ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၃)ပေရဂံအသင်းတော်
၃။ပေရဂံအသင်းတော်(ဗျာ၂:၁၂-၁၇)
“ပေရဂံ”ဆိုတဲ့စကားလုံးက(ဂရိလိုΠέργαμος နဲ့တူရကီလိုBergama)ဆိုတဲ့စကားလုံးအသံထွက်ကိုမြန်မာလိုယူထားတာပါ။အဓိပ္ပာယ်က“မြင့်မားသောခံတပ်”လို့သက်ရောက်ပါတယ်။BC301အလက်ဇမ်းဒါး သေဆုံးပြီးနောက်၊Anatoliaအုပ်ချုပ်တဲ့ခေတ်မှာဂရိတွေဟာပေရဂံမြို့ကိုတည်ခဲ့ပြီးAD133ထိစည်းကားခဲ့ပါသတဲ့။တနည်းအားဖြင့်ဂရိတွေတည်ထောင်ပြီးရောမအင်ပါယာလက်ထဲရောက်ခဲ့တာပါ။ဆိပ်ကမ်းမြို့မဟုတ်တဲ့အတွက်စီးပွားရေးမှာဧဖက်နဲ့စမုရနမြို့တွေလောက်မတိုးတက်ပေမယ့်၊ကြီးမားတဲ့စာကြည့်တိုက်တည်ရှိပြီးအာရှိပြည်နယ်တခုလုံးရဲ့စာပေယဉ်ကျေးမှုဆိုင်ရာနဲ့ဘာသာရေးဆိုင်ရာဗဟိုမြို့တော်ကြီးဖြစ်ခဲ့ပါတယ်။ဂရိနတ်ဘုရားနဲ့ ရောမဘုရင်ကိုးကွယ်မှုများလွန်းတဲ့မြို့ဖြစ်သလိုအသက်ရှင်နေသေးတဲ့ကဲသာဘုရင်ကိုရုပ်တုထုပြီးကိုးကွယ်စေခဲ့တဲ့မြို့ပါ။ယနေ့တိုင်ပေရဂံမြို့ဟာBergamaအမည်နဲ့တူရကီမှာတည်ရှိနေပါသေးတယ်။တောင်ပေါ်ကပေရဂံမြို့မှာပြိုပျက်ပြီးလူသူမနေတော့ပေမယ့်တောင်အောက်မှာတော့လူတွေဆက်နေကြပြီးတိုးတက်နေဆဲပါ။
တချိန်ကပေရဂံမြို့ဟာနတ်ဘုရားကိုးကွယ်မှုနဲ့ကဲသာဘုရင်ကိုသာကိုးကွယ်ရမယ်ဆိုတဲ့အမိန့်ရှိနေတာမို့ခရစ်တော်ဟာဒီမြို့မှာရှိတဲ့အသင်းတော်ကိုစာရေးပေးတဲ့အခါသူတို့ဟာစာတန်ရဲ့ပလ္လင်တည်ရာမှာထိုင်နေရတယ်လို့ဆိုထားပြီး၊ခရစ်တော်ကြောင့်အသေခံရတာတောင် ပေရဂံအသင်းတော်ကသူတွေယုံကြည်ခြင်းကိုမစွန့်ပယ်ခဲ့ကြတာကိုချီးကျူးခဲ့ပါတယ်။ဒါပေမယ့်ပေရဂံအသင်းတော်ထဲမှာချစားမှုတချို့ကိုတော့ခရစ်တော်ပြစ်တင်သတိပေးထားပါတယ်။
၁။ဗာလမ်အယူဝါဒလိုက်သူများ
ဗာလမ်ဆိုတာဓမ္မဟောင်းကလမ်းလွဲသွားတဲ့ပရောဖက်ပါ။ဒီမှာပြောထားတဲ့ဗာလမ်အယူဝါဒဆိုတာငွေမက်တဲ့အမှုတော်ဆောင်တချို့နဲ့ ရုပ်တုရှေ့အစာကိုစားဖို့သွန်သင်တဲ့အမှုတော်ဆောင်၊မေထုန်ကျူးလွန်ဖို့လမ်းပြတဲ့ခေါင်းဆောင်တချို့ကို ပြောနေတာပါ။(တောလည်ရာကျမ်း၂၅:၁-၃၊၃၁:၁၆၊၂ပေ၂:၁၅)။
၂။နိကောလဂိုဏ်းဝင်အယူဝါဒ
ဒီအယူဝါဒကိုကျမ်းစာထဲရှာမတွေ့ပါဘူး၊ကျမ်းပညာရှင် တွေရဲ့လေ့လာမှုအရဆိုရင်တော့ဒီအယူဝါဒဟာယုံကြည်သူတွေလဲဘာသာခြားကိုးကွယ်မှုအတိုင်းလိုက်လုပ်လို့ရကြောင်း၊ဘာသာခြားနဲ့ပိုပြီးနီးစပ်ဖို့နဲ့ဧဝံဂေလိလက်ခံလွယ်ဖို့ဘာသာခြားကိုးကွယ်မှုကိုယုံကြည်သူတွေလည်းလိုက်လုပ်လို့ရကြောင်းသွန်သင်ခြင်းဖြစ်ပါတယ်။ဒါကိုခရစ်တော်ကပြစ်တင်ရှုံချသတိပေးနေတာပါ။
ဒါကြောင့်ခရစ်တော်ဟာသူတို့ကိုသမ္မာတရားပေါ်မားမာရပ်တည်ဖို့စာရေးပေးတဲ့ခါပထမတခွန်းမှာဘဲစာရေးသူဟာအသွားနှစ်ဖက်ပါတဲ့ထက်သောသန်လျက်ရှိသောသူလို့သတိပေးထားတာပါ၊ဒီသံလျက်ဟာနူတ်ကပတ်တော်ကိုပုံဆောင်ပါတယ်(ဟေဗြဲ၄:၁၂)။အကယ်၍နောင်တမရရင်ခရစ်တော်ဟာအမြန်လာစီရင်မှာဖြစ်ကြောင်းနဲ့၊အသင်းတော်ထဲကဝိညာဉ်တော်စကားကိုနားထောင်ပြီးအောင်မြင်တဲ့လူတွေကိုတော့ဝှက်ထားတဲ့မန္န(ယေရှုနှင့်အတူနေရခြင်း)ကိုပေးမှာဖြစ်ပြီး နာမည်သစ်ရေးထားတဲ့ဖြူသောကျောက်(ထာဝရအသက်တာဝင်စားခြင်း)ကိုပေးမယ်လို့ကတိတော်ပေးခဲ့ပါတယ်။
ပေရဂံအသင်းတော်အားဖြင့်ယနေ့အသင်းတော်တွေသင်ခန်းစာယူရမှာက
၁။ငွေမက်ပြီးဘုရားပေါ်သစ္စာမဲ့တဲ့အမှုတော်ဆောင်နဲ့အသင်းသားတွေအမြန်နောင်တရပါ။
၂။မေထုန်နဲ့ရုပ်တုဆင်းတုရှောင်ပါ၊ရုပ်တုရှေ့အစားအစာလည်းရှောင်ပါ။ဘုရားမကြိုက်ပါ။
၃။ခေတ်ရေစီးကြောင်းအရသွားမလား?သမ္မာတရားအတိုင်းရပ်တည်မလားသေချာရွေးချယ်ပါ။နတ်ဘုရားရုပ်တုကိုးကွယ်မှုနဲ့အခြားဘာသာခြားဘာသာရေးအပြုအမှုကိုအတူလိုက်လုပ်ပြီးတစ်ထပ်ထဲဖြစ်အောင်လုပ်မလား?ရဲဝံ့စွာငြင်းဆန်မလားဆိုတာသေချာရွေးချယ်ပါ။
၄။သေသည့်တိုင်အောင်သစ္စာစောင့်နေတယ်ဆိုရင်ဘုရားသခင်ဟာသင့်အတွက်ထာဝရကတိတော်အများကြီးရှိကြောင်းသိထားပါ။