ဆုတောင်းခြင်းကိုဘုရားတုန့်ပြန်တဲ့အခြေနေ(၄)မျိုး
၁။ချက်ချင်းအဖြေပေးခြင်း(မဿဲ၁၄:၂၈-၃၂)
ယုံကြည်သူတွေဆုတောင်းတဲ့အခါဘုရားသခင်ကချက်ချင်းအဖြေပေးတာရှိပါတယ်၊ချက်ချင်းဖြေပေးရမယ့်အခြေနေမျိုးမို့ပါ။ဥပမာကျမ်းစာထဲကပေတရုရေထဲနစ်မလိုဖြစ်သွားတာမျိုးပေါ့။ထို့အတူကျွန်တော်ကျွန်မတို့ရဲ့အသက်တာမှာလဲအရေးကြီးလိုအပ်နေတဲ့အခါမျိုးမှာဆုတောင်းခဲ့ရင်ဘုရားသခင်ကချက်ချင်းကယ်မပါလိမ့်မည်။အာမင်။
၂။အချိန်စောင့်မှအဖြေရခြင်း(ယော၁၁:၁-၄၄)
လာဇရုဖျားနေတာကိုယေရှုသိသွားပေမယ့်တမင်တကာအချိန်စွဲပြီး၊၃ရက်ကြာမှာမှရောက်ခဲ့တာမျိုးပါ။ဒါဟာလာဇရုကိုသေရာကနေရှင်လာစေမယ့်နိမိတ်ပြပြီးဘုန်းတော်ထင်ရှားစေဖို့မို့ပါ။ဒီလိုပါဘဲယုံကြည်သူတွေရဲ့အသက်တာမှာလဲဆုတောင်းလိုက်ပေမယ့်ချက်ချင်းအဖြေမရတာဟာသာ၍ကောင်းသောဘုရားအလိုတော်နဲ့အကြံတော်ရှိနေလို့ပါဘဲ။တခါတလေဒီစောင့်စားမှုဟာတစ်လ၊တစ်နှစ်၊ဆယ်နှစ်ထက်တောင်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်ယုံကြည်သူတွေစိတ်မပျက်ဘဲဘုရားအလိုတော်ကိုနားလည်ဖို့လိုပါတယ်။ဒီလိုအခြေနေမှာနားလည်ရမှာကသင်ဆုတောင်းပြီးစောင့်နေရခြင်းသည်လျှင်ဘုရားအလိုတော်ဖြစ်ကြောင်းပါဘဲ။
၃။”နိုး”ဆိုတဲ့အဖြေပေးခြင်း(ယာကုပ်၄:၃)
တခါတလေယုံကြည်သူတွေရဲ့ဆုတောင်းချက်ဟာအလိုနဲ့မညီခဲ့ဘဲဇာတိသဘောဖြစ်နေရင်၊မလိုအပ်ဘဲလိုချင်လို့သာတောင်းနေရင်ဘုရားသခင်က”နိုး”ဘဲဖြေပေးတာရှိပါတယ်။ဒါပေမယ့်ဒီ”နိုး”ဆိုတဲ့နောက်ကွယ်မှာငြိမ်သက်ခြင်းတော့တွဲပါလာမြဲပါ။ဥပမာမိသားစုတခါမှာသားဖြစ်သူကအသက်အရွယ်ရောက်လာလို့မုတ်ဆိတ်ရိတ်စက်ဝယ်ပေးဖို့အဖေကိုတောင်းတဲ့အခါအဖေကတော့ဝယ်ပေးမှာသေချာပေမယ့်သမီးဖြစ်သူကအရွယ်ရောက်လာလို့အလားတူမုတ်ဆိတ်ရိတ်စက်တောင်းရင်တော့”နိုး”ဘဲဖြေပေးမှာသေချာပါတယ်။
၄။ဘုရားနည်းနဲ့အဖြေပေးခြင်း(၁ယော၅:၁၄)
တခါတလေယုံကြည်သူတွေဘုရားကိုဖြေရှင်းပေးဖို့ဆုတောင်းတဲ့အခါ၊မိမိစဉ်းစားခံယူထားတဲ့နည်းလမ်းအတိုင်းဘုရားကိုကူညီပေးဖို့တောင်းတတ်ကြပါတယ်။ဒီအခက်ခဲပြဿနာပြေလည်ဖို့ဒီနည်းဘဲရှိမယ်ဆိုပြီးအကန့်သတ်မဲ့တဲ့ဘုရားကိုကန့်သတ်ထားတဲ့ကိုယ့်နည်းလမ်းထဲဆွဲဝင်ဆုတောင်းနေတတ်ကြပါတယ်။ဒီလိုဆုတောင်းချက်ကိုဘုရားသခင်ကကျွန်တော်တို့ခံယူထားတဲ့”ကောင်းမယ်”ဆိုတာထက်ကိုအဆင်ပြေကောင်းမွန်တဲ့နည်းလမ်းနဲ့အဖြေပေးတတ်ပါတယ်။ဒီလိုအဖြေပေးလာတဲ့အခါအစပိုင်းမှာမသိသာပေမယ့်အခက်ခဲကျော်လွန်ပြေလည်သွားကာမှဘုရားသခင်ဟာသူ့အလိုတော်တိုင်းပိုကောင်းတဲ့လမ်းနဲ့ပို့ဆောင်ခဲ့ကြောင်းထင်ရှားလာမြဲပါဘဲ။ဒါကြောင့်ဆုတောင်းတိုင်းမှာ၁ယော၅:၁၄အရအလိုတော်တိုင်းဖြစ်စေဖို့ထည့်တောင်းသင့်ပါပေတယ်။