• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝတ်ပြုစည်း‌ဝေးရခြင်းအကြောင်းရင်း(၇)ချက်

ဆရာရဲမင်း

11 月 20, 2024

ဝတ်ပြုစည်း‌ဝေးရခြင်းအကြောင်းရင်း(၇)ချက်

ခရစ်ယာန်ယုံကြည်သူတွေဘာလို့ဝတ်ပြုစည်းဝေးရတာလဲ?ကိုယ့်ဟာကိုတစ်ယောက်ထဲအိမ်မှာနေပြီးဝတ်ပြုရင်မရဘူးလား?တခြားယုံကြည်သူနဲ့အတူအသင်းတော်မှာဘာလို့ဝတ်ပြုစည်းဝေးနေရတာလဲ?အကြောင်းရင်း(၇)ချက်ကိုတင်ပြပါမယ်။

၁။ကျမ်းစာကသတ်မှတ်ထားလို့ပါ။
(ဟေဗြဲ၁၀:၂၅မှာ”လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။)
ဒီကျမ်းချက်အားဖြင့်ဝတ်ပြုစည်းဝေးခြင်းဟာဘုရားအလိုတော်နဲ့အမိန့်တော်ဖြစ်ကြောင်းနားလည်ရပါမယ်။
သမ္မာကျမ်းစာထဲကဝတ်ပြုစည်းဝေးခြင်းသာဓကတွေဖော်ပြရမယ်ဆိုရင်
၁။ယေရှုကိုယ်တိုင်တောင်ပေါ်မှာလူအများနှင့်စည်းဝေးခြင်း(မဿဲ၅:၁)။
၂။တောထဲမှာစည်းဝေးခြင်း(မာကု၆:၃၂-၃၄)။
၃။အိမ်ထဲမှာစည်းဝေးခြင်း(မာကု၂:၁-၂)။
၄။ကမ်းခြေမှာစည်းဝေးခြင်း(မာကု၄:၁)။
၅။အထက်ခန်းငှါးပြီးစည်းဝေးခြင်း(မာကု၁၄:၁၅-၁၇)။
၆။တမန်တော်တွေစည်းဝေးခြင်း(ယော၂၀:၁၉၊တမန်၁:၁၄…etc)။
၇။ညင်းဆဲခံရပြီးစည်းဝေးခြင်း(တမန်၄:၂၃-၃၁)။
၈။မာကုအိမ်မှာစည်းစေးခြင်း(တမန်၁၂:၁၂)။
၉။အသင်းဝင်သူများစည်းဝေးကြခြင်း(၁ကော၁၄:၂၃)။

၂။အတူဝတ်ပြုစည်းဝေးဖို့လိုအပ်လို့ပါ။
အသင်းတော်ဆိုတဲ့မူရင်းစကားလုံးဟာ”အိုက်ခ်ခလိရှီးရား”ဖြစ်ပါတယ်။အိုက်ခ်-ထွက်လာခြင်းဖြစ်ပြီး၊ခလိရှီးရားဆိုတာခေါ်စုခြင်း၊စည်းဝေးခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်အသင်းတော်ဆိုတာ‌ဘုရားကျောင်းဆောင်ကြီးကိုပြောနေတာမဟုတ်ပါဘူး၊ယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့လူတွေစည်းဝေးနေခြင်းကိုခေါ်ပါတယ်။ဘာလို့လဲဆိုတော့ယုံကြည်သူတွေဟာခရစ်တော်၌တစ်လုံးတစ်ဝဖြစ်ဖို့ခေါ်ဖိတ်ခံရသူတွေမို့ပါ။
(ယော၁၀:၁၄-၁၆ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာ စွန့်၏။- ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။)

၃။ဘုရားသခင်ကိုပိုမိုသိကျွမ်းလာစေလို့ပါ။
တစ်ဦးတစ်ယောက်ထဲဆိုရင်ဘုရားသခင်ရဲ့အကြောင်းကိုနားလည်ဖို့ခက်ခဲပါလိမ့်မယ်၊အခြားသူ‌တွေရဲ့သက်သေခံချက်လဲကြားရမှာမဟုတ်ပါဘူး။ဒါပေမဲ့အများနဲ့အတူမိသဟာရပြုတဲ့အခါ၊တခြားသူရဲ့သက်သေခံချက်နဲ့၊ဘုရားအသုံးပြုတဲ့အမှုတော်ဆောင်တွေဆီကနေဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုလေးလေးနက်နက်သိမြင်လာပါလိမ့်မယ်။ဒါကြောင့်အများနဲ့အတူဝတ်ပြုစည်းဝေးဖို့အရေးကြီးလှပါတယ်။
(ဧဖက်၃:၁၆-၁၉ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့်၊- သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။)

၄။သာ၍ကြီးတဲ့ကောင်းချီးရဖို့ပါ
တစ်ယောက်ထဲဆုတောင်းရင်ကောင်းချီးမရတာမဟုတ်ပါဘူးရပါတယ်။ဒါပေမဲ့ဘုရားသခင်ပေးတဲ့ကောင်းချီးတချို့ဟာအသင်းတော်ဆိုတဲ့ညီအကိုမောင်နှမတွေစုဝေးတဲ့လူစုကိုပေးတာပိုကြီးမားပါတယ်။ဒါကြောင့်တစ်ယောက်ထဲဆုတောင်းဖို့လိုသလို၊အများနဲ့စုဝေးဖို့လဲပိုအရေးကြီးပါတယ်၊ဒါမှကြီးမားတဲ့ကောင်းချီးသက်ရောက်လာပါလိမ့်မယ်။
(ဆာလံကျမ်း၁၃၃:၁-၃ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။ အာရုန်၏ခေါင်းပေါ်မှာလောင်းလျက်၊ သူ၏မုတ်ဆိတ်သို့စီး၍၊ လည်စွပ်တိုင်အောင်ကျသော နံ့သာဆီကဲ့သို့ဖြစ်၏။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ကျသော နှင်းကဲ့သို့ ဖြစ်၏။ ထိုသို့နေကြသောအရပ်၌၊ ထာဝရဘုရားသည် အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟူသော ကောင်းချီးမင်္ဂလာကို စီရင်တော်မူ၏။)

၅။ခွန်အားယူခြင်းနှင့်ခွန်အားပေးခြင်းဖြစ်စေလို့ပါ။
မီးမွေးထားတဲ့ထင်းပုံတစ်ပုံဟာထင်းချောင်းတစ်ချောင်းနဲ့တစ်ချောင်းမီးကူးလောင်နေတာမို့ငြိမ်းဖို့မလွယ်ပါဘူး။ဒါပေမဲ့ထင်းချောင်းတစ်ခုကိုသာထုတ်ပြီးအပြင်ထုတ်ထားရင်အမြန်ငြိမ်းသွားပါလိမ့်မယ်။အသင်းတော်ဝတ်ပြုစည်းဝေးခြင်းဟာထို့အတူပါဘဲ၊အများနဲ့အမြဲဝတ်ပြုသူကယုံကြည်ခြင်းအားအပြည့်ရှိနေတတ်ပြီး၊တစ်ယောက်ထဲနေသူကတော့အားအမြဲနည်းနေတတ်ပါတယ်။ဒါကြောင့်ဝတ်ပြုစည်းဝေးဆိုတာကိုယ်တိုင်ခွန်အားယူခြင်းဖြစ်သလိုကိုယ့်ထက်အားနည်းသူကိုလည်းပြန်အားပေးခြင်းဖြစ်ပါတယ်။
(ဒေသနာကျမ်း ၄:၁၂ လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူ မပြတ်တတ်။)

၆။မျက်မှောက်တော်ကိုပိုနီးစပ်စေတာမို့ပါ။
တစ်ယောက်ထဲချီးမွမ်းရင်မျက်မှောက်တော်မရောက်နိုင်ဘူးလို့မဆိုလိုပါ။ဒါပေမဲ့တစ်ယောက်ထဲဝတ်ပြုချီးမွမ်းတာကအားနည်းမိတတ်တာအမှန်ပါ။အများနဲ့အတူချီးမွမ်းဝတ်ပြုရတာမျိုးကပြောပြလို့မတတ်အောင်ကြည်နူးမှုရှိစေပြီး၊မျက်မှောက်တော်ကိုသာ၍ခံစားစေပါတယ်။မျက်မှောက်တော်ဆိုတာဘုရားသခင်ရှေ့ရောက်ရှိနေခြင်းကို‌ဆိုလိုပါတယ်။
(ရှင်မဿဲခရစ်ဝင်၁၈:၂၀အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။)

၇။အသင်းတော်နိုးထမှုခွန်အားကိုဖြစ်စေလို့ပါ။
တစ်ယောက်ထဲဝတ်ပြုချီးမွမ်းနေရင်ဝိညာဉ်နိုးထခြင်းဖြစ်ခဲ့ရင်တောင်ကိုယ်တစ်ယောက်ထဲဖြစ်နေမှာပါ။အသင်းတော်မှာတော့သူမသွားကိုယ်မသွားရင်ခြောက်ကပ်နေပါလိမ့်မယ်။ဒါပေမဲ့အများနဲ့အတူဝတ်ပြုစည်းဝေးခြင်းကတော့အသင်းတော်တစ်ခုလုံးကိုနိုးထစေနိုင်ပြီးဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်လာမှာပါ။လူတိုင်းအသင်းတော်သွားပြီးတာဝန်ကိုယ်စီကျေကြရင်ဧဝံဂေလိပြန့်ပွားပြီးအသင်းတော်နိုးထလာမှာဧကန်မုချပါဘဲ။တစ်ယောက်ထဲဆိုရင်အားနည်းနေမယ်၊အများစုပြီး ဖြစ်လာတဲ့အားကဧဝံဂေလိအတွက်ပိုထိရောက်လာပါလိမ့်မယ်။ဒါကြောင်းဝတ်ပြုစည်းဝေးဖို့လိုတာပါ။
(တမန်တော်ဝတ္ထု ၂:၄၆-၄၇ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။)