• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယုံကြည်သူနှင့်မိမိကိုယ်ကိုအဆုံးစီရင်ခြင်း

ဆရာရဲမင်း

11 月 20, 2024

ယုံကြည်သူနှင့်မိမိကိုယ်ကိုအဆုံးစီရင်ခြင်း

နိဒါန်း
W.H.Oရဲ့စစ်တမ်းကောက်ချက်အရ၊ကမ္ဘာ‌ပေါ်မှာနှစ်စဉ်လူပေါင်း၇သိန်းလောက်မိမိကိုယ်ကိုအဆုံးစီရင်ကြကြောင်းဖော်ပြထားပါတယ်။အဆုံးစီရင်ရတဲ့အကြောင်း၇မျိုးလောက်ရှိပါတယ်
၁။ယုံကြည်ကိုးကွယ်မှုကြောင့်အဆုံးစီရင်ခြင်း
၂။လက်စားချေဖို့အဆုံးစီရင်ခြင်း
၃။မျော်လင့်ချက်မဲ့ပြီးအဆုံးစီရင်ခြင်း
၄။ဖြစ်ပျက်မဲ့အရာကိုမရင်ဆိုင်နိုင်(ရဲ)လို့အဆုံးစီရင်ခြင်း
၅။နောင်တရလွန်ပြီးမိမိအမှားကြောင့်အဆုံးစီရင်ခြင်း
၆။စိတ်ရောဂါကြောင့်အဆုံးစီရင်ခြင်း
၇။နိုင်ငံနှင့်လူမျိုးအတွက်မိမိကိုယ်ကိုအဆုံးစီရင်ခြင်း

၁။ကျမ်းစာထဲကအဆုံးစီရင်တဲ့သာဓကများ
(၁)အဘိမလက်(တရားသူကြီး၉:၅၀-၅၇)
မိန်းမတစ်ဦးရဲ့လက်ချက်ကြောင့်ခေါင်းကွဲသွားလို့၊မိန်းမလက်ထဲသေတယ်ဆိုတဲ့သတင်းကိုမလိုချင်လို့၊မရင်ဆိုင်နိုင်လို့၊ငယ်သားကိုဓားနဲ့လာသတ်ခိုင်းခဲ့သူပါ။

(၂)ရှံဆုန်(တရားသူကြီး၁၆:၂၃-၃၁)
အားကြီးတဲ့ရှံဆုန်ကမိန်းမမာယာကြောင့်ဆံပင်ညပ်ခံရပြီးအားနည်းသွားလို့အဖမ်းခံရပါတယ်။တိုင်နှစ်ခုကြားကြိုးတုတ်ထားခံရချိန်ရန်သူနဲ့အတူသေခွင့်ပြုဖို့ နောင်တနဲ့ဆုတောင်းလို့အားပြန်ရလာပြီးပွဲချင်းပြီးအကုန်သေခဲ့သူပါ။ဒါကလက်စားချေခြင်းနဲ့ယုံကြည်ကိုးကွယ်မှုဆိုင်ရာအဆုံးစီရင်ခြင်းပါ။

(၃)ရှောလု(၁ရာ၃၁:၂-၄)
တိုက်ပွဲမှာရန်သူတွေရဲ့မြှားဒဏ်ကြောင့်မသေချင်ဘဲ၊ငယ်သားကိုလာသတ်ခိုင်းပါတယ်။ငယ်သားကမသတ်ရဲလို့သူ့ကိုယ်သူဓားထောင်ပြီးဓားပေါ်လဲချသေခဲ့သူပါ။ဒါကရန်သူလက်ထဲမရောက်အောင်ကာကွယ်ခြင်းဖြစ်သလို၊ ရှေ့ ရေးမရင်ဆိုင်ရဲတဲ့အဆုံးစီရင်ခြင်းပါ။

(၄)လက်နက်ဆောင်လုလင်(၁ရာ၃၁:၂-၅)
ရှောလုရဲ့လက်နက်ဆောင်လုလင်ပါ၊သူ့သခင်သေပြီးသူလဲနိုင်ငံ့အတွက်အဆုံးစီရင်သွားသူပါ။ဒါကယုံကြည်မှုနဲ့နိုင်ငံအတွက်အဆုံးစီရင်သွားခြင်းပါ။

(၅)အဟိသောဖေလ(၂ရာ၁၇:၁၅-၂၃)
ဒါဝိဒ်ကိုသတ်ဖို့အဗရှလုံကိုအဟိ‌သောဖေလကအကြံပေးလိုက်ပါတယ်၊ဒီအကြံကိုအဗရှလုံကမယုံလို့မသုံးဘဲ၊ဒါဝိဒ်လွတ်ထားတဲ့သူလျှိုရဲ့အကြံကိုသုံးလို့သူ့သခင်ကိုသူစိတ်လေစိတ်ဓာတ်ကျပြီးကြိုးစွဲချသေသွားတာပါ။ဒါမျိုးကမျော်လင့်ချက်မဲ့ပြီးအဆုံးစီရင်ခြင်းတမျိုးပါဘဲ။

(၆)ဇိမရိ(၃ရာ၁၆:၁၅-၁၉)
ဗိုလ်ချုပ်သြမရိကဣသရေလလူတွေကိုဦးဆောင်ပြီးဘုရင်နန်းတော်ကိုဝိုင်းထားတာပါ။ဘုရင်ဇိမရိကဒါကိုသိပြီးချိန်-သေမထူးနေမထူးဆိုပြီးနန်းတော်တခုလုံးကိုမီးရှို့လိုက်ပါတယ်။သူလဲမီးထဲအဆုံးစီရင်သွားပါတယ်။ဒါကမျော်လင့်ချက်မဲ့ပြီးအဆုံးစီရင်တာမျိုးပါ။

(၇)ယုဒရှကာယုတ်(မဿဲ၂၇:၃-၄)
ယေရှုကိုရောင်းစားလိုက်တာနောင်တရလွန်ပြီး၊မိမိအမှားကြောင့်အဆုံးစီရင်သွားသူပါ။ဒါကတော့မိမိအမှားကြောင့်မိမိကိုယ်ကိုခွင့်မလွတ်နိုင်တော့လို့အဆုံးစီရင်သွားတာမျိုးပါ။

၂။အဆုံးစီရင်သူများကယ်တင်ခြင်းရနိုင်သေးလား?
ဒီမေးခွန်းကိုမဖြေခင်အဆုံးစီရင်ခြင်းနှစ်မျိုးကိုမြင်စေချင်ပါတယ်။ပထမတခုကမိမိအတ္တနဲ့မိမိသ‌ဘောအတွက်အဆုံးစီရင်ခြင်း၊ဒုတိယတခုကအများအတွက်‌ပေးဆပ်အဆုံးစီရင်ခြင်းပါ။
ပထမတခုကအပြစ်ရှိတယ်လို့ပြောနိုင်ပေမဲ့၊ဒုတိယတခုကတော့အပြစ်ရှိတယ်လို့ပြောရခက်ပါတယ်။
ဥပမာယေရှုခရစ်တော်တောင် အပြစ်သားကိုကယ်တင်ဖို့၊မိမိကိုယ်ကိုသေဖို့လောကကိုတမင်တကာလာတာပါ(ယော၁၅:၁၃၊ယော၁၀:၁၇-၁၈)။

နောက်တလှမ်းဆုတ်ပြီးပြောရရင်၊မိမိသဘောနဲ့အဆုံးစီရင်ခြင်းဟာအပြစ်ကြီးတယ်ဆိုပေမဲ့ဒီအပြစ်ဟာခွင့်မလွတ်နိုင်တဲ့အပြစ်မဟုတ်ရပါဘူး။ရောမ၈:၃၈-၃၉မှာသေခြင်းကလည်းခရစ်တော်ရဲ့ချစ်ခြင်းနဲ့မကွာစေနိုင်ကြောင်းဖော်ပြထားတာသတိပြုပါ။ဒါကြောင့်ကယ်တင်ခြင်းရထားတာမှန်ရင်အားနည်းပြီးအဆုံးစီရင်ခဲ့ရင်တောင်ကယ်တင်ခြင်းမဆုံးရှုံးပါ။

ဒီလိုလေးစဉ်းစားကြည့်ပါ
ကယ်တင်ခြင်းရထားတဲ့သူကအပြစ်ပြုမိနိုင်သေးလား?အဖြေကတော့အားနည်းပြီးအပြစ်ပြုမိနိုင်ပါသေးတယ်။ဒါဆိုရင်ကယ်တင်ခြင်းရထားတဲ့ယုံကြည်သူတစ်ယောက်အားနည်းပြီးအပြစ်ပြုမိနေချိန်သေသွားရင်ကယ်တင်ခြင်းမရတော့ဘူးလား?ဥပမာလိမ်ညာနေတုန်းသေသွားရင်ကယ်တင်ခြင်းမရတော့ဘူးလား?မဟုတ်ရပါ။ဒါဆိုရင်အဆုံးစီရင်ခြင်းကအပြစ်ထဲကအားနည်းမှုအပြစ်တခုသာဟုတ်တယ်ဆိုရင်အဆုံးစီရင်လိုက်လို့ငရဲကျမှာလား?လုံးဝမဟုတ်ရပါ။
ရှံဆုန်ကအဆုံးစီရင်ခဲ့ပေမဲ့(ဟေဗြဲ၁၁:၃၂-၃၉)မှာယုံကြည်ခြင်းသူရဲကောင်းစာရင်းဝင်ထားတာမမေ့သင့်ပါ။
ကယ်တင်ခြင်းကသင်အားနည်းချက်တခုလေးကြောင့်ဆုံးရှုံးနိုင်ရင်ဒါဟာခိုင်မာတဲ့ကယ်တင်ခြင်းမဟုတ်တော့ပါဘူး။စစ်မှန်တဲ့ကယ်တင်ခြင်းရသူကအဆုံးမစီရင်နိုင်ဘူးလို့ခံယူရင်စစ်မှန်တဲ့ယုံကြည်သူကအားမနည်းနိုင်ဘူးလို့ပြောတာနဲ့တူပါတယ်၊ဘာလို့လဲဆိုတော့အဆုံးစီရင်ခြင်းဟာလည်းအပြစ်ထဲကအားနည်းခြင်းတမျိုးပါဘဲ။

နိဂုံး
ဒါဆိုရင်လူတိုင်းလွတ်လပ်စွာအဆုံးစီရင်လို့ရပြီလို့လူတချို့စောဒကတက်နိုင်ပါတယ်။ဒီလိုစဉ်းစားကြည့်ပါ-အကောင်းဆုံးဆေးရှိပြီမို့လူတိုင်းကိုယ့်ကိုယ်ကိုအနာတရဖြစ်အောင်လုပ်လို့ရပြီ?အစဉ်ပြေပါသလား? ယေရှုခရစ်တော်ကအပြစ်ဆေးကြောပေးလို့အပြစ်ကိုအားရပါးရလုပ်လို့ရပြီလား?မရပါ။ဒါကြောင့်ယုံကြည်သူတွေသတိပြုရမှာကမိမိသဘောနဲ့အဆုံးစီရင်ခြင်းကအပြစ်ရှိကြောင်းပါ။ဒါကိုသတိထားရှောင်ရပါမယ်။ယုံကြည်သူတိုင်းအားနည်းတတ်တာမှန်ပါတယ်၊ကျမ်းစာထဲမှာလဲစိတ်ညစ်အားနည်းပြီးသေဖို့စိတ်ကူးရှိသူတွေရှိခဲ့ဖူးပါတယ်၊ဥပမာမောရှေ(တောလည်ရာ၁၁:၁၄-၁၅)၊ဧလိယ(၂ရာ၁၉:၄)၊ယောဘ(ယောဘ၇:၁၅-၁၆)၊ယောန(ယောန၄:၈)၊ပေါလု(ဖိ၁:၂၃)။ဒါပေမဲ့သူတို့ကိုဘုရားနှစ်သိမ့်ပေးခဲ့လို့ဖြေသာခဲ့ကြပါတယ်။ယနေ့သင်ဘယ်လောက်စိတ်ညစ်နေပါစေ၊အမှားပြုမိခဲ့ပါစေ၊ဘုရားရှိပါသေးတယ်ဆိုတာအမြဲသတိရပါ၊မိမိကိုယ်ကိုအဆုံးစီရင်တာမျိုးကိုရှောင်ပါ။အဆုံးစီရင်တာမျိုးကကယ်တင်ခြင်းမဆုံးရှူံးဘူးဆိုရင်တောင်ဆုလာဒ်တွေဆုံးရှုံးနိုင်လို့ပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာက
ကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်မဆုံးရှုံးနိုင်ဘူးဆိုတာကလွတ်လပ်စွာသဘောထားကွဲလွဲလို့ရတဲ့အရာဖြစ်ပါတယ်၊ဒါကိုဘယ်ဖက်ကနေခံယူခံယူအပြစ်မရှိသလိုကယ်တင်ခြင်းမပျောက်သွားပါ။ကျွန်တော်ကတော့ကျမ်းစာအရကျွန်တော်ခံယူတဲ့ဖက်ကနေတင်ပြသွားတာဖြစ်ပါတယ်။

ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။