သေခြင်းရဲ့အခြားတဖက်
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်သူတယောက်သေတာနဲ့သူ့ဝိညာဥ်ဟာချက်ချင်းပရာဒိသုဘုံဆိုတဲ့ကောင်းကင်နယ်နမိတ်ကိုရောက်ကြောင်း၊အဲဒီမှာနေပြီးရှင်ပြန်ထမြောက်ဖို့စောင့်နေရကြောင်းကျမ်းစာကအတိအလင်းဖော်ပြထားပါတယ်။
၁။လုကာ၂၃:၄၃မှာသခင်ယေရှုကိုယ်တိုင်ကားတိုင်ပေါ်ကယုံကြည်လာတဲ့လူဆိုးကိုသေတာနဲ့ပရာဒိသုဘုံမှာအတူရှိမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
၂။၂ကော၁၂:၂မှာ ဒီပရာဒိသုဘုံဟာတတိယထပ်ကောင်းကင်ဘုံဘဲဖြစ်ကြောင်းပေါလုမှပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပရာဒိသုဘုံဟာကောင်းကင်နိုင်ငံပါဘဲလို့အကုန်ပြောမရရင်တောင်ပရာဒိသုဘုံဟာကောင်းကင်နိုင်ငံအတွင်းရဲ့ဧည့်ခန်းသဘောမျိုးသက်ရောက်မှာပါ။ခေတ္တစောင့်ခိုင်းတဲ့ နေရာမို့ပါ။
၃။ဖိ၁:၂၃ မှာပေါလုဟာသူဒီဘဝကိုစွန့်ပြီးခရစ်တော်နဲ့အတူနေချင်ကြောင်းထပ်ပြီးပြောခဲ့ပါသေးတယ်။(သေတာနဲ့ချက်ခြင်းခရစ်တော်နဲ့အတူရှိကြောင်းသက်သေပါ)။
ဒါကြောင့်ယုံကြည်သူတွေသေရင်(ခရစ်တော်၌အိပ်ပျော်ရင်)ခန္ဓာကမြေကြီးထဲပုပ်ပျက်သွားပေမယ့်၊ဝိညာဉ်ကတော့ချက်ချင်းကောင်းကင်ဘုံထဲကပရာဒိသုဘုံမှာရောက်ပါတယ်။၁၀၀%စိတ်ချယုံကြည်ထားပါ။နောင်တချိန်ကျရင်အဲဒီဝိညာဉ်ကပြန်လာပြီးရှင်ပြန်ထမြောက်ရပါသေးတယ်၊ပြီးမှကမ္ဘာဦးစယုံကြည်သူနဲ့တကွနောက်ဆုံးသောကာလမှကယ်တင်ခြင်းရတဲ့သူတွေနဲ့အတူတခါထဲကောင်းကင်သစ်မြေကြီးသစ်ထဲဝင်စားကြရမှာပါ။ဟာလေလုယာ။(၁သက်၄:၁၃-၁၈)
မယုံကြည်သူသေရင်တော့သမ္မာကျမ်းစာအရချက်ချင်းမရာဏာ(ပူလောင်တဲ့မှောင်မိုက်ရာ)ကိုရောက်ပါတယ်၊ ယေရှုပြောတဲ့သူဌေးကြီးနဲ့လာဇရုအ ကြောင်းအရမရာဏာဆိုတာနှစ်ပိုင်းရှိပါမယ်၊တပိုင်းကငြိမ်းချမ်းရာနေရာနဲ့၊တပိုင်းကပူလောင်တဲ့မှောင်မိုက်ပါ။ဓမ္မဟောင်းကျမ်းကယုံကြည်သူတွေသေရင်ဒီငြိမ်းချမ်းတဲ့မရဏာကိုသွားရပါတယ်(ကမ္ဘာ37 :35 ၊ကမ္ဘာ42 :38 ၊၁ရာ2 :6 ၊၃ရာ2:6 ၊ယောဘ7 :9 ၊ယောဘ11 :8 ၊ယောဘ14 :13 ၊ယောဘ17 :13 -16)။
ဓမ္မသစ်လုကာ၁၆:၂၂-၂၃ကိုကြည့်ရင်ယေရှုပြောတဲ့သူဌေးနဲ့လာဇရုအကြောင်းမှာသူဌေးကမရဏာမှာပြင်းစွာဝေဒနာခံစားနေရတယ်လို့ဆိုထားပါတယ်။ဒါကြောင့်ကျမ်းစာတအုပ်လုံးချိန်ထိုးလေ့လာရင်မရဏာဟာငြိမ်းချမ်းရာနဲ့ပူလောင်ရာနှစ်ပိုင်းရှိတယ်လို့သိရတာပါ။သတိထားမိစရာကသမ္မာသစ်ကယုံကြည်သူတွေမှာတော့သေရင်မရဏာသွားမယ်လို့မပြောထားတော့ယေရှုရှင်ပြန်ထမြောက်ပြီးနောက်ပရာဒိသုဘုံကိုတန်းရောက်တဲ့သဘောညွန်းထားပါတယ်။
ဒါကြောင့်မယုံကြည်သူတယောက်သေသွားရင်ချက်ချင်းမရာဏာနိုင်ငံရဲ့ပူလောင်တဲ့မှောင်မိုက်မှာစီရင်ဖို့ ခေတ္တနေထားရတာပါ။ကန့်နဲ့လောင်တဲ့ငရဲကိုမရောက်သေးပါဘူး။နောက်ဆုံးရှင်ပြန်ထမြောက်ပြီး၊ကမ္ဘာဦးအစမှ နောက်ဆုံးသောကာလထိကမယုံကြည်သူတွေနဲ့အတူမိမိတို့လုပ်ရပ်အတိုင်းတခါထဲစီရင်ခံရမှာဖြစ်ပြီး၊စာတန်နဲ့အတူကန့်နဲ့ လောင်တဲ့ငရဲမီးထဲချခံရမှာပါ။ဒါမှဒုတိယသေခြင်းပါ။(တမန်၂၄:၁၅၊ဗျာ၂၀:၁၂-၁၅)။