာန်တော်ဟာဗိမာန်တော်ထဲကရွှေထက်မြတ်ကြောင်းကိုဖာရိရှဲတွေမခွဲခြားတတ်သလို၊ယဇ်ပူဇော်ခြင်းမှာလဲယဇ်ကောင်ထက်ပူဇော်ခံရတဲ့သူပိုမြတ်ကြောင်းမခွဲခြားတတ်လို့လွဲမှားစွာသွန်သင်ပေးနေကြတာပါ။ဒါကြောင့်ယေရှုခရစ်တော်ကသူတို့ကိုလူကန်းလမ်းပြဆိုပြီးအမင်္ဂလာရှိကြောင်းပြောခဲ့တာပါ။ယနေ့များစွာသောယုံကြည်သူတွေမှာလဲကျန်းမာချမ်းသာခြင်းကိုသာလိုက်စားပြီးဒီကျန်းမာချမ်းသာခြင်းပေးတဲ့ဘုရားကိုဥပေက္ခာပြုထားကြပါပြီ၊ထာဝရကယ်တင်ခြင်းတရားကိုမလိုချင်ကြတော့ဘဲခေတ္တဖြစ်တဲ့ဥစ္စာကြွယ်ဝချမ်းသာခြင်းနောက်လိုက်ပါနေကြပါပြီ။ဒါကြောင့်မိမိကိုယ်တိုင်ခေတ်သစ်ဖာရိရှဲဖြစ်နေပြီလားဆိုတာဆင်ခြင်ကြပါစို့လား။
၅။10/1ထက်သာတဲ့အရာကိုလှပ်ထားသူ(မဿဲ၂၃:၂၃-၂၄)
ဖာရိရှဲတွေဟာအသီးအရွက်ကအစငွေအဆုံးဆယ်ဘို့တဘို့ကိုတိတိကျကျဆောင်ရွှက်ကြပါတယ်၊ဒါဟာမကောင်းတာတော့မဟုတ်ပါဘူး၊မကောင်းတာကဒီဆယ်ဘို့တဘို့ထက်သာတဲ့တရားသဖြင့်စီရင်ခြင်း၊သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းစတဲ့အရာကိုချန်လှပ်ထားကြတာပါဘဲ။အထူးသဖြင့်မိဘကိုကြွေးမွေးဖို့အရေးဆယ်ဘို့တဘို့ထည့်လိုက်လို့ငွေကုန်ပြီဆိုတဲ့ဆင်ခြေပေးတတ်ကြတာပါ။ဒါကြောင့်ယေရှုခရစ်တော်ကသူတို့ကိုဘယ်လိုပြောခဲ့လဲဆိုရင်ဆယ်ဘို့တဘို့ကိုလဲမချန်မလှပ်ဘဲ၊ဒီထက်သာတဲ့တရားခြင်း၊သနားခြင်းနဲ့သစ္စာစောင့်သိခြင်းကိုကျင့်စောင်ဖို့ပြောခဲ့တာပါ။ယနေ့များစွာသောအသင်းတော်မှာလဲဘုရားအလိုတော်ဆောင်ခြင်းကိုဟောဖို့ထက်အလှုငွေထည့်ကြဖို့သာသွန်သင်နေလာကြပါပြီ၊အသင်းသားတချို့လဲအလှူငွေသာအမြောက်အများထည့်ပြီးဘုရားနဲ့ဝေးနေကြပါပြီ၊ခေတ်သစ်ဖာရိရှဲမဖြစ်ရလေအောင်လေးသောအရာကိုပိုဂရုစိုက်တတ်သောသူများဖြစ်ဖို့အတူတကွအသက်ရှင်ကြပါစို့။
၆။အပြင်လှပြီးအတွင်းပုတ်နေသူ((မဿဲ၂၃:၂၅-၂၆)
ဖာရိရှဲတွေဟာအပြင်ပိုင်းဖြစ်တဲ့စင်ကြယ်ခြင်းကိုသာအထူးဂရုစိုက်ကြပြီးအတွင်းစိတ်ထဲမှာတော့လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနဲ့သာပြည့်နေတာပါ။တကယ်တော့လူတယောက်ဟာအပြင်ပန်းစင်ကြယ်ဖို့အရေးမကြီးတာတော့မဟုတ်ပါဘူး၊ဒါပေမဲ့ဒီစင်ကြယ်ခြင်းဟာအပြင်မှာဘဲဖုံးအုပ်ထားတာမဟုတ်ဘဲအတွင်းစင်ကြယ်ခြင်းကနေပေါက်ဖွားလာတာမျိုးဖြစ်သင့်ပါတယ်။ဖာရိရှဲတွေရဲ့စင်ကြယ်ခြင်းဟာအတွင်းကနေလာတာမဟုတ်ဘဲအပြင်ပန်းသာဖြစ်နေလို့ယေရှုခရစ်ကသူတို့ကိုအမင်္ဂလာရှိကြောင်းပြောခဲ့တာပါ။ယနေ့ယုံကြည်သူများကော?အပြင်ပန်းစင်ကြယ်လှပခြင်းကိုဘဲဂရုစိုက်နေလား?ခေတ်သစ်ဖာရိရှဲမဖြစ်အောင်အတွင်းထဲကပေါက်ဖွားလာတဲ့စင်ကြယ်ခြင်းများဖြစ်ကြဖို့လိုအပ်ပါပေတယ်။
၇။ဟန်ဆောင်သန့်ရှင်းနေသူ(မဿဲ၂၃:၂၇-၂၈)
ဒီနေရာမှာပြောတဲ့အပြင်ပန်းသန့်ရှင်းခြင်းကတော့မလိုအပ်တဲ့ဟန်ဆောင်ခြင်းမျိုးပါ၊ဖာရိရှဲတွေဟာလူတွေရှေ့မှာဖြောင့်မတ်ဟန်ဆောင်ပြီး၊ အတွင်းစိတ်မှာတော့လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်နေကြပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကဖာရိရှဲတွေဟာအတွင်းထဲကအပုပ်နံ့တွေအပြင်မရောက်အောင်ထုံးဖြူသုတ်ထားတဲ့သင်္ချိုင်းနဲ့တူကြောင်း၊အတွင်းမှာတော့လူသေလူအရိူးစုအညစ်အကြေးအမျိုးမျိုးရှိနေကြောင်းဥပမာပေးခဲ့ပြီး၊ဒီလိုလူမျိုးဟာအမင်္ဂလာရှိကြောင်းထောက်ပြခဲ့တာပါ။ယနေ့ခေတ်သစ်ဖာရိရှဲမဖြစ်စေဖို့ဟန်ဆောင်မှုမှကင်းလွတ်ကြပါစို့။
၈။ဘုရားလူကိုညှင်းဆဲသတ်ဖြတ်သူ(မဿဲ၂၃:၂၉-၃၆)
ဖာရိရှဲတွေဟာဘိုးဘေးခေတ်ကပရောဖက်နဲ့ဖြောင့်မတ်သူတွေရဲ့သင်္ချုင်းကိုပြုပြင်အမှတ်ရခြင်းအားဖြင့်သူတို့ဟာလဲဘုရားလူကိုလက်ခံကြောင်းနဲ့ဘုရားလူကိုမသတ်ဖြတ်ကြောင်းပြောနေကြပါတယ်၊ဒါပေမဲ့ယေရှုခရစ်တော်ကတော့ဘုရားလူကိုသတ်ဖြတ်ခဲ့တာသူတို့ဘိုးဘေးတွေဖြစ်ကြောင်းနဲ့လက်ရှိဖာရိရှဲတွေဟာလဲဘုရားလူကိုလက်မခံတဲ့အပြင်ဘုရားသားတော်ကိုတောင်ဖမ်းစီးသတ်ဖြတ်မဲ့သူတွေဖြစ်ကြောင်းကြိုတင်ထောက်ပြခဲ့တာပါ။ယနေ့ယုံကြည်သူများလဲခေတ်သစ်ဖာရိရှဲမဖြစ်အောင်ဘုရားလူ(စစ်)ကိုလက်မခံဘဲဝေဖန်ပြစ်တင်ညှင်းဆဲနေခြင်းမှရှောင်ရှားကြပါစို့။