စစ်မှန်သောနောင်တဆိုတာ
နိဒါန်း
လူတိုင်းမိမိအမှားကိုဝန်ချပြီးနောင်တရတတ်တာရှိနိုင်ပေမဲ့၊နောင်ရသူတိုင်းသမ္မာကျမ်းစာကပြောတဲ့စစ်မှန်သောနောင်တမဟုတ်နိုင်ပါဘူး။ဥပမာကျမ်းစာထဲကယုဒရှကာယုတ်ဟာနောင်တရခဲ့ပေမဲ့ခရစ်တော်ဆီလာရောက်ဝန်ချတောင်းပန်ခြင်းမဟုတ်တဲ့နောင်တမို့လမ်း ကြောင်းမမှန်ခဲ့တာပါ။ဒါဆိုရင်ကျမ်းစာကပြောတဲ့စစ်မှန်တဲ့နောင်တရခြင်းကဘာလဲ?အချက်၄ချက်နဲ့အလင်းပေးပါမယ်။
၁။အပြစ်ကိုသိမြင်လာခြင်း
စစ်မှန်တဲ့နောင်တရဖို့အဦးဆုံးမိမိလုပ်မှားနေကြောင်း၊မိမိမှာအပြစ်ရှိနေကြောင်းသိမြင်ဖို့လိုပါတယ်။လူတစ်ယောက်ဟာသမ္မာတရားစကားကြားပြီးဝိညာဉ်တော်ဖော်ပြတဲ့အခါမိမိအပြစ်ကိုမိမိသိမြင်လာတယ်လို့(ယော၁၆:၈)မှာဖော်ပြပါတယ်။ဥပမာ(လုကာ၁၅:၁၇)ထဲကသားမိုက်နောင်တလိုပါ၊ငါသွားနေတဲ့လမ်းကမှားနေပါလား၊ငါလုပ်နေတဲ့အရာကအပြစ်တွေပါလားဆိုတာကိုဝိညာဉ်တော်အားဖြင့်သိမြင်လာပြီးနေရာမှန်ပြန်ဖို့အလင်းရလာတာပါ။(ဒါပေမဲ့မိမိအမှားကိုတော့သိမြင်ပြီးအဲ့ဒီနေရာမှာဘဲဆက်မှားနေရင်၊စစ်မှန်တဲ့နောင်တမဟုတ်သေးပါဘူး။စစ်မှန်တဲ့နောင်တဟာဒုတိယခြေလှမ်းကိုဆက်လှမ်းမှာပါ။)
၂။အပြစ်ကိုဝန်ချတောင်းပန်ခြင်း
ငါအမှားကြီးမှားပြီ၊ငါ့မှာသေသင့်သေထိုက်တဲ့အပြစ်ကြီးရှိနေပြီဆိုတာသိမြင်လာတဲ့အခါအဲဒီအသိတရားမှာဘဲရပ်နေဖို့မဟုတ်၊ဆက်မှားနေဖို့လည်းမဟုတ်ပါ။အဲဒီအပြစ်အတွက်ဝမ်းနည်းကြေကွဲညည်းတွားပြီး၊မိမိအပြစ်(အမှား)ကိုစီရင်ခွင့်လွတ်ပေးနိုင်(ပိုင်)တဲ့ဘုရားသခင်ဆီလာရောက်ဝန်ချတောင်းပန်ဖို့လိုအပ်ပါပေတယ်။သတိထားရမှာကသခင်ယေရှုခရစ်ဟာငါ့အပြစ်အတွက်ကိုယ်စားအသေခံပေးသွားပြီဆိုတာကိုယုံကြည်လက်ခံဖို့လိုပါတယ်။ဒါမှသာစစ်မှန်တဲ့ခွင့်လွတ်ခြင်းနဲ့ထာဝရအသက်ကိုရရှိမှာပါ။
(လုကာ၁၅:၁၈ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။)
(ရောမ၃:၂၆ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။)
၃။အပြစ်မှထွက်ခွာရှောင်ပယ်ခြင်း
အပြစ်ကိုသိမြင်ပြီး၊အပြစ်ကိုဝန်ချတောင်းပန်ပြီးပေမဲ့၊အပြစ်ကိုဆက်လုပ်နေသေးတယ်ဆိုရင်ရှေ့မှာပြုခဲ့တဲ့အရာတွေဟာအလဟသဖြစ်သွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒါဟာစစ်မှန်တဲ့နောင်တရခြင်းမဟုတ်သေးလို့ပါ။စစ်မှန်တဲ့နောင်တရခြင်းဆိုတာအပြစ်ကိုသိမြင်ဝန်ချပြီးနောက်၊အသက်တာမှာအပြစ်ဆက်မလုပ်တော့ခြင်းပါ။တနည်းအားဖြင့်စစ်မှန်တဲ့နောင်တရခြင်းဆိုတာနောင်တနဲ့စပ်ဆိုင်တဲ့ထိုက်သင့်တဲ့အကျင့်ထွက်လာရမယ်လို့ကျမ်းစာကဖော်ပြပါတယ်။
(တမန်၂၆:၂၀လူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမမည်…။)
၄။သမ္မာတရားတိုင်းအသက်ရှင်ခြင်း
ရှေ့ကပြောခဲ့တဲ့အပြစ်ကိုသိမြင်ခြင်း၊အပြစ်ဝန်ချခြင်း၊အပြစ်ဆက်မလုပ်တော့ခြင်း စသဖြင့်လုပ်ပြီးပေမဲ့၊အသက်တာမှာသမ္မာတရားအတိုင်းအသက်မရှင်ဘူးဆိုရင်အပြစ်ထဲဆက်နှစ်မျောသွားနိုင်ပါတယ်။ဒီလို ပြောရင်ပိုရှင်းမယ်ထင်ပါတယ်-စစ်မှန်တဲ့နောင်တရသူဟာသမ္မာတရားနဲ့အသက်ရှင်သူဖြစ်ပါတယ်(သမ္မာတရားဆိုတာဘုရားစကားကိုဆိုလိုပါတယ်)။မဿဲ၁၂:၄၅ကိုကြည့်ရင်လူတစ်ယောက်ထဲကနေနတ်ဆိုးထွက်သွားခဲ့ပေမဲ့၊သူ့အထဲမှာသမ္မာတရားမထည့်ထားတဲ့အခါနတ်ဆိုး(၇)ဆပြန်ဝင်လာနေတာမျိုးဖြစ်လာနိုင်ကြောင်း၊ဒီလိုအချိန်မျိုးမှာဆိုရင်ရှေ့ကအဖြစ်ထက်အခုအဖြစ်ကပိုဆိုးမှာဖြစ်ကြောင်းသတိပေးထားပါတယ်။ဒါကြောင့်စစ်မှန်တဲ့နောင်တရသူတိုင်းဟာသမ္မတရားအတိုင်းအသက်ရှင်ခြင်းကအင်မတန်အရေးပါလှပါတယ်။
နိဂုံး
စစ်မှန်သောနောင်တရခြင်းဆိုတာ
၁။အပြစ်ကိုသိမြင်လာခြင်း
၂။အပြစ်ကိုဝန်ချတောင်းပန်ခြင်း
၃။အပြစ်မှထွက်ခွာရှောင်ပယ်ခြင်း
၄။သမ္မာတရားတိုင်းအသက်ရှင်ခြင်း
ဖြစ်ပါတယ်။