ဝိညာဉ်တော်ကိုစိတ်နာစေသည့်လုပ်ရပ်(၇)မျိုး
ဧဖက်၄:၂၅-၃၂
နိဒါန်း
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးတဲ့ယုံကြည်သူခရစ်ယာန်တစ်ယောက်ဟာသူ့အတွင်းထဲမှာသန့်ရှင်းသောဝိညာဉ်တော်ရှိနေပါပြီ။သန့်ရှင်း တော်ရထားတဲ့သူတစ်ယောက်ဟာဝိညာဉ်တော်ကိုမပြစ်မှားနိုင်ပေမယ့်စိတ်နာစေနိုင်ပါတယ်(မူရင်းမှာစိတ်ပူဝမ်းနည်းခြင်း)။ဒါဆိုရင်ဘယ်အရာတွေနဲ့ဘယ်လုပ်ရပ်တွေကသန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုစိတ်နာစေနိုင်ပါသလဲ?သမ္မာကျမ်းစာအရလုပ်ရပ်၇မျိုးကိုတွေ့ရပါတယ်။အတူတကွလေ့လာခွန်အားယူကြပါစို့။
၁။မုသာစကားပြောခြင်း
(ဧဖက်၄:၂၅ထိုကြောင့် မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။)
ယုံကြည်သူခရစ်ယာန်တယောက်အသက်တာမှာအားနည်းပြီးမုသာပြောလာမိရင်၊လိမ်လည်မိရင်၊မဟုတ်မမှန်တဲ့သက်သေထူမိရင်သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေနိုင်ပါတယ်။မုသာရဲ့အဘဟာစာတန်မို့ဝိညာဉ်တော်ကိမ်းဝပ်တဲ့ယုံကြည်သူတွေဟာမုသာကိုရှောင်ပြီးမှန်သောစကားကိုသာအချင်းချင်းပြောကြရပါမယ်(ယော၈:၄၄)။
၂။အပြစ်ဖြစ်သည်အထိအမျက်ထွက်ခြင်း
(ဧဖက်၄:၂၆အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။အမျက်မပြေဘဲ နေမဝင်စေနှင့်။မာရ်နတ်ကို အခွင့်မပေးကြနှင့်။)
လူတိုင်းအမျက်ထွက်တတ်သလို၊စိတ်တို၊စိတ်ဆိုး၊အော်ဟစ်တတ်ပါတယ်(ဧဖက်၄:၃၁)။ဒီလိုပါဘဲယုံကြည်သူခရစ်ယာန်တိုင်းလည်းလူမို့အမျက်ထွက်တတ်ကြပါတယ်။လူမို့အမျက်ဒေါသထွက်တာအပြစ်မဟုတ်ပါဘူး၊ဒါပေမယ့် အမျက်ဒေါသကိုအကြာကြီးစိတ်ထဲထည့်ထားရင်အပြစ်ဖြစ်လာနိုင်ပါတယ်၊ဒါဟာစာတန်ကိုအခွင့်ပေးလိုက်သလိုပါဘဲ။ဒီလိုအမျက်ထွက်ပြီးအမျက်မပြေဘဲအကြာကြီးဖြစ်နေရင်ဝိညာဉ်တော်ကိုစိတ်နာစေနိုင်တာမို့ယုံကြည်သူတွေတခါတလေဒေါသထွက်မိရင်တောင်အပြစ်ဖြစ်သွားတဲ့အထိအကြာကြီးမထားထားသင့်ပါ။
၃။သူ့ဥစ္စာခိုးခြင်း
(ဧဖက်၄:၂၇ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။)
ကျနော်တို့မပြောင်းလဲခင်မှာခိုးတတ်တဲ့သူရှိကောင်းရှိပါမယ်၊ဒါပေမယ့်ခရစ်တော်၌အသစ်ပြုပြင်ခြင်းခံရပြီးနောက်ဆက်မခိုးရတော့ပါဘူး၊တခါတလေအားနည်းပြီးအလုပ်မလုပ်ချင်ဘဲခိုးတာပြန်လုပ်မိလာတဲ့အခါဝိညာဉ်တော်ကိုစိတ်နာစေတာပါ။ဒါကြောင့်ယုံကြည်သူတိုင်းမိမိလက်နဲ့“ကောင်းသောအလုပ်”ကိုလုပ်ပြီးဆင်းရဲသောသူကိုပေးကမ်းတတ်သူဖြစ်ရပါမယ်။
၄။ညစ်ညူးသောစကားကိုပြောခြင်း
(ဧဖက်၄:၂၈ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။)
ယုံကြည်ဖြစ်လာပြီဆိုရင်ဆဲရေးတိုင်းထွာတာတွေ၊ညစ်ညူးတဲ့စကားတွေကိုတခွန်းမျှ(တခွန်းမျှ)ကျနော်တို့ပါးစပ်ကမထွက်စေသင့်ပါဘူး။အကယ်၍အားနည်းပြီးဆဲမိတာတို့၊မကောင်းတဲ့စကားပြောမိတာတို့၊ညစ်ညူးတဲ့စကားပြောနေတာတို့၊သူ့အသရေပျက်အောင်စော်ကားပြောဆိုမိတာတို့၊ကုန်းချောတဲ့စကားပြောမိတာတို့(ဧဖက်၄:၃၁)ဆိုရင်ဝိညာဉ်တော်ကိုစိတ်နာစေနိုင်ပါတယ်။အမှန်ကယုံကြည်သူတွေမဆဲတတ်တာမဟုတ်ပါဘူး၊မဆဲတော့တာပါ။ညစ်ညူးတဲ့စကားမပြောတတ်တော့တာမဟုတ်ပါဘူး၊မပြောတော့တာပါ။ဒါကြောင့်ကျ နော်တို့အထဲကသန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာမိစေအောင်သူတပါးအတွက်တည်ဆောက်စေမဲ့စကားမျိုးနဲ့ကြားတဲ့သူအတွက်အကျိုးဖြစ်စေဖို့“ကောင်းတဲ့စကား”ကိုသာပြောသင့်ပါတယ်။
၅။မနာလိုမုန်းတီးခြင်း
(ဧဖက်၄:၃၁ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင်ပြောဆိုခြင်း တို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း၊ သင်တို့မှ ပယ်ရှားကြလော့။)
မူရင်းကျမ်းမှာတော့မကောင်းမှု(သို့မဟုတ်)မလိုမုန်းထားခြင်းလို့ပြောထားပါတယ်။ဂုဏ်ပြိုင်ခြင်းစိတ်ကနေပေါ်လာတဲ့မနာလိုတာမျိုးပါ၊ဓမ္မဟောင်းကမောရှေရဲ့အမမိရိအံဟာမောရှေကိုမနာလိုလို့အပြစ်ဖြစ်ခဲ့ရသလိုမျိုးပါ။
ယနေ့ယုံကြည်သူကြားမှာလဲမနာလိုမှုတွေဖြစ်နေတတ်ပါတယ်၊အဲဒီမနာလိုတာတွေကြာလာတဲ့အခါအထဲမှာပုပ်ပွလာပြီးအပြစ်ဖြစ်တည်လာတာပါ။ဒါဟာဝိညာဉ်တော်ကိုစိတ်နာစေတဲ့လုပ်ရပ်မို့မနာလိုမှုဖြစ်တည်လာရင်အမြန်ဆုတောင်းပြီးဖြေဖျောက်လိုက်ပါ။
၆။ကျေးဇူးမပြုနိုင်ခြင်း
(ဧဖက်၄:၃၂အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။)
နားလည်ရလွယ်အောင်ပြောရရင်ကျေးဇူးပြုခြင်းဆိုတာသူတပါးအပေါ်ကောင်းခြင်းပါ။ကျေးဇူးမပြုတတ်ခြင်းကတော့သူတပါးပေါ်မကောင်းတာပါ။ယုံကြည်သူခရစ်ယာန် တွေများသောအားဖြင့်သူတပါးပေါ်ကောင်းတတ်ကြသလိုသနားစုံမတ်တတ်ကြပါတယ်။ဒါပေမယ့်အားနည်းလာတဲ့အခါ၊သူတပါးပေါ်မသနားတော့ဘဲ၊မကောင်းတဲ့အခါဝိညာဉ်တော်ကိုစိတ်နာစေနိုင်တယ်လို့ဆိုလိုတာပါ။ဒါကြောင့်ယုံကြည်သူခရစ်ယာန်များကျွန်တော်တို့အထဲကသန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေအောင်သူတပါးကိုအကောင်းနဲ့ဆက်ဆံပါ၊လူတိုင်းကိုသနားစုံမတ်တတ်ပါ။အကောင်းနဲ့အဆိုးကိုနိုင်ပါ(ရောမ၁၂:၂၁)။အာမင်။
၇။ခွင့်မလွတ်နိုင်ခြင်း
(ဧဖက်၄:၃၂အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။)
သူတပါးကိုခွင့်မလွတ်နိုင်ဘဲနှလုံးသားထဲမှာအကြာကြီးချီနှောင်ထားတာမျိုးပါ။ဘယ်သူဘယ်ဝါကငါ့ကိုဒီလိုလုပ်ခဲ့ပေးတာငါတသက်လုံးမမေ့ဘူးတို့၊အခြားသူကိုစိတ်ထဲကနာကြည်းချက်အမြဲလိုက်ပြောပြနေတာမျိုး၊တယောက်ယောက်ကိုခွင့်မလွတ်နိုင်ဘဲဖြစ်နေခြင်းဟာသန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နေစေပြီဆိုတာသတိထားရပါမယ်။သေသင့်တဲ့ကျွန်တော်/မတို့ကိုတောင်ဘုရားသခင်ကခွင့်လွတ်ခဲ့သေးရင်ကျွန်တော်/မတို့ကဘာကြောင့်များသူတပါးရဲ့အပြစ်ကိုခွင့်မလွတ်နိုင်ရသေးတာလဲ?အခုဘဲမိမိကိုယ်ဆင်ခြင်ပြီးစိတ်ထဲခည်နှောင်ထားတဲ့ရန်ငြိုးကိုခွင့်လွတ်ပေးလိုက်ပါ။
နိဂုံး
ယုံကြည်သူတယောက်ဟာအသက်တာမှာသန့်ရှင်းသောသူဖြစ်သွားပြီဆိုပေမယ့်စုံလင်ခြင်းကိုမရောက်သေးတာကြောင့်အားနည်းမိတတ်ပါသေးတယ်၊ဒီအားနည်းမိတိုင်းမှာဝိညာဉ်တော်ဟာကျွန်တော်တို့အတွက်စိတ်ပူပေး၊ဝမ်းနည်းပေးနေတယ်ဆိုတာသတိထားရပါမယ်။ဒါကြောင့်သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေမယ့်လုပ်ရပ်(၇)မျိုးကိုအခုကစပြီးသတိထားရှောင်ရှားကြပါစို့။
၁။မုသာစကားပြောခြင်း
၂။အပြစ်ဖြစ်သည်အထိအမျက်ထွက်ခြင်း
၃။သူ့ဥစ္စာခိုးခြင်း
၄။ညစ်ညူးသောစကားကိုပြောခြင်း
၅။မနာလိုမုန်းတီးခြင်း
၆။ကျေးဇူးမပြုနိုင်ခြင်း
၇။ခွင့်မလွတ်နိုင်ခြင်း