• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အားနာလိုက်တာကွယ်

ဆရာရဲမင်း

10 月 12, 2024

အားနာလိုက်တာကွယ်

ရှမ်းပြည်မြောက်ပိုင်းအဝေးပြေးလမ်းမကြီးမှ….အမေအိုတဦးပလိုင်းထဲထင်းခြောက်များအပြည့်ထည့်ပြီး၊အမြန်လမ်းအတိုင်း၊နေပူထဲချွေးတရွှဲရွှဲဖြင့်လှမ်းသွားနေသည်။ကားတစ်စီးပြီးတစီးကျော်ဖြတ်သွားသဖြင့်အမေအိုမှာဖုန်များကိုထိုးဖောက်ကာဆက်လျှောက်သွားနေသည်။
ဤတွင်ကားတစီးသူ့ရှေ့ရပ်လာသည်။
“အမေကြီး၊ဘယ်သွားမလဲ?လမ်းကြုံရင်ကျနော်အခမဲ့ပို့ပေးမယ်လေ”လူငယ်ဒရိုင်ဘာတယောက်မှအမေအိုကိုမကြည့်ရက်လို့၊သနားစိတ်ဝင်ပြီးလမ်းကြုံနေလို့ကူညီမယ်ပြောခြင်းပင်။
အမေအိုက”အိုး…အားနာလိုက်တာသားရယ်၊အမေကဒီလမ်းအတိုင်းပါဘဲ၊လမ်းတော့ကြုံတယ်၊ဒါပေမဲ့အားနာလိုက်တာလေ၊ရပါတယ်အမေနိုင်ပါတယ်သားရယ်”ဟုပြန်ဖြေလိုက်သော်….
ဒရိုင်ဘာမှ”ဟာ…မဟုတ်တာအမေကြီးရယ်၊လာ…လာ…လာပါဟုခေါ်ကာ၊ကားပေါ်တက်ခိုင်းလိုက်သည်။
ဒီလိုနဲ့အမေအိုကိုကားပေါ်တင်ပြီးမောင်းထွက်လာသည်။မောင်းရင်းမောင်းရင်းအမေကြီးတယောက်အဆင်မှပြေရဲ့လားဆိုပြီးနောက်လှည့်ကြည့်လိုက်ကာမှ….”ဟာ…အမေကြီးဘာလို့လေးလံတဲ့ပလိုင်းကြီးကိုပိုးထားသေးတာလဲဗျာ?ကားပေါ်ရောက်နေပြီလေချထားလိုက်ရတယ်”ဒရိုင်ဘာမှနားမလည်စွာဖြင့်ပြောလိုက်သည်။
အမေအိုကလည်း”အိုး…သားရယ်အားနာလိုက်တာ၊လူကိုကူတင်ပေးတာတောင်ကျေးဇူးတင်လှပြီ၊ဒါလေးတော့အမေပိုးထားပါရစေအုံးလေ”
လူငယ်မှအကြိမ်ကြိမ်ရှင်းပြသော်လည်းအားနာကြောင်းနှင့်ဒါလေးတော့ကိုယ်မောပါရစေဆိုပြီးထပ်ခါထပ်ခါအားနာစကားဘဲပြောနေတော့….ဒရိုင်ဘာကလည်းမရအဆုံးအဲလိုဘဲအိမ်အထိပို့ပေးလိုက်ပါတော့သည်။

ချစ်သောမိတ်ဆွေ
တခါတလေသင်နှင့်ကျွန်ပ်လဲပုံပြင်လေးထဲကအမေအိုလိုပင်၊ယေရှုဘုရားမှအပြစ်များအားလုံးဆေးကြောပြီးကျွန်တော်တို့ကိုကယ်တင်ထားပြီးဖြစ်သည်။ဒါပေမဲ့အခက်ခဲတချို့ကိုကိုယ်တိုင်ကိုင်သွယ်ဖြေရှင်းနေသေးသည်။အလုံးစုံကိုမပုံအပ်နိုင်သေးပါ။အားနာနေသယောင်၊ယေရှုခရစ်တော်လက်ထဲနေပြီးကိုယ်ကဝန်ထုပ်ဝန်ပိုးကိုပိုးထားသေးသည်။ယေရှုကငါတောင်မင်းတကိုယ်လုံး မ ထားပြီးပြီ၊ဘာလို့ဝန်ထုပ်မချသေးတာလဲဟုမေးသောအခါ…
“လူကိုကယ်ရင်ရပြီသခင်၊ဒီအထုပ်လေးတော့ကျနော်ဘဲပိုးထားပါရစေ”…ဟု အားနာသယောင်မဖြစ်စေဖို့ကအရေးကြီးလှပါပေသည်။

ကျမ်းချက်
မဿဲ ၁၁:၂၈ ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။

May GOD Bless You