• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သေခြင်းဆိုင်ရာသိထားရမည့်အချက်(၆)ချက်

ဆရာရဲမင်း

10 月 25, 2024

သေခြင်းဆိုင်ရာသိထားရမည့်အချက်(၆)ချက်

နိဒါန်း
ယုံကြည်သူအပါအဝင်၊လူတိုင်းသေတတ်ပါတယ်။ဒီသေခြင်းကိုလည်းလူတိုင်းကြောက်ကြပါတယ်။မတူညီတာကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်သူအတွက်တော့ဒီသေခြင်းဟာတမူထူးခြားသွားတာကျမ်းစာထဲကတွေ့ရမှာပါ။ဒါကိုအချက်(၆)ချက်နဲ့လိုရင်းတင်ပြပါမယ်။

၁။လူခန္ဓာဟာမြေမုန့်မို့မြေမုန့်သို့ပြန်ရမည်။
ကမ္ဘာဦးကျမ်း3:19 သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်၊သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။

၂။ယုံကြည်သူတွေသေရင်လည်းပြန်ထမြောက်မည်။
ရှင်ယောဟန်ခရစ်ဝင် 11:25ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။

၃။ဘုန်းကြီးတဲ့ခန္ဓာနဲ့ထမြောက်မယ်။
ကောရိန္သုဩဝါဒစာပထမစောင်15:52-54 တံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။- ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။- ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။

၄။မထမြောက်ခင်ဝိညာဉ်ဟာကောင်းကင်မှာခေတ္တအနားယူစောင့်နေရမယ်။
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်သူတယောက်
သေတာနဲ့သူ့ဝိညာဉ်ဟာချက်ချင်းပရာဒိသုဘုံဆိုတဲ့ကောင်းကင်နယ်နမိတ်ကိုရောက်ကြောင်း၊အဲဒီမှာနေပြီးရှင်ပြန်ထမြောက်ဖို့စောင့်နေရကြောင်းကျမ်းစာကအတိအလင်းဖော်ပြထားပါတယ်။
(၁။) လုကာ၂၃:၄၃ – ကားတိုင်ဘေးကလူဆိုးကိုချက်ချင်း ကောင်းကင်ရောက်မယ်လို့ယေရှုကတိပေး။
(၂။) ၂ကော၁၂:၂ – ပရာဒိသုဘုံဟာတတိယကောင်းကင်ဖြစ်ကြောင်းပေါလုဆိုထား။
(၃။) ဖိ၁:၂၃ – သေတာနဲ့ချက်ချင်းယေရှုနဲ့အတူနေရမယ်လို့ပေါလုသက်သေခံ။

၅။သခင်ဘုရား၌သေတာမင်္ဂလာရှိတယ်။
ဗျာဒိတ်ကျမ်း14:13တစ်ဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။

၅။မိသားစုထဲကလူသေရင်မယုံကြည်သူတွေလို မျော်လင့်ချက်မဲ့ပြီးစိတ်မပျက်ကြပါနဲ့။
သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:13-14ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ၊- ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။

ဘုရားသခင်အလင်းပေးပါစေ။အာမင်။