• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပွဲတော်မင်္ဂလာအနှစ်သာရ(၅)ချက်

ဆရာရဲမင်း

11 月 19, 2024

ပွဲတော်မင်္ဂလာအနှစ်သာရ(၅)ချက်

နိဒါန်း
ခရစ်ယာန်အသင်းတော်တိုင်းမှာတစ်လတစ်ကြိမ်ပွဲတော်မင်္ဂလာဝတ်ဆိုပြီးပြုလုပ်လေ့ရှိကြပါတယ်။ဒါဟာသခင်ယေရှုကိုယ်တိုင်အသင်းတော်အတွက်လုပ်ကြပါဆိုပြီးမိန့်မှာခဲ့တာမို့ပါ။ဒါပေမဲ့ပွဲတော်သာပြုလုပ်နေကြတာ၊ပွဲတော်ရဲ့အဓိပ္ပာယ်မသိကြသူတွေကများနေတာတွေ့ရပါတယ်။ဒါကြောင့်ပွဲတော်ကိုဘာကြောင့်စားရတာလဲဆိုတဲ့ပွဲတော်မင်္ဂလာအနှစ်သာရ(၅)ချက်ကိုအကျဥ်းချုပ်ဖော်ပြခွန်အားပေးပါမယ်။ဒါမှပွဲတော်စားတိုင်းပိုအကျိုးရှိလာမှာပါ။

၁။ယေရှုခရစ်ရဲ့ကယ်တင်ပေးခြင်းကိုအောက်မေ့ခြင်း
ပွဲတော်မှာစားတဲ့မုန့်နဲ့စပျစ်ရည်ဟာသခင်ယေရှုခရစ်ရဲ့အသား(ခန္ဓာ)တော်နဲ့အသွေးတော်ကိုပုံဆောင်ပါတယ်။တနည်းအားဖြင့်ပွဲတော်စားသောက်ခြင်းတိုင်းဟာယေရှုခရစ်ရဲ့အပြစ်သားတွေအတွက်အ‌သွေးသွန်းပြီးအသေခံသွားတဲ့ကယ်တင်ခြင်းကိုအမြဲအမှတ်ရခြင်းပါ။
(၁ကော၁၁:၂၃-၂၆ သ​ခင်​ယေ​ရှု​သည်ရန်​သူ​လက်​သို့အပ်​နှံ​ခြင်း​ကကိုခံသောနေ့​ည​မှာမုန့်​ကို​ယူ၍၊ကျေး​ဇူး​တော်​ကိုချီး​မွမ်း​ပြီး​မှမုန့်​ကို​ဖဲ့၍၊ဤ​မုန့်​ကား၊ သင်​တို့​အ​ဖို့​အ​လို​ငှာချိုး​ဖဲ့​သော​ငါ၏​ကိုယ်​ဖြစ်၏။ယူ၍​စား​ကြ​လော့။ငါ့​ကို​အောက်​မေ့​ဖို့​ရာဤ​သို့ပြု​ကြ​လော့​ ဟုမိန့်​တော်​မူ၏။ထို​နည်း​တူ၊ည​စာစားပြီး​မှခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကားငါ၏​အ​သွေး၌​တည်သောပ​ဋိ​ညာဉ်​တ​ရား​သစ်​ဖြစ်၏။ဤ​ခွက်​ကိုသောက်​သော​အ​ခါ​ခါ၊ငါ့​ကို​အောက်​မေ့​ဖို့​ရာသောက်​ကြ​လော့​ဟုမိန့်​တော်​မူ၏။)

၂။မိမိကိုယ်ကိုစစ်ကြောပြီးအပြစ်ဝန်ချခြင်း
ပွဲတော်ဝင်တိုင်းမှာဆင်ခြင်ရမှာက-မထိုက်တန်တဲ့ငါ့ကိုယေရှုဘုရားကအသက်ပေးပြီးကယ်တင်သွားတာမို့၊ငါအခုသူ့စကားကိုနားထောင်နေပြီလား?ကျေးဇူးကန်းပြီးအပြစ်လုပ်နေတုန်းလားဆိုတာဆင်ခြင်ဖို့ပါ။အပြစ်ပြုနေရင်နောင်တရဝန်ချတိုးဝင်ဖို့ပါ။အပြစ်ပြုထားလျက်နဲ့မဝန်ချဘဲပွဲတော်ဝင်နေရင်မိမိအပြစ်ကိုစားသောက်မိနိုင်ပါတယ်။
(၁ကော၁၁:၂၈-၂၉ သို့​ဖြစ်၍ လူ​တိုင်း​ ကိုယ်​ကို​ကိုယ်​စစ်​ကြော​ပြီး​မှမုန့်​ကို​စားစေ။ထို​နည်း​တူခွက်​ကို​လည်း​သောက်​စေ။အ​ကကြောင်းမူ​ကား၊မထိုက်​မ​တန်​ဘဲစားသောက်​သော​သူသည်သ​ခင်​ဘု​ရား၏​ကိုယ်​တော်​ကိုပိုင်း​ခြား၍မ​သိ​သော​ကြောင့်၊မိ​မိ​အ​ပေါ်သို့အပြစ်ရောက်​စေ​ခြင်း​ငှာစား​သောက်​သော​သူ​ဖြစ်၏။)

၃။ပဠိညာဉ်တရားသစ်နဲ့ဆိုင်ကြောင်းဝန်ခံခြင်း
ပဠိညာဉ်ဆိုတဲ့စကားလုံးအဓိပ္ပာယ်ကသဘောတူထားတဲ့ကတိကဝတ်ဖြစ်ပါတယ်။ကျမ်းစာထဲကပြောတဲ့ပဠိညာဉ်တရားသစ်ဆိုတာကတော့ဘုရားသခင်ကနေသားတော်ယေရှုကိုယုံကြည်လက်ခံသောသူတိုင်းကိုထာဝရအပြစ်လွတ်မှာကိုကတိတော်ပြုထားခြင်းပါ။ဒါကြောင့်ပွဲတော်စားတိုင်းမှာငါဟာခွင့်လွတ်ခံရတဲ့ဖြောင့်မတ်သူ၊ထာဝရအသက်ရာနူန်းပြည့်သေချာသောသူဖြစ်ကြောင်းပြန်လည်အတည်ပြုခိုင်ခံ့စေတာပါ။
(၁ကော၁၁:၂၅ ထို​နည်း​တူ၊ ည​စာ​စာ​ပြီး​မှ ခွက်​ကို​လည်း​ယူ၍၊ ဤ​ခွက်​ကား ငါ၏​အ​သွေး၌​ တည်​သော ပ​ဋိ​ညာဉ်​တ​ရား​သစ် ​ဖြစ်၏။ ဤ​ခွက်​ကိုသောက်​သော​အ​ခါ​ခါ၊ငါ့​ကို​အောက်​မေ့​ဖို့​ရာသောက်​ကြ​လော့​ဟု မိန့်​တော်​မူ၏။)

၄။ယုံကြည်သူချင်းနှင့်မိသဟာရရှိခြင်း
ပွဲ‌တော်ဝင်ခြင်းကတစ်‌ယောက်ထဲလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး၊တခြားယုံကြည်သူတွေနဲ့(အသင်းတော်မှာ)အတူပြုရတဲ့အရာပါ။ဒါဟာတနည်းအားဖြင့်မိမိတစ်ယောက်ထဲယုံကြည်အသက်ရှင်နေတာမဟုတ်ဘဲ၊အသင်းတော်ဆိုတဲ့ခရစ်တော်ခန္ဓာနဲ့အတူရှိကြောင်း၊ယုံကြည်သူချင်းမိသဟာရဖွဲ့ခြင်း၊တလုံးတဝတသားတကိုယ်ထဲဖြစ်ကြောင်းသက်သေပြုတာပါ။
(၁ကော၁၂:၁၃ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ဟေလသလူဖြစ်စေ၊ကျွန်ဖြစ်စေ၊လူလွတ်ဖြစ်စေ၊ငါတို့ရှိသမျှသည်ဝိညာဉ်တော်တပါးတည်းအားဖြင့်တကိုယ်တည်းထဲသို့ဗတ္တိဇံကိုခံကြ၏။ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။)

၅။ထာဝရကာလကိုဝင်စားဖို့မြော်လင့်ခြင်း
ပွဲတော်ဝင်တိုင်း-ခရစ်တော်ပြန်လာမှာကို‌စောင့်မျော်ဖို့၊တစ်ချိန်ကျရင်ခရစ်‌တော်နဲ့အတူထာဝရကာလမှာပွဲတော်စားသောက်ဖို့မုချဖြစ်လာမယ်ဆိုတာအမြဲသတိရမျော်လင့်ဖို့၊ကျမ်းစာကသွန်သင်ပါတယ်။ဒါကြောင့်ပွဲတော်ဝင်ခြင်းဟာတနည်းအားဖြင့်ယေရှုခရစ်ပြန်လာခေါ်မှာကိုယုံယုံကြည်ကြည်စောင့်မြော်နေခြင်းပါ။
(၁ကော၁၁:၂၆ အ​ကြောင်း​မူ​ကား၊သင်​တို့​သည်ထို​မုန့်​ကို​စား၍ ထို​ခွက်​ကို သောက်​သော​အ​ခါ​ခါ၊ သ​ခင်​ဘု​ရား​အ​သေ​ခံ​တော်​မူ​ခြင်းကို ကြွ​လာ​တော် မ​မူ​မီ​တိုင်​အောင် ပြု​ကြ၏။)

နိဂုံး
ပွဲတော်မင်္ဂလာဝတ်ရဲ့အနှစ်သာရ(၅)ချက်
၁။ကယ်တင်ခြင်းကိုအမှတ်ရခြင်း
၂။မိမိကိုယ်ကိုစစ်ကြောခြင်း(အပြစ်ဝန်ချခြင်း)
၃။ပဠိညာဉ်တရားသစ်နဲ့ဆိုင်ကြောင်းဝန်ခံခြင်း
၄။ယုံကြည်သူချင်းနှင့်မိသဟာရရှိနေခြင်း
၅။ထာဝရကာလကိုဝင်စားဖို့မျော်လင့်ခြင်း။