နောက်ဆုံးအမိန့်သုံးခု(သို့)အလက်ဇန်းဒါး Alexander(BC 356-BC 323)
အလက်ဇန်းဒါးဆိုတာထင်ပေါ်ကျော်ကြားခဲ့တဲ့စစ်ဘုရင်တပါးပေါ့၊ သူ့အကြောင်းကျောင်းစာတွေမှာဖတ်ဖူးမှာပါ။သူ့ရဲ့နောက်ဆုံးနေဝင်ချိန်လေးမတိုင်ခင်၊စစ်တွေနိုင်ပြီးအပြန်ခရီးမှာဖျားပြီးမထနိုင်ဖြစ်သွားပါသတဲ့။အိပ်ယာပေါ်ဖျားပြီးလူးလိမ့်ခံစားနေရချိန်မှာ… သူနယ်ချဲ့ခဲ့တဲ့နယ်မြေတွေ၊ကြီးမားတဲ့စစ်အင်အားတွေ၊ထက်မြတ်တဲ့ဓားသွားတွေနဲ့စည်းစိမ်တွေဟာဒီချိန်မှာသူ့အတွက်ဘာမှအကြိုးမရှိတော့ပေ။သေမင်းဟာတလှမ်းချင်းလှမ်းလာနေပြီဆိုတာသူရိပ်မိနေပြီလေ၊အိမ်ကိုလည်းပြန်မရောက်နိုင်။
ဒီလိုနဲ့ဘဲသူ့လူယုံတွေကိုသူမသေခင်နောက်ဆုံးအမိန့်သုံးခုပေးခဲ့သတဲ့။ဒီအမိန့်အတိုင်းအသေချာလုပ်ဖို့လဲအတန်တန်မှာကြားခဲ့ပါသတဲ့။
ပထမအမိန့်က…
“ငါ့သေရင်ငါ့အလောင်းကိုငါ့ဆေးဆရာကိုယ်တိုင်ကြီးကြပ်သယ်သွားစေ”…
အသက်ပြင်းပြင်းရှုလိုက်ပြီးမှ….
ဒုတိယအမိန့်က…
“ငါ့အလောင်းကိုသယ်သွားတဲ့လမ်းတလျှောက်လုံးမှာငါ့ဘဏ္ဍာတိုက်ထဲကရတနာတွေဖြန့်ကျဲစေ”…
ခေတ္တအနားယူပြီးပြန်ဆက်ပြောလိုက်သည်မှာ…နောက်ဆုံးအမိန့်က…”ငါ့အလောင်းကိုအခေါင်းထဲထည့်ပြီးငါ့လက်နှစ်ဖက်ကိုအခေါင်းဝဖောက်ပြီးအပြင်ထုတ်ထားစေ”
နောက်ဆုံးအမိန့်ပြီးတော့သူ့ဘေးမှာဝိုင်းနေကြတဲ့သူ့လူယုံတွေအားလုံးနားမလည်တဲ့မျက်လုံးတွေနဲ့၊မေးချင်ပေမဲ့အားလုံးကမမေးရဲကြဘူး။ဒီချိန်မှာအလက်ဇန်းဒါးရဲ့အနီးကပ်ဆုံးလူယုံစစ်သူကြီးကသူ့လက်ကိုကိုင်နမ်းပြီး”အရှင်စိတ်ချပါ၊ကျွန်တော်တို့အရှင်ပြောထားတဲ့အတိုင်သေချာလုပ်ပါ့မယ်၊ဒါပေမဲ့အရှင်ဘာလို့ဒီလိုလုပ်ရသလဲဆိုတာသိခွင့်ရမလား?”လို့မေးလိုက်ပါသတဲ့။
ဒီချိန်မှာအလက်ဇန်းဒါးမှအသက်ပြင်းပြင်းရှူလိုက်ပြီး…
“ငါ…ခုရက်ပိုင်းမှရလိုက်တဲ့သင်ခန်းစာကိုနောက်လူတွေကိုသိစေချင်တာ။ငါ့အလောင်းကိုငါ့ဆေးဆရာကိုကြီးကြပ်သယ်သွားခိုင်းတာဟာ…ဆေးဆရာတွေကလူတွေရဲ့အဖျားတိုင်းကိုမကုသပေးနိုင်ဘူးဆိုတာလူတွေကိုသိစေချင်တာ။သေမင်းရောက်လာမှကျမ်းမာရေးဂရုစိုက်ရမယ်ဆိုတာနောက်ကျသွားပြီ၊မဖျားခင်ကိုယ့်အသက်ကိုကိုယ်စောင့်ရှောက်ပါ။
ဒုတိယအနေနဲ့ဘဏ္ဍာတိုက်ထဲကရတနာတွေကိုလမ်းမှာကျဲစေတာဟာ…စည်းစိမ်ဥစ္စာဘယ်လောက်ရှာရခဲ့ပါစေနောက်ဆုံးတော့သေရင်ထားခဲ့ရမယ်၊လက်ဗလာနဲ့လာသလိုလက်ဗလာနဲ့ပြန်ရမယ်ဆိုတာအားလုံးကိုသိစေချင်တာပါ။
တတိယအနေနဲ့ငါ့လက်နှစ်ဖက်ကိုအခေါင်းအပြင်ဖောက်ထုတ်ထားခိုင်းတာဟာ……ငါ…ဒီလက်တစုံနဲ့နယ်ချဲ့ရှာလာတဲ့စည်းစိမ်အာဏာမှာယစ်မူးခဲ့တာ၊
တကယ်တမ်းတော့သေချိန်ရောက်ရင်ကိုယ်ဘဝနဲ့ရင်းပြီးရှာထားတဲ့အရာတွေဟာဘာမှအရာမရောက်ခဲ့ဘူး၊အချိန်ဖြုန်းတီးနေခဲ့တာခုမှငါသိတယ်၊နောက်လူတွေငါ့လိုမဖြစ်စေချင်ဘူး။”တည်း။
ကျမ်းချက်
ရှင်မဿဲခရစ်ဝင် ၁၆:၂၆လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။