• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမျိုးမျိုးသောဘာသာစကားဖြေရှင်းချက်

ဆရာရဲမင်း

10 月 11, 2024

အမျိုးမျိုးသောဘာသာစကားဖြေရှင်းချက်

အမျိုးမျိုးသောဘာသာစကားဆိုတာဘာလဲ?လွဲမှားကြောင်းမှန်ကန်ကြောင်းဘယ်လိုဝေခွဲမလဲ?သမ္မာကျမ်းစာအရနှစ်မျိုးရှိကြောင်း(မူရင်းစကားလုံးတော့အတူတူပင်)ကျမ်းစာထဲဖော်ပြပါတယ်။ပထမတမျိုးကလူကိုပြောတဲ့စကား၊ဒုတိယတမျိုးကဘုရားကိုဘဲပြောတဲ့စကားဖြစ်တယ်။သေချာဖတ်ကြည့်စေချင်တယ်။

A။လူကိုပြောတဲ့စကား
(တမန်၂း၁-၄။၁၀:၄၆။၁၉:၆။မာကု၁၆:၁၇။၁ကော၁၃း၁)အရ အမျိုးမျိုးသောဘာသာစကားဆိုတာကိုယ်မပြောတတ်သောဘာသာစကားတခုခု(သင်ယူခြင်းလုံးဝမဟုတ်)ဝိညာဉ်တော်တို့ထိ၍ပြောတတ်လာခြင်းဥပမာကျနော်ကဂျပန်တွေကြားထဲဧဝံဂေလိဟောဖို့ဂျပန်လိုတလုံးမှမတတ်ပေမဲ့ဝိညာဉ်တော်ဘုရားသွန်းလောင်းလို့ချက်ခြင်းဆိုသလိုပြောတတ်သွားတာမျိုး(သို့မဟုတ်)ကျွန်တော်ကမိမိဘာသာစကားနဲ့ပြောတာကိုဂျပန်တွေကဂျပန်လိုကြားတဲ့သဘောဖြစ်တယ်။ဒီအမျိုးမျိုးသောဘာသာစကားကဘာသာပြန်စရာမလိုဘူး၊ဘာလို့လဲဆိုတော့နားထောင်သူကနားလည်ပြီးသားမို့ပါ။ဆိုတော့ဒီအမျိုးမျိုးသောဘာသာစကားဆိုတာနိုင်ငံရပ်ခြားကကိုယ်မပြောတတ်တဲ့ဘာသာစကားကိုပြောခြင်းဖြစ်ကြောင်းသိနိုင်တယ်။ဒီကျမ်းချက်ကိုအနည်းငယ်ဖြေရှင်းပေးပါရစေ၊တမန်တော်၂:၁-၄ကအမျိုးမျိုးသောဘာသာစကားပြောခြင်းဟာဧဝံဂေလိဟောဖို့(လူကိုပြောဖို့)ဘာသာစကားနားမလည်သူတွေကိုနားလည်အောင်ဝိညာဉ်တော်ကချပေးခဲ့တာဖြစ်ပါတယ်။ယခုခေတ်မှာတော့ဘာသာစကားနားလည်ပြီးသားလူကြားထဲမှာနားမလည်နိုင်တဲ့စကားတွေပြောလာကြတာလွဲတာပါဘဲ။ဒါကြောင့်တမန်၂:၁-၄မှာအမျိုးမျိုးသောဘာသာစကားနဲ့ဆုတောင်းတာမဟုတ်၊ဟောပြောကြတာပါ၊ရည်ရွယ်ချက်ကဧဝံဂေလိတရားကိုရှင်းရှင်လင်းလင်းနားလည်စေဖို့ပါ။ယနေ့တချို့အသင်းတော်မှာပြောနေတာသည်ဧဝံဂေလိတရားရှင်းလင်းစွာနားလည်စေဖို့လား?ရှင်းနေတာကိုရှုပ်အောင်လုပ်နေတာလားဆင်ခြင်စရာပါ။

B။ဘုရားကိုပြောတဲ့စကား
ဒုတိယတမျိုးကတော့(၁ကော၁၄း၂) အရ အခြားသောဘာသာစကားကလူတွေနားမလည်နိုင်တဲ့စကားတမျိုးပါ။ဒီတမျိုးကလူကိုပြောခြင်းမဟုတ်၊ဘုရားကိုပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုယ်တစ်ယောက်ထဲဘုရားကိုပြောတဲ့အခါပြဿနာမရှိပေမဲ့၊အများကြားထဲပြောတဲ့အခါတော့ဘာသာပြန်သူမရှိရင်မပြောရဘူးလို့ကျမ်းစာကအတိအလင်းသတိပေးထားပါတယ်။ဒါကြောင့်ကျမ်းစာကောင်းကောင်းမဖတ်ရင်အမြင်ကွဲတတ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးယုံကြည်သူညီအကိုမောင်နှမများပိုပြီးရှင်းလင်းစွာနားလည်နိင်ဘို့အတွက်အထောက်ကူဖြစ်စေမယ့်အချက်ကိုးချက်နဲ့ ရှင်းပြလိုက်ပါတယ်။

၁။ဘုရားကျောင်းလူအုပ်ထဲပြောလျှင်အနက်ပြန်ရန်၊အနက်ပြန်သူမရှိလျှင်နုတ်ပိတ်ထားရန်။(၁ကော၁၄း၁၇၊၂၈)

၂။အနက်ပြန်သူရှိလျှင်အများဆုံးသုံးဦးသာပြောရန်၊ဒီသုံးဦးထဲတစ်ဦးချင်းပြောရန်။သုံးဦးထက်ကျော်ပြီးဘာသာပြန်သူမရှိဘဲအပါရှာလာလာတွေလုပ်နေရင်တော့ကျမ်းစာနဲ့သာတိုက်စစ်ကြည့်ပေတော့။(၁ကော၁၄း၁၇၊၂၇)

၃။ အများဆုတောင်းတဲ့အချိန်၊အနက်ပြန်တဲ့သူမရှိလျှင်အမျိုးမျိုးသောဘာသာစကားမပြောဖို့ကျမ်းစာကသွန်သင်ပါတယ်။ကိုယ်ကချီးမွမ်းနေတယ်ဆိုရင်တောင်သူတပါးနားမလည်တဲ့အတွက်တည်ဆောက်စရာမဖြစ်စေပါ။(၁ကော၁၄း၂၃၊၂၄)

၄။ကျမ်းစာကအမျိုးမျိုးသောဘာသာစကားကိုသိပ်အားမပေးပါဘူး။ပရောဖက်ညဏ်ဖြင့်ဟောပြောဖို့ပိုတိုက်တွန်းထားပါတယ်။သာ၍မြတ်သောအကြီးဆုံးဆုကျေးဇူးဖြစ်တဲ့ချစ်ခြင်းမေတ္တာကိုပိုမိုလိုက်စားဖို့တိုက်တွန်းထားပါတယ်။(၁ကော၁၄း၁၉)

၅။ ကယ်တင်ခြင်းရသူတိုင်းအမျိုးမျိုးသောဘာသာစကားပြောတတ်ရန်မလိုပါဘူး၊ဝိညာဉ်တော်ကိန်းဝပ်တိုင်းအမျိုးမျိုးသောဘာသာစကားမပြော၊နောက်မပစ်လဲ၊အကြောဆွဲသလိုမဖြစ်၊ဝိညာဉ်တော် နဲ့ ပြည့်ဝနေတဲ့လူတယောက်ဟာဧဝံဂေလိဟောမယ်။ပြီးရင်
a။ အပြစ်အတွက်နောင်တရ။ (ယော၁၆း၈)
b။ဘုရားတွက်အကောင်းဆုံးအသက်ရှင်မယ်။ (တမန်တော်၁း၈)
c။ဘုရားကျောင်းမှာဘဲကောင်းတာမဟုတ်၊အသက်တာမှာလက်တွေ့ပြောင်းလဲနေမယ်(ဧဖက်၄း၂၂၊၂၄)။
d။ကျမ်းစာနားလည်သဘောပေါက်လာမယ်(ဧဖက်၁း၁၇)။
e။ဝိညာဉ်အသီးကိုးမျိုးလုံးရှိလာမယ်(ဂလာတိ၅း၂၂၊၂၄)။

၆။ကျမ်းစာထဲကအမျိုးမျိုးသောဘာသာစကားဟာသင်ယူလို့မရပါဘူး။သင်ယူလို့ရတဲ့အမျိုးလည်းမဟုတ်။ဒါကြောင့်ယနေ့သင်ပေးနေတဲ့အသင်းတော်တွေကြည့်ရှောင်ပါ။

၇။အမျိုးမျိုးသောဘာသာစကားပြောသောသူသည်သူတပါး အတွက်တည်ဆောက်စရာမဖြစ်နိုင်ပါဘူး။လူကိုမပြောဘုရားကိုဘဲပြောသောကြောင့်၊အနက်ပြန်တဲ့သူမရှိလျင်သူများရှေ့မှာမပြောရ။ကိုယ့်ကိုကိုယ်အိမ်မှာတစ်ယောက်ထဲကြိုက်သလိုပြောပါ၊ဒါဆိုရင်ပြဿနာမရှိ။(၁ကော၁၄း၂)

၈။ဝိညာဉ်တော်ပြည့်ဝပြီးအမျိုးမျိုးသောဘာသာစကားပြောတာနဲ့မပြောတာ ကျမ်းစာမှာ ပြောတာက၃နေရာ၊မပြောတာက၁၃နေရာလောက်ရှိပါတယ်။
၉။ဝိညာဉ်တော်ဘုရားဟာအသင်းတော်ကိုဖရိုဖလဲလုံးဝဖြစ်စေမည်မဟုတ်ပါ၊ထိုကြောင့်အသင်းတော်မှာဖရိုဖလဲရှုပ်ထွေးမှုဖြစ်နေပြီဆိုရင်သတိထားပါတော့။(၁ကော ၁၄:၄၀)

နောက်ဆုံးအနေနဲ့ပြောချင်တာက…
၁ကော၁၄:၃၉မှာပြောထားတဲ့အတိုင်းအခြားသောဘာသာစကားပြောခြင်းကိုမမြစ်တားပါနဲ့ဆိုထားပေမဲ့သတိထားရမှာကဆက်ပြီးပါလာတဲ့”တင့်တယ်လျောက်ပတ်စွာအစဉ်အတိုင်းစီရင်ပါ”ဆိုတာမမေ့ပါနဲ့။ဆိုတော့အမျိုးမျိုးသောဘာသာစကားပထမတမျိုးအရဧဝံဂေလိလုပ်ဖို့ဘာသာစကားအခက်ခဲရှိလာတဲ့အခါမျိုးကျရင်ဧဝံဂေလိကိုလူတွေနားလည်ရှင်းလင်းအောင်ဘုရားသခင်ကပေးကောင်းပေးနိုင်ပါတယ်။သတိထားရမှာအမျိုးမျိုးသောဘာသာစကားသည်ဧဝံဂေလိကိုရှင်းလင်းနားလည်စေဖို့ဖြစ်တယ်၊ရှုပ်ထွေးဖို့လုံးဝလုံးဝမဟုတ်ဘူးဆိုတာပါဘဲ။ခုခေတ်တချို့ယုံကြည်သူတွေကတော့ကျမ်းစာနဲ့တလွဲလုပ်နေကြပါပြီ။လူအများရှေ့မှာနားမလည်နိုင်အောင်ဘာပြောနေမှန်းမသိတဲ့ဟာတွေနဲ့အသင်းတော်ကိုရှင်းနေတာကနေမရှင်းအောင်လုပ်နေကြပါပြီ။

ဒုတိယတမျိုးဖြစ်တဲ့အခြားသောဘာသာစကားအားဖြင့်ဘုရားကိုပြောမယ်ဆိုရင်ကိုယ့်ဟာကိုယ်ကြိုက်သလိုဘုရားနဲ့ပြောချင်ပြောပါ၊ဒါပြဿနာမရှိပါဘူး။ဒါပေမဲ့အများရှေ့မှာဘာသာပြန်ပေးသူမရှိဘဲအုပ်စုလိုက်ဘာမှန်းမသိတဲ့ဆုတောင်းခြင်းမျိုးလုံးဝမပြောဖို့တော့မေတ္တာရှေ့ထားတိုက်တွန်းပါရစေဗျာ။

ကျမ်းချက်
သို့သော်လည်း၊ အသင်းတော်၌ အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည် ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဥာဏ်နှင့်တကွ ပြောနိုင်သော အခွင့်ကို သာ၍အလိုရှိ၏။(၁ကော ၁၄:၁၉)