ထမြောက်ခြင်းမရှိခဲ့ရင်ဖြစ်လာမဲ့အကျိုးမဲ့ခြင်း(၆)မျိုး
နိဒါန်း
(၁ကော၁၅:၁၂-၂၀)အရတချိန်ကကောရိန္သုအသင်းတော်ရဲ့ပြဿနာအများကြီးထဲမှာထမြောက်ခြင်းမရှိပါဘူးဆိုတဲ့အရာကလည်းတခုအပါအဝင်ဖြစ်ပါတယ်။ဒီပြဿနာကကြီးလာလို့ရှင်ပေါလုကကိုယ်တိုင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ကြောင်းခိုင်ခိုင်မာမာ စာရေးပြီးဖြေရှင်းပေးခဲ့ရတဲ့အထိပါ။အကယ်၍ယေရှုခရစ်သာမထမြောက်ခဲ့ရင်ဘာတွေဖြစ်မလဲဆိုတာကိုလည်းရှင်ပေါလုကသူတို့နားလည်အောင်ဖော်ပြခဲ့ပါတယ်။အနည်းငယ်လေ့လာရအောင်ပါ။
၁။ဟောပြောခြင်း၌အကျိုးမရှိ(၁ကော၁၅:၁၄a)
အကယ်၍ယေရှုခရစ်တော်သာမထမြောက်ခဲ့ဘူးဆိုရင်၊တမန်တော်တွေကအစ-ယနေ့တရားဟောဆရာတွေရဲ့ ဟောပြောခြင်းတွေ၊ဧဝံဂေလိဆရာတွေရဲ့ဟောပြောခြင်းတွေ၊သာမန်ယုံကြည်သူတွေရဲ့ဟောပြောခြင်း(ဧဝံဂေလိဟောခြင်း)တွေဟာအချည်းနှီးသက်သက်သာဖြစ်ကြောင်းကျမ်းစာကဖော်ပြပါတယ်။ဆိုလိုချင်တာကယေရှုခရစ်ထမြောက်ခြင်းကြောင့်သာဒီဟောပြောခြင်းတွေကကြားရသူတိုင်းအတွက်ထာဝရအသက်ရှင်ဖို့မျော်လင့်ချက်ဖြစ်လာစေတာပါ။အာမင်။
၂။ယုံကြည်ခြင်း၌အကျိုးမရှိ(၁ကော၁၅:၁၄b)
အကယ်၍ယေရှုခရစ်တော်သာမထမြောက်ခဲ့ဘူးဆိုရင်၊ခရစ်ယာန်တွေရဲ့ယုံကြည်ခြင်းဟာအချည်းနှီးသက်သက်ဘဲလို့ကျမ်းစာကဖော်ပြထားပါတယ်။ဘာလို့လဲဆိုတော့ခရစ်ယာန်တွေရဲ့ ယေရှုခရစ်အပေါ်ယုံကြည်နေရခြင်းအဓိကအကြောင်းရင်းဟာယေရှုခရစ်အရင်သေရာကနေရှင်ပြန်ထမြောက်ခဲ့ပြီမို့၊တစ်နေ့ကျရင်ငါလဲအလားတူသေရာကနေရှင်ပြန်ထမြောက်ပြီး-မအိုမနာမသေတော့တဲ့ခန္ဓာပိုင်ဆိုင်ရမယ်ဆိုတဲ့ကျမ်းစကားအပေါ်ယုံကြည်တည်မြဲနေကြတာမို့ပါ။အာမင်။
၃။သက်သေခံရာ၌လူလိမ်ဖြစ်မည်(၁ကော၁၅:၁၅)
အကယ်၍ယေရှုခရစ်တော်သာမထမြောက်ခဲ့ဘူးဆိုရင်၊ခရစ်ယာန်တွေရဲ့သက်သေခံခြင်း(မိမိအသက်တာမှာယေရှုဘုရားကိုဘယ်လိုသိရှိယုံကြည်ခဲ့ကြောင်းနဲ့ယေရှုဘုရားဘယ်လိုအသက်ရှင်ကူညီခဲ့ကြောင်း)တွေဟာအချည်းနှီးသက်သက်သာဖြစ်ပြီး၊လူတွေကိုဘာသာစွယ်လိုက်လိမ်နေတာဘဲဖြစ်တယ်လို့ကျမ်းစာကဖော်ပြထားပါတယ်။ဒါပေမဲ့ယနေ့ယေရှုခရစ်တော်ဟာအမှန်ထမြောက်ခဲ့ပြီမို့ဘာသာစွယ်နေခြင်းမဟုတ်ဘဲ၊မိမိကိုယ်တိုင်မြည်းစမ်းပြီးကောင်းသည်ဟူသောအရာကိုပြန်လည်မျှဝေခြင်းသာဖြစ်ကြောင်း၊လူတိုင်းကိုလည်းကောင်းစေချင်သောစိတ်ဖြင့်သက်သေခံခြင်းဖြစ်ကြောင်းနားလည်ရပါမည်။
၄။လူသားတိုင်းအပြစ်နွံထဲဆက်နှစ်မြုပ်နေမည်(၁ကော၁၅:၁၇)
အကယ်၍ယေရှုခရစ်တော်သာမထမြောက်ခဲ့ဘူးဆိုရင်သူ့ကိုယုံကြည်သူကောမယုံကြည်သူပါအတူတူအနူနူအပြစ်နွံထဲဆက်နစ်မြုပ်နေမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အပြစ်ရဲ့အခဟာသေခြင်းဖြစ်ပြီးအဲဒီသေခြင်းကိုအောင်မြင်ဖို့ယေရှုခရစ်တော်အရင်သေရာကနေထမြောက်ပြခဲ့ရတာပါ။ဒါကြောင့်ယေရှုသာသေခြင်းကိုမအောင်မြင်ခဲ့ရင်လူတွေဟာအပြစ်ထဲမှာဘဲသေနေမှာဖြစ်ပါတယ်။ဒါပေမဲ့ယေရှုခရစ်ယနေ့အမှန်ထမြောက်ခဲ့ပြီမို့သူ့ကိုယုံကြည်လက်ခံသူတိုင်းဟာသူ့လိုသေခြင်းကိုအောင်မြင်ခွင့်ရမှာဖြစ်ပါတယ်။အာမင်။
၅။သေနှင့်ပြီးတဲ့ယုံကြည်သူတွေဆုံးရှုံးသွားမည်(၁ကော၁၅:၁၈)
အကယ်၍ယေရှုခရစ်တော်သာမထမြောက်ခဲ့ဘူးဆိုရင်သူ့ကိုယုံကြည်ပြီးသေသွားခဲ့ပြီဖြစ်တဲ့ခရစ်ယာန်တွေအားလုံးပျက်စီးဆုံးရှုံးသွားကြရပါလိမ့်မည်။ဘာလို့လဲဆိုတော့သူတို့ယုံကြည်ခဲ့တဲ့ခရစ်တော်ဘုရားတောင်သေခြင်းကိုမအောင်ခဲ့ရင်သူတို့လည်းအလားတူသေခြင်းမှာဘဲခရီးဆုံးရကြပါလိမ့်မည်။ဒါပေမဲ့ယေရှုခရစ်ယနေ့အမှန်ထမြောက်ခဲ့ပြီမို့သူ့ကိုယုံကြည်လက်ခံပြီးသေသွားခဲ့တဲ့သူတိုင်းဟာယခုပရာဒိတုဘုံမှာပျော်နေကြပါပြီ။နောက်ဆုံးသောတံပိုးမှုတ်ချိန်မှာပြန်လည်ရှင်ပြန်ထမြောက်ရမှာဖြစ်ပြီးကောင်းကင်သစ်မြေကြီးသစ်ကိုဝင်စားရမှာဖြစ်ပါတယ်။အာမင်။
၆။ခရစ်ယာန်တွေဟာအခြားသူတွေထက်သနားစရာလူဖြစ်သွားမည်(၁ကော၁၅:၁၉)
အကယ်၍ယေရှုခရစ်တော်သာမထမြောက်ခဲ့ဘူးဆိုရင်သူ့ကိုယုံကြည်ပြီးနေ့တိုင်းကျမ်းစာဖတ်ဆုတောင်းနေသူများ၊နေ့တိုင်းအစာရှောင်ဆုတောင်းနေသူများ၊ပေးကမ်းလှူဒါန်းနေသူများ၊နေပူမိုးရွာမရွေးဧဝံဂေလိလုပ်နေသူများ၊သူ့ကြောင့်အရှက်ခွဲအနှိပ်စက်ခံရသူများ၊ဧဝံဂေလိကြောင့်အဖမ်းခံအသေခံရသူများအတွက်အထူးသနားဖွယ်ကောင်းသူတွေဖြစ်သွားပါလိမ့်မည်။ဘာလို့လဲဆိုတော့ဘာမှအကျိုးမရှိတာကိုတစ်ဘဝလုံးရင်းပြီးလုပ်ဆောင်နေကြလို့ပါ။ဒါပေမဲ့ယေရှုခရစ်ယနေ့အမှန်ထမြောက်ခဲ့ပြီမို့သူ့ကိုယုံကြည်လက်ခံပြီးပေးဆပ်ခဲ့သမျှထာဝရမှာအကျိုးကြီးကြီးရှိမည်ဟုကျမ်းစာကကတိပေးထားပါသည်။အာမင်။
နိဂုံး
ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာခရစ်ယာန်ယုံကြည်မှုရဲ့အဓိကဗဟိုချက်အမြစ်ဖြစ်ပါတယ်။အကယ်၍ယေရှုခရစ်တော်သာမရှင်ပြန်မထမြောက်ခဲ့ဘူးဆိုရင်
၁။ဟောပြောခြင်း၌အကျိုးမရှိ
၂။ယုံကြည်ခြင်း၌အကျိုးမရှိ
၃။သက်သေခံရာ၌လူလိမ်ဖြစ်မည်
၄။လူသားတိုင်းအပြစ်နွံထဲဆက်နှစ်နေမည်
၅။သေနှင့်ပြီးတဲ့ယုံကြည်သူတွေဆုံးရှုံးသွားမည်
၆။ခရစ်ယာန်တွေဟာအခြားသူတွေထက်သနားစရာလူဖြစ်သွားမည်။
သို့ပေမဲ့ကျမ်းစာကဒီလိုသေချာဖော်ပြခဲ့တယ်…
(၁ကော 15:20-22 ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။)
မူရင်း-ဆရာရဲမင်း