မသေခင်ဆင်ခြင်ရမည့်အရာ(၁၀)ချက်
နိဒါန်း
အသက်ရှင်တုန်းမှာစားဝတ်နေရေးကအရေးကြီးပေမယ့်၊ဒီထက်အရေးကြီးတဲ့အရာတွေကိုဥပေက္ခာမပြုမိအောင်၊လောကကြီးကနေမထွက်ခွာခင်လေးမှာအရေးကြီးတဲ့အချက်တွေကိုဆင်ခြင်နှလုံးသွင်းမိဖို့လိုပါတယ်။သေမှဝိညာဥ်နောင်တရနေရင်အချိန်လွန်သွားပါပြီ၊မသေခင်သတိထားမိဖို့ဆင်ခြင်စရာအချက်(၁၀)ချက်တင်ပြပါမယ်။
၁။မသေခင်မှာဘယ်ဂိုဏ်းဂနရဲ့ဘယ်အဖွဲ့အစည်းဖြစ်ခဲ့တယ်ဆိုတာထက်၊ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့လားဆိုတာအချိန်မှီဆင်ခြင်ပါ။
(ရှင်ယောဟန်၃:၃၅ သားတော်(ယေရှု)ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။)
၂။မသေခင်မှာကိုယ်ဘယ်လောက်တော်ခဲ့တယ်/တတ်ခဲ့တယ်ဆိုတာထက်၊မေတ္တာနဲ့လုပ်ကိုင်ခဲ့လားဆိုတာအချိန်မှီဆင်ခြင်ပါ။
(၁ကော 8:1 ဉာဏ်သည်ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။)
၃။မသေခင်အမှုတော်မြတ်မှာဘယ်လောက်လုပ်ကိုင်ခဲ့ပြီဆိုတာထက်သေးငယ်တဲ့အရာကအစသစ္စာရှိခဲ့လားဆိုတာအချိန်မှီဆင်ခြင်ပါ။
(ရှင်လုကာ၁၆:၁၀အနည်းငယ်သောအမှု၌သစ္စာရှိသောသူသည်ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။)
၄။မသေခင်မှာတရားအများကြီးဟောခဲ့/နားထောင်ခဲ့ပြီဆိုတာထက်၊ဟောခဲ့တဲ့တရား/နားထောင်ခဲ့တဲ့တရားအတိုင်းဘယ်လောက်အသက်ရှင်ခဲ့လဲဆိုတာအချိန်မှီဆင်ခြင်ပါ။
(ယာကုပ်၁:၂၂ကိုယ်ကိုကိုယ်လှည့်ဖြား၍၊နှုတ်ကပတ်တရားကိုနာရုံမျှသာပြုသောသူမဟုတ်၊တရားကိုကျင့်သောသူ ဖြစ်ကြလော့။)
၅။မသေခင်မှာဝိညာဉ်ဆုကျေးဇူးဘယ်လောက်ရှိခဲ့တယ်ဆိုတာထက်၊အဲဒီဘုရားပေးတဲ့ဆုကျေးဇူးနဲ့ဘယ်လောက်ပါဝင်နေပြီလည်းဆိုတာအချိန်မှီဆင်ခြင်ပါ။
(၁ပေ၄:၁၀သင်တို့သည်ဆုကျေးဇူးတော်ကိုအသီးအသီးခံရကြသည်နှင့်အညီ၊ဘုရားသခင်၏အထူးထူးအပြားပြားသောကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊အချင်းချင်းဝေငှပေးကမ်းကြလော့။)
၆။မသေခင်မှာဘယ်လောက်သုံးဖြုန်းနိုင်ခဲ့ပြီဆိုတာထက်၊အမှုတော်မြတ်မှာဘယ်လောက်ပေးလှူခဲ့သလဲဆိုတာအချိန်မှီဆင်ခြင်ပါ။
(မဿဲ၆:၂၀(စံမီ)ပိုးမွှားနှင့်သံချေးမဖျက်ဆီးတတ်၊သူခိုးများလည်းမဖောက်ထွင်းမခိုးယူနိုင်ရာကောင်းကင်ဘုံ၌သင်တို့အတွက်ဥစ္စာဘဏ္ဍာများကို သိုမှီးထားကြလော့။)
၇။မသေခင်မှာဘယ်လောက်ပိုင်ဆိုင်နေပြီဆိုတာထက်၊ဘယ်လောက်ပေးကမ်းလိုက်ပြီဆိုတာအချိန်မှီဆင်ခြင်ပါ။
(တမန်20:35ထိုသို့သင်တို့သည်လည်းအလုပ်လုပ်၍အားနည်းသောသူတို့ကိုမစရမည်ကိုလည်းကောင်း၊အစွန့်အကြဲခံခြင်းအရာထက်စွန့်ကြဲခြင်းအရာသည်သာ၍မင်္ဂလာရှိသည်ဟုသခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်။)
၈။မသေခင်မှာအဆင့်မြင့်အစားအစာဘယ်လောက်စားဖူးပြီဆိုတာထက်၊ငတ်မွတ်နေတဲ့သူကိုဘယ်လောက်ကြွေးမွေးခဲ့လဲဆိုတာအချိန်မှီဆင်ခြင်ပါ။
(ရှင်မဿဲ၁၀:၄၂အကြင်သူသည်တပည့်တော်၏မျက်နှာကိုထောက်၍ဤသူငယ်တစ်စုံတစ်ယောက်အားရေတစ်ခွက်ကိုမျှပေး၏။ထိုသူသည်အကျိုးကိုမရဘဲမနေရာ၊ငါအမှန်ဆိုသည်ဟုမှာထားတော်မူ၏။)
၉။မသေခင်မှာဝင်ငွေဘယ်လောက်ကောင်းတယ်ဆိုတာထက်၊မတရားစီးပွားရှာနေခဲ့သလားဆိုတာဆင်ခြင်ပါ။
(သုတ္တံ၁၀:၂မတရားသော ဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။)
၁၀။မသေခင်မှာအများရှေ့မှာကောင်းမှုဘယ်လောက်လုပ်ခဲ့ပြီဆိုတာထက်၊လူမသိသူမသိတဲ့ကွယ်ရာမှာမကောင်းမှုဘယ်လောက်လုပ်ခဲ့မိသလဲအချိန်မှီဆင်ခြင်ပါ။
(ရှင်မဿဲ ၂၃:၂၈ ထိုအတူ သင်တို့သည်အပြင်၌လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။)
နိဂုံး
ဒီအချက်ဆယ်ချက်ကိုအတူတကွဆင်ခြင်တာဟာ၊ဆင်ခြင်ပြီးမှန်တယ်ဆိုရုံနဲ့ရပ်နေဖို့မဟုတ်ပါဘူး၊မသေခင်လေးမှာထာဝရအတွက်အကျိုးရှိတဲ့အရာတွေမို့၊အသက်ရှင်နေတုန်း၊အချိန်မှီတုန်းအမြန်ဆုံးလုပ်ဆောင်သွားကြဖို့တိုက်တွန်းလိုက်ရပါတယ်။