အလှူပေးသူနဲ့လက်ခံသူသတိ(၅)ချက်
၁။အလှူငွေမပေးမရဟုမခံယူပါနှင့်။
ပေးလှူခြင်းဆိုတာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပြန်လည်ကျေးဇူးတင်တဲ့အနေနဲ့မိမိဖက်ကနေ
ကျေကျေနပ်နပ်၊လွတ်လွတ်လပ်လပ်နဲ့ပေးလှူရတာဖြစ်ပါတယ်။မလှူရင်မရဘူးဆိုတဲ့ခံယူချက်နဲ့အတင်းအဓမ္မပေးလှူတာမျိုးကိုဘုရားမနှစ်သက်ပါ။အလားတူ၊အမှုတော်ဆောင်အသင်းတော်လူကြီးတွေအနေနဲ့လည်းမည်သူတစ်ဦးတယောက်ကိုမှအလှူငွေမပေးရင်မရဆိုပြီးဖိအားပေးတာမျိုးမလုပ်ပါနဲ့။အလှူငွေပေးချင်လာအောင်ဟောလို့ရတယ်ဆိုပေမဲ့အတင်းအဓမ္မအလှူခံတာမျိုးကိုတော့ဘုရားမနှစ်သက်ပါ။
(၂ ကောရိန္သု 9:7 လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။)
၂။အလှူရှင်အကြိုက်လုပ်ရမယ်မခံယူပါနှင့်။
ပေးလှူခြင်းဟာအစေခံခြင်းအခွင့်အရေးတခုပါ။ပေးလှူသူကငါလှူထားတာမို့ဒီလိုလုပ်ပေးလို့ရမလားဆိုပြီးတောင်းဆိုလို့ရပေမဲ့၊ဒီလိုလုပ်ကိုလုပ်ပေးရမယ်လို့အတင်းလုပ်ခိုင်းလို့မရပါ။ငါ့အကြိုက်နေပေး၊ငါ့အကြိုက်ဟောပေး၊ငါ့အကြိုက်လုပ်၊ဒါမှငါပေးလှူမယ်ဆိုတာမျိုးကမိမိရဲ့ငွေအားဖြင့်အသင်းတော်နဲ့အမှုတော်ဆောင်ကိုချုပ်ကိုင်နေခြင်းပါဘဲ၊ဒါမျိုးကိုဘုရားမနှစ်သက်ပါ။အလားတူအမှုတော်ဆောင်နဲ့အသင်းတော်တွေလည်းဘဲ၊ငါ့ကိုပုံမှန်ပေးလှူနေတာမို့ဆိုပြီးအလှူရှင်အကြိုက်အသက်မရှင်မိပါစေနဲ့၊အလှူရှင်အပြစ်လုပ်နေပေမဲ့မဆုံးမရဲဘဲချော်လဲရောထိုင်မပြုမိပါစေနဲ့။ဘုရားအလိုတော်အတိုင်းသာအသက်ရှင်ပါ။
(တမန်တော် 4:19 ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက်လူတို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။)
၃။အလှူရှင်နာမည်ပေါ်လွင်မှရမယ်လို့မခံယူပါနှင့်။
ပေးလှူတယ်ဆိုတာနာမည်ကြီးဖို့မဟုတ်ပါဘူး၊ကောင်းချီးရဖို့နဲ့ကောင်းချီးရထားလို့ပါ။လူရှေ့ပေါ်လွင်လွန်းရင်ဘုရားရှေ့ကွယ်သွားနိုင်ပါတယ်။ဒါကြောင့်အလှူရှင်တွေအနေနဲ့ပေးလှူခြင်းကိုမဝါကြွားမိပါစေနဲ့၊အထူးသဖြင့်ဦးဘယ်သူဒေါ်ဘယ်သူပေးလှူပါသည်ဆိုတဲ့ကမ္ဗည်းရေးထိုးတာမျိုးကလူရှေ့ပေါ်လွန်စေတာမို့ယုံကြည်သူတွေရှောင်သင့်ပါတယ်(ရေးထိုးခဲ့ရင်အပြစ်ရှိတယ်လို့မဆိုလိုပါ)။အလားတူအမှုတော်ဆောင်နဲ့အသင်းတော်တွေကလည်းအလှူရှင်တွေကိုဆုတောင်းကောင်းချီးပေးလို့ရ ပေမဲ့၊အလှူရှင်ကိုချီးမြောက်လွန်လွန်းတာမျိုးရှောင်ရပါမယ်။
(ရှင်မဿဲ 6:3-4သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။မထင်ရှား(မဝါကြွား)သောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။)
၄။အလှူရှင်ကိုအမြဲကျေးဇူးတင်နေရမယ်လို့မခံယူပါနှင့်။
ပေးလှူလိုက်တယ်ဆိုတာသနားလို့လိုက်ကူညီနေတာမဟုတ်ပါဘူး(အထူးသတိပြုပါ)။ ဘုရားကသင့်ကိုသနားခဲ့လို့ ကောင်းချီးပေးလို့သင်ကကျေးဇူးတင်ပေးလှူနေရတာပါ၊အမှုတော်မြတ်မှာရှယ်ရာပါဝင်နေတာလည်းဟုတ်ပါတယ်။ဒါကြောင့်ငါပေးလှူခဲ့တာမို့ငါ့ကျေးဇူးကိုအမြဲမှတ်မိရမယ်လို့မခံယူပါနဲ့။ပေးလှူရတဲ့အခွင့်ရလို့ကိုကသင်ဘုရားရဲ့ကျေးဇူတော်ချီးမွမ်းပါ။အလားတူ-အသင်းတော်နဲ့အမှုတော်ဆောင်တွေလည်းအလှူရှင်ကို၊တခြားမပေးလှူနိုင်တဲ့သူနဲ့ခွဲခြားဆက်ဆံတာမျိုး၊အလှူရှင်ကိုအထူးအခွင့်ခံVIPလိုသတ်မှတ်တာမျိုးမလုပ်သင့်ပါ။ခရစ်တော်၌တန်းတူပါဘဲ၊မတူတာကပေးလှူခွင့်ရခဲ့သူနဲ့အခွင့်ရပေမဲ့မပေးလှူသူသာကွာတာပါ။အလှူရှင်ကျေးဇူးထက်ဘုရားရဲ့ကျေးဇူးတော်အားဖြင့်ဖြစ်ကြောင်းမှတ်သားပါ။
(ရာဇဝင်ချုပ်ပထမစောင် ၂၉:၁၄ခပ်သိမ်းသောအရာတို့သည်တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။အကျွန်ုပ်တို့သည်ကိုယ်တော်၏ဥစ္စာထဲကသာကိုယ်တော်အားပူဇော်ပါ၏။)
၅။ကောင်းချီးမြော်မှန်းပြီးပေးလှူမှပြန်ရမယ်မခံယူပါနှင့်။
ပေးလှူရင်ကောင်းချီးရမယ်ဆိုတာဘုရားကတိတော်ပါ။ဒါပေမဲ့လူ့အနေနဲ့ကောင်းချီးလိုချင်တဲ့စိတ်နဲ့ပေးလှူတာမျိုးကိုဘုရားမနှစ်သက်ပါဘူး။ချဲထီထိုးသလိုလို၊လောင်းကစားပမာ၊ထိုးရင်ပေါက်မယ်ဆိုတဲ့အတွေးမျိုးနဲ့ပေးလှူတာမျိုး၊ဘုရားသခင်ဆီပေးလှူရင်ကောင်းချီးရမယ်ဆိုတဲ့အပေးအယူစိတ်ထားမျိုးဟာဘုရားမနှစ်သက်ပါဘူး။ကျေးဇူးတင်တဲ့စိတ်၊ပေးလှူချင်တဲ့စေတနာစိတ်နဲ့သာပေးလှူပါ။ဒီလိုစိတ်ထားကိုသာဘုရားအသိအမှတ်ပြုပါမယ်။
(ဆာလံ၅၀:၂၃ကျေးဇူးချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။)