ဝါတွင်းရက်(၄၀)အကြောင်းသိကောင်းစရာများ
Ye Ming – RubyLand
၁။ဝါတွင်းရက်(၄၀)ဆိုတာကျမ်းစာထဲသတ်မှတ်ပေးထားတာတော့မဟုတ်ပါဘူး။ကနဦးအသင်းတော်ကနေယေရှုခရစ်ရဲ့ပေးဆပ်သွားခြင်းကိုအောက်မေ့တဲ့အနေနဲ့သတ်မှတ်ပေးခဲ့တဲ့နေထူးနေ့မြတ်ရှည်ကြီးပါ။ဒီရက်(၄၀)အတွင်းမှာအစာရှောင်ခြင်း၊နောင်တရခြင်း၊မိမိအပြစ်ကိုဆင်ခြင်ခြင်း၊ခရစ်တော်ရဲ့ပေးဆပ်ခဲ့ခြင်းကိုအောင်မေ့ခြင်းတွေအဓိကပြုလုပ်ရပါတယ်။
၂။ဝါတွင်းရက်(၄၀)ကိုဘာလို့ရက်(၄၀)သတ်မှတ်ခဲ့ကြသလဲဆိုတော့၊ဣသရေလလူမျိုးတွေရဲ့နှစ်(၄၀)တောလည်ခဲ့တာကိုပုံဆောင်သလို၊သခင်ယေရှုရဲ့ရက်(၄၀)အစာရှောင်ခဲ့ခြင်းကိုအခြေပြုပြီးစတင်ခဲ့တာပါ။ဒါကြောင့်ဝါတွင်းရက်(၄၀)ဆိုတာမူရင်းအခေါ်အဝေါ်ကိုကလာတင်လို Quadragesima (လေးဆယ်)ဖြစ်ပါတယ်။အင်္ဂလိပ်လိုLentဖြစ်ပြီးLenctenရဲ့အတိုကောက်ပါ။အဓိပ္ပာယ်ကနွေဦးရာသီပါ။ကနဦးအသင်းတော်ကနွေဦးရာသီမှာပြုလုပ်ဖို့သတ်မှတ်ထားတာနဲ့ဆိုင်ပါတယ်။
၃။ဝါတွင်းရက်(၄၀)ကိုခရစ်ယာန်ဂိုဏ်းဂနအနေနဲ့အဓိကအားဖြင့်ရိုမန်ကာသိုလိတ်၊အင်္ဂလီကန်၊လူသာရင်နဲ့အော်တို့ဒေါ့တို့အဓိကပြုလုပ်ကြပြီး၊တခြားညီအကိုခရစ်ယာန်အဖွဲ့(နှစ်ခြင်း၊ပရက်ပေးရီးရန်း၊ညီအကိုများအသင်း)တချို့လည်းပြုလုပ်လေ့ရှိပါတယ်။ စာရေးသူအနေနဲ့တော့ကျမ်းစာနဲ့ကိုက်ညီလို့ခရစ်ယာန်တိုင်းပြုလုပ်သင့်တဲ့အရာလို့မြင်မိပါတယ်။
၄။ဝါတွင်းရက်(၄၀)ကနှစ်စဉ်ရက်အသေသတ်မှတ်ထားတာမျိုးမဟုတ်ဘဲ၊ရှင်ပြန်ထမြောက်ရာနေ့ကိုအစွဲပြုပြီးပြောင်းလဲနေတာဖြစ်ပါတယ်။ရှင်ပြန်ထမြောက်ရာနေ့ကလည်းနှစ်စဉ်၃လပိုင်း၂၂ရက်ကနေ၄လပိုင်း၂၅ရက်ကြားကလပြည့်ပြီးနောက်တပတ်ရဲ့ တနင်္ဂနွေနေ့ အဖြစ် ရွှေ့လျားနေတာပါ။(အကယ်၍အဲဒီလပြည့်နေ့ကတနင်္ဂနွေကျခဲ့ရင်လာမဲ့အပတ်တနင်္ဂနွေမှရှင်ပြန်ထမြောက်ရာနေ့ကျရောက်မှာဖြစ်ပါတယ်။)
၅။ဝါတွင်းရက်(၄၀)ကိုနှစ်စဉ်ရှင်ပြန်ထမြောက်ရာနေ့မတိုင်ခင်(၆)ပတ်အလိုရဲ့ဗုဒ္ဓဟူးပြာခံနေ့မှာစတင်ပါတယ်။တနည်းအားဖြင့်ဝါတွင်းရက်(၄၀)ဆိုတာရှင်ပြန်ထမြောက်ရာနေ့မတိုင်ခင်ရက်၄၀(တနင်္ဂနွေနေ့မပါ)ကိုဆိုလိုတာပါ။ဗုဒ္ဓဟူးပြာခံနေ့ကစရေတွက်ပြီး(တနင်္ဂနွေနေ့မပါ)ရက်ပေါင်း(၄၀)အထိရောက်ရင်စနေနေ့မှာပြီးဆုံးပါတယ်။ပြီးတာနဲ့တနင်္ဂနွေမှာရှင်ပြန်ထမြောက်ရာနေ့တန်းရောက်ပါတယ်။
၆။ဝါတွင်းရက်(၄၀)ထဲမှာနောက်ဆုံးတစ်ပတ်ကိုသန့်ရှင်းသောရက်သတ္တပတ်(Holy Week)လို့ခေါ်တွင်ပါသေးတယ်။အဲဒီတစ်ပတ်ထဲမှာဆိုရင်သံလွင်ခတ်တနင်္ဂနွေနေ့(Palm Sunday)နဲ့ အစပြုပြီး မဟာသောကြာကြီးနေ့(Good Friday)တို့လည်းပါဝင်ပါအုံးမယ်။အဲဒီတပတ်ပြီးတာနဲ့ဝါတွင်းရက်(၄၀)အဆုံးသတ်ပြီး၊ရှင်ပြန်ထမြောက်ရာနေ့ဝင်ပါတယ်။
၇။ဝါတွင်းရက်(၄၀)ကိုမပါဝင်ရင်(မပြုလုပ်ရင်)အပြစ်ရှိလားဆိုတော့အပြစ်တော့မရှိပါဘူး။ဒါပေမဲ့ပါဝင်ပြုလုပ်နိုင်ရင်မိမိဝိညာဉ်ရေးအတွက်အကျိုးရှိတယ်လို့အားပေးချင်ပါတယ်။ရက်ပေါင်း(၄၀)လုံးအစာမရှောင်နိုင်ရင်တောင် မဟာသောကြာကြီးနေ့ရှောင်ပါ၊ကျန်တဲ့ရက်တွေမှာဂိမ်းရှောင်တာတွေ၊ဆိုရှယ်videoရှောင်တာတွေ၊သားငါးရှောင်တာတွေ၊အပျော်အပါးရှောင်တာတွေ၊အဆဲ ရှောင်တာ တွေ၊ဘီယာအရက်ကွမ်းဆေးလိပ်ရှောင်တာတွေပြုလုပ်ပြီး၊ဘုရားတရားအာရုံပြုကြည့်ပါ၊ထာဝရအကျိုးဖြစ်ထွန်းစေမှာအမှန်ပါဘဲ။သတိထားရမှာကရက်(၄၀)သာကျင့်ပြီးရင်အကုန်လုပ်လို့ရပြီလို့မခံယူစေချင်ပါ၊ဘုရားစကားဆိုတာသေသည့်တိုင်အောင်နာခံအသက်ရှင်ရတာဖြစ်ပါတယ်။
၈။ဒါတွေကကတ်သလစ်တွေဘဲလုပ်တဲ့နေ့မဟုတ်ဘူးလား?နှစ်ခြင်းတွေလုပ်ရင်ကတ်သလစ်ဖြစ်သွားမှာပေါ့ဆိုပြီးဆန့်ကျင်နေသူအမှုတော်ဆောင်တချို့လဲတွေ့နေရပါတယ်။သတိထားရမှာကတခြားဂိုဏ်းဂနတွေလုပ်ခြင်းမလုပ်ခြင်းထက်ဒီလိုလုပ်ခြင်းကကျမ်းစာနဲ့ကိုက်ညီခြင်းမကိုက်ညီခြင်းနဲ့သာစံချိန်ထားဆုံးဖြတ်စေချင်ပါတယ်။မဟုတ်ရင်ခရစ်ယာန်ထုံးတမ်းတွေကအစခရစ္စမတ်ပြုလုပ်ခြင်းကအဆုံးပယ်ရပါလိမ့်မယ်၊ဘာလို့လဲဆိုတော့လက်ရှိပရိုတက်စတင့်တွေလုပ်နေတဲ့ထုံးတမ်း၇၀%လောက်ကနဂိုအာစီထဲမှာရှိတုန်း(မခွဲထွက်ခင်က)လုပ်ခဲ့တဲ့အရာတွေမို့ပါ။အာစီလုပ်သမျှငြင်းဆန်ရင်ဘာမှကျန်မှာမဟုတ်ပါ(ကျမ်းစာအခန်းကြီးအခန်းငယ်ကိုလည်းအာစီတွေကတပ်ခဲ့လိို့မတပ်ဘဲသုံးရလိမ့်မည်)၊သူတို့လုပ်သမျှလဲလိုက်လုပ်ဖို့မလိုပါ၊ကျမ်းစာအရမှန်ရင်လုပ်မမှန်ရင်ပယ်ပါ။ကျမ်းစာကိုက်နေတဲ့လုပ်ရပ်ဆိုရင်ကိုယ်မလုပ်နိုင်ရင်တောင်၊လုပ်နေသူကိုအားပေးပါ၊လုပ်နေတာကကျမ်းစာနဲ့ကိုက်ညီနေလို့အကျိုးရှိစေလို့ပါ။
ဒီနှစ်၂၀၂၅ရဲ့ဝါတွင်းရက်(၄၀)ဟာ ၃လပိုင်း၅ရက်နေ့၊ဗုဒ္ဓဟူးနေ့မှာအစပြုမှာဖြစ်ပြီး- ၄လပိုင်း၁၉ရက်စနေနေ့နေ့မှာပြီးဆုံးပါမယ်။ကြားထဲကတနင်္ဂ နွေ၆ခုကိုနုတ်လိုက်ရင်ရက်ပေါင်း(၄၀)ရပါမယ်။ဆိုတော့၄လပိုင်း၂၀ရက်နေ့ဟာ2025ရဲ့ရှင်ပြန်ထမြောက်ရာနေ့ကျရောက်မှာဖြစ်ပါတယ်။
ကျွန်တော်လေ့လာသိရှိထားသလောက်ဝေမျှတာမို့မပြည့်စုံတာရှိရင်ထောက်ပြနိုင်ပါတယ်။မေးစရာထပ်ရှိရင်လဲမေးနိုင်ပါတယ်။ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
မူရင်း-ဆရာရဲမင်း