• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်တွေမစားရလို့သတ်မှတ်ထားတဲ့အသားရှိပါသလား?

ဆရာရဲမင်း

10 月 10, 2024

ခရစ်ယာန်တွေမစားရလို့သတ်မှတ်ထားတဲ့အသားရှိပါသလား?

ခရစ်ယာန်တချို့ပြောဖူးကြားဖူးမှာပါ၊ဒီအသားတော့စားလို့ရတယ်၊ဒီအသားတော့မစင်ကြယ်လို့မစားရဘူး…ဒီလိုပြောသူတွေဟာများသောအားဖြင့်ဝတ်ပြုရာကျမ်း၁၁း၁-၁၈နဲ့တရား‌ဟောရာကျမ်း၁၄:၁၂-၁၈ကိုအခြေပြု ပြီးပြောတတ်ကြပါတယ်။တကယ်လဲဒီကျမ်းမှာသန့်တာနဲ့မသန့်တာခွဲခြားထားပြီး၊စားလို့ရတာနဲ့စားလို့မရတာခွဲခြားပေးထားပါတယ်။နောက်တချို့ကကျတော့ဟေရှာယ၆၆ကိုပြောတတ်ကြသေးပါတယ်။ဒါပေမဲ့ကျမ်းစာကိုတနေရာဘဲဖတ်ပြီး(or)တကြောင်းဘဲဖတ်ပြီး၊စကားတခွန်းကိုဘဲယူပြီးအနက်ပြန်ခြင်းဟာအင်မတန်အန္တရာယ်ကြီးပါတယ်။ဒါကြောင့်ဒီနေရာမှာအချက် ၄ ချက်နဲ့တင်ပြချင်ပါတယ်။

၁။စစခြင်းဖန်ဆင်းခြင်းကာလတုန်းက၊အာဒံဧဝအတွက်ဘုရားပေးခဲ့တဲ့အစားအစာဟာဟင်းသီးဟင်းရွတ်တွေပါ…
ကမ္ဘာဦးကျမ်း ၁:၂၉
ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတစ်ပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာဖို့ ငါပေး၏
သတိထားရမည့်အရာ…
A.အပြစ်မရှိသေးတဲ့ခေတ်ဆိုတာသတိရပါ၊ဧဒင်ဥယျဉ်မှာနေရတဲ့ခေတ်ကာလဖြစ်တယ်။
B.လူသားကအဲဒီချိန်အာဒံဧဝနှစ်ဦးဘဲရှိသေးတဲ့အတွက်သူတို့နှဦးကိုဘဲပြောတာဖြစ်တယ်။
C.အဲဒီခေတ်ကာလမှာညစ်ညူ းတဲ့အသားဆိုတဲ့ပြသနာနဲ့မေးခွန်းမရှိသေးဘူး။

၂။လူသားအပြစ်လုပ်လို့မောင်းထုတ်ခံရပြီး၊ရေလွမ်းမိုးခြင်းပြီးနောက်ပေါ့၊ဘုရားကလူတွေစားဖို့ဘာကိုသတ်မှတ်ခဲ့သလဲ?ကျမ်းစာကြည့်ရအောင်…
ကမ္ဘာဦးကျမ်း ၉:၃-၄
အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ငါအပ်ပေး၏။သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
ဒီကျမ်းချက်အားဖြင့်၊ရေလွမ်းမိုးခြင်းပြီးနောက်၊လူတွေကိုအသွေးကလွဲလို့အသက်ရှင်၍ လှုပ်ရှားတတ်သမျှအသားကိုစားဖို့သတ်မှတ်ပေးခဲ့တယ်လို့သိရတယ်။
သတိထားရမည့်အရာ
A.အဲဒီခေတ်ကာလဟာလူအပြစ်လုပ်ပြီး၊ရေလွမ်းမိုးပြီးနောက်ဆိုတာသတိရပါ။
B.အဲဒီချိန်ကသတ်မှတ်ပေးခြင်းဟာလူသားအားလုံးကိုပြောခြင်းဖြစ်တယ်ဆိုတာသတိရပါ။
C.အဲဒီခေတ်ကာလမှာလည်းညစ်ညူးတဲ့အသားဆိုတဲ့ပြသနာနဲ့မေးခွန်းမရှိသေးဘူး။(ကမ္ဘာ၇:၂မှာသတ်မှတ်တဲ့“မစင်ကြယ်သောသားမျိုး”ဆိုတာအစားအသောက်ပိုင်းသတ်မှတ်တာမဟုတ်ဘဲကမ္ဘာ၈:၂၀အရယဇ်ပူဇော်ဖို့အတွက်သာဖြစ်ပါတယ်။အဲဒီချိန်ထိအစားအသောက်ပိုင်းမှာညစ်ညူးခြင်းမညစ်ညူးခြင်းမသတ်မှတ်သေးပါ၊ကမ္ဘာ၉:၃-၄အရအကုန်ပေးစားထားပါသေးတယ်)

၃။ထာဝရဘုရားကက္ကုသရေလလူမျိုးတွေကိုရွှေးကောက်ပြီးမောရှေနဲ့အာရုန်အားဖြင့်ပညတ်တော်တွေကိုချပေးခဲ့တယ်၊အဲဒီပညတ်ထဲမှာအစကပြောသွားတဲ့ ဝတ်ပြုရာကျမ်း၁၁း၁-၁၈ မှာမစားသင့်၊မစားရတဲ့အသားကိုလည်းသတ်မှတ်ပေးခဲ့တယ်။
သတိထားရမှာက
A.အဲဒီခေတ်ကာလကပညတ်တော်ခေတ်ဆိုတာသတိရပါ။
B.ကန့်သတ်ခံရတဲ့လူတွေကက္ကုသရေလလူမျိုးဖြစ်ကြောင်းသတိရပါ။ကျမ်းချက်အစလေးကိုသေချာဂရုစိုက်ဖတ်ပါ…“တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ကိုခေါ်တော်မူ၍၊သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ…”သတိ…က္ကုသရေလလူမျိုးများသာ။
C.အဲဒီခေတ်ကာလမှာက္ကုသရေလလူမျိုးတွေညစ်ညူ းတဲ့အသားစားရင်အပြစ်ဖြစ်ပါတယ်။ဒါပေမဲ့တနည်းအားဖြင့်တပါးအမျိုးသားတွေစားရင်တော့အပြစ်လို့မသတ်မှတ်ပေ။

၄။သခင်ယေရှုခရစ်အားဖြင့်ကျေးဇူးတော်ခေတ်ကာလရောက်လာတဲ့အခါ၊တဖြေးဖြေးနဲ့တပါးအမျိုးသားတွေအမြောက်အများခရစ်ယာန်ဖြစ်လာတဲ့အခါ၊ဂျူ းဘာသာရေးခေါင်းဆောင်တွေဟာသူတို့ပညတ်ဖြစ်တဲ့အရေဖျားလှီးခြင်း၊အစားအသောက်ကန့်သတ်ခြင်းကအစ၊ယုံကြည်လာတဲ့တပါးအမျိုးသားတွေကိုလုပ်ဆောင်ခိုင်းပါတော့တယ်။တနည်းအားဖြင့်ဒီလိုလိုက်လျှောက်မှကယ်တင်ခြင်းရမည်ဟုဖိအားပေးပါတော့တယ်။ဒါကိုတမန်တော်တွေဟာဝိညာဉ်တော်ဖော်ပြမှုကြောင့်ဂျေရုစလင်အစည်းဝေးမှာတပါးအမျိုးသားတွေအတွက်၊အစားအသောက်ဆိုင်ရာဆုံးဖြတ်ချက်တရပ်ချပေးခဲ့ပြီး၊ဒီကြေငြာချက်ကိုရှင်ယုဒနဲ့သီလကိုစေလွတ်ပြီးတပါးအမျိုးသားများအသင်းတော်အသီးသီးကိုပြောကြားဖို့စေလွတ်ခဲ့ပါတယ်။
တမန်တော်ဝထ္ထု ၁၅:၂၈-၂၉
ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။
သတိထားရမည့်အရာက
A.ခရစ်ယာန်များအတွက်စျေးတွင်ရောင်းနေသောအသားတိုင်းစားလို့ရသည်။ဖန်ဆင်းခြင်းကနေစ၊ယနေ့တိုင်ဘုရားရဲ့ပညတ်ကိုလွန်ဆန်ခြင်းမရှိခဲ့ပါ။
B.မစားရဆိုတဲ့အစားအသောက်ကန့်သတ်မှုဟာဂျူ းလူမျိုးအတွက်သာဖြစ်ပါသည်။သတိ။
C.ဝိညာဉ်တော်ဘုရားနှင့်တမန်တော်များရဲ့ဆုံးဖြတ်ချက်အရ၊ယနေ့ယုံကြည်သူများရှောင်ရမည်မှာ
1.ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်
2.အသွေး
3.လည်ပင်းကိုညှစ်၍သတ်သောအရာ
4.မတရားသောမေထုန် ပင်ဖြစ်သည်။

နောက်ဆုံး
သခင်ယေရှုနဲ့ပေါလုတို့ရဲ့သွန်သင်ချက်ကိုလည်းလေ့လာကြည့်ပါ။
အဝင်ထက်အထွက်ကိုသတိထားဖို့ယေရှုမိန့်
ရှင်မာကုခရစ်ဝင် ၇:၁၅ လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ်၏။

အသားမစားတဲ့သူက စားတဲ့သူကိုမထီမဲ့မြင်မပြုဖို့နဲ့စားတဲ့သူကလည်းမစားတဲ့သူကိုမထီမဲ့မြင်မပြုဖို့မှာထား…
ရောမဩဝါဒစာ ၁၄:၁-၃ ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။ အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာစား၏။အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသော သူကိုမစစ်ကြောမစီရင်စေနှင့် အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။

တိမောသေဩဝါဒစာပဋ္ဌမစောင် ၄:၄-၅ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ်လျက်ရှိကြ၏။

နိဂုံး
တကယ်တမ်းတော့၊ဘယ်ဟာစားရမယ်ဘယ်ဟာကမစားရဘူးဆိုတာယုံကြည်သူတွေငြင်းခုံနေရမဲ့အရာမဟုတ်ကြောင်းပေါလုပြောခဲ့ပါတယ်။စားသူကသူ့ယုံကြည်ခြင်းနဲ့စားပါစေ၊မစားသူကလဲသူ့ယုံကြည်ခြင်းနဲ့မစားတာ အဘယ်သူမျှအချင်းချင်းမစစ်ကြောမစီရင်မိစေနဲ့လို့မှာထားပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူများရှောင်ရန်မှာ၁။အသွေးမှန်သမျှ ၊ ၂။ရုပ်တုရှေ့မှာ ပူဇော်သောအရာ၊ ၃။လည်ပင်းကိုညှစ်၍သတ်သောအရာပင်ဖြစ်သည်။ဒါပေမဲ့ကိုယ့်ကျမ်းမာရေးကြောင့်(or)မကြိုတ်လို့၊သူတပါးထိမိလဲစရာမဖြစ်ဖို့ဆိုရင်တော့ဘာအသားမဆိုရှောင်သင့်ပါတယ်လို့ကျမ်းစာကမိန့်မူခဲ့ပါတယ်။

Ye ming(ပတ္တမြားမြေ)