• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျမ်းစာထဲကဘာသာစကား(၅)မျိုး

ဆရာရဲမင်း

3 月 18, 2025

ကျမ်းစာထဲကဘာသာစကား(၅)မျိုး

၁။ထူးခြားသောဘာသာစကား
(ရှင်မာကု၁၆:၁၇ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။)
မူရင်းဂရိမှာ“အသစ်သောဘာသာစကား”လို့ရေးပါတယ်။
ဒါကတမန်တော်၂:၄မှာတမန်တော်တွေရခဲ့တဲ့အမျိုးမျိုးသောဘာသာစကားပါဘဲ။ဘာလို့လဲဆိုတော့ယုံကြည်သောသူမှာဖြစ်မဲ့သက်သေ-ဧဝံဂေလိအတွက်သက်သေမို့ပါ(၁ကော၁၄:၂၂-၂၃)။အငယ်၁၅ကိုဖတ်ရင်ဧဝံဂေလိပြုဖို့စေလွတ်နေတာတွေ့ရပါလိမ့်မယ်။(အရင်နဲ့မတူဘဲထူးခြားတဲ့ကျေး‌ဇူးတော်ချီးမွမ်းခြင်းနဲ့ခွင့်လွတ်ခြင်းဆိုင်ရာစကားကိုပြောတတ်လာတာပါလို့အနက်ဖွင့်သူလဲရှိပါတယ်၊ဒါပေမဲ့သတိထားရမှာကမူရင်းမှာထူးခြားတယ်ဆိုတာထက်အသစ်သောအရာကိုဆိုလိုပါတယ်)။

၂။အခြားသောဘာသာစကား
(၁ကော၁၄:၂အ​ကြောင်း​မူ​ကား၊ အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ပြော​သော​သူ​သည် လူ​တို့​အား​မ​ပြော၊ ဘု​ရား​သ​ခင်​အား​ပြော၏။ သူ၏​စ​ကား​ကို အ​ဘယ်​သူ​မျှ နား​မ​လည်။ နက်​နဲ​သော​အ​ရာ​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော၏။)
ဘုရားကိုသာပြောရတဲ့အခြားသောဘာသာစကားကတခြားသူနားမလည်သလို၊ကိုယ်တိုင်လဲနားမလည်တဲ့သဘောမှာရှိပါတယ်။ဘုရားသာနားလည်တဲ့သဘောပါ။ဒါပေမဲ့အခုလက်ရှိလူတွေပြောနေတဲ့အပါရှာလာလာလာတွေမဟုတ်ဘူးဆိုတာသိသာပါတယ်။ဘာလို့လဲဆိုတော့ဒီတခုကဖရိုဖလဲဖြစ်မှာစိုးလို့ အများ‌ရှေ့‌မှာမပြောဖို့(ပြောရင်တောင်၃ယောက်ထက်မကျော်ဖို့နဲ့ဘာသာပြန်ရှိ‌မှပြောဖို့)၁ကော၁၄မှာအထူးစည်းကမ်းသတ်မှတ်ထားပါတယ်။အခြားလူကိုမတည်ဆောက်ဘဲကာယကံရှင်ကိုတည်ဆောက်ဖို့သာမို့ပါ(၁ကော၁၄:၄)။

၃။အမျိုးမျိုးသောဘာသာစကား
(တမန်တော်၂:၄ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။)
လူတွေနားလည်နိုင်တဲ့တိုင်းနိုင်ငံတွေရဲ့ဘာသာစကားကို‌ဆိုလိုပါတယ်။အပါရှာလာလာလာလာဆိုပြီးဘာပြောနေမှန်းမသိတဲ့ဟာတွေမဟုတ်ပါဘူး၊း။ဥပမာ-ဂျပန်လိုတစ်လုံးမှမတတ်တဲ့သာသနာပြုတစ်ယောက်ကဝိညာဉ်တော်ဆုကျေးဇူးကြောင့်ဂျပန်လိုချက်ချင်းဟောပြောနိုင်တာမျိုး(သို့မဟုတ်)ကြားတဲ့ဂျပန်တွေကသူတို့ဘာသာစကားနဲ့ကြားရတာမျိုးကို‌ဆိုလိုပါတယ်။

၄။ကောင်းကင်တမန်ဘာသာစကား
(၁ကော၁၃:၁ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။)
ကောင်းကင်တမန်တွေအချင်းချင်းပြောကြတဲ့ဘာသာစကားပါ။ဒါကိုတော့ကျွန်တော်တို့ကောင်းကင်ရောက်မှသိရပါမယ်။ဒီနေရာမှာရှင်ပေါလုကကောင်းကင်တမန်ဘာသာစကားကိုရှေ့တန်းတင်နေတာမဟုတ်ဘဲ၊ကောင်းကင်တမန်ဘာသာစကားသိခဲ့ရင်တောင်မေတ္တာမရှိရင်အလဟသဘဲလို့သတိပေးနေတာမြင်ဖို့လိုပါတယ်။

၅။အသီးသီးသောဘာသာစကား
(ဒံယေလ၃:၄ထိုအခါ သံတော်ဆင့်တစ်ယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့၊)
သီးခြားဘာသာစကားတခုအနေနဲ့တည်ရှိနေတာမဟုတ်ပါဘူး‌။အသီးသီးဆိုတာကိုယ်စီကိုယ်စီကိုပြောတာပါ၊လူတိုင်းကိုယ်စီသူတို့ဘာသာစကားနဲ့သူတို့ပြောတာကို‌ဆိုလိုပါတယ်။ဒါကြောင့်အသီးသီးသောဘာသာစကားဆိုတာတိုင်းနိုင်ငံတွေရဲ့ဘာသာစကားအသီးသီးကိုရည်ညွန်းပါတယ်။

မှတ်ချက်-အခြားသောဘာသာစကားနဲ့အမျိုးမျိုးသောဘာသာစကားရဲ့မူရင်းဂရိဟာစကားလုံးတခုသာဖြစ်ပါတယ်။ဒါဟာဆုကျေးဇူးတခုသာဖြစ်ပါတယ်၊ကယ်တင်ခြင်းရတဲ့သက်သေမဟုတ်သလို၊ယုံကြည်သူတိုင်းမရှိမဖြစ်လဲမဟုတ်ပါ။ဒါကြောင့်ယုံကြည်သူတိုင်း မတူညီတဲ့ဆု ‌‌ကျေးဇူးရှိနေတာအံ့ဩစရာမလိုပါ။အသင်းတော်မှာအခြားသောဘာသာစကားထက် သူတပါးကိုတည်‌ ဆောက်‌စေဖို့နဲ့မေတ္တာကိုသာ၍လိုက်စားကြဖို့ကျမ်းစာကမှာခဲ့ပါတယ်။
မူရင်း-ဆရာရဲမင်း