ကိုယ့်ယုံကြည်ခြင်းvsဘုရားအလိုတော်
အရင်တုန်းကယုံကြည်သူကိုဖြူဆိုသူတဦးရှိ၏။သူသည်ဘုရားကိုလွန်စွာရိုသေချစ်မြတ်နိုး၍အမူတော်မြတ်၌အားရပါးရပါဝင်နေသူတဦးလည်းဖြစ်၏။ယုံကြည်ခြင်းအလွန်ကောင်းပြီးလက်တွေ့လိုက်လျှောက်သူတဦးလည်းဖြစ်၏။
တနေ့သော်…ရွာထိပ်ကလော်စပီကာမှ……မိဘပြည်သူများခင်ဗျား၊မကြာခင်အတွင်းရွာတွင်ရေကြီးမည်ဖြစ်ပါသဖြင့်၊အမြန်ဆုံး အရေးကြီးယူစရာယူပြီးရွာမှထွက်ခွာပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါသည်။
……
ရွာတခုလုံးရုပ်ရုပ်တည်းတည်းဖြစ်သွားပြီး… အကြီးဆုံးမှအငယ်ဆုံးတိုင်အောင်…ယူစရာရှိတာယူပြီးခပ်သွက်သွက်ထွက်သွားဖို့ပြင်နေပြီ။
ဒီချိန်ယုံကြည်သူတယောက်ကကိုဖြူကိုပြောလိုက်သည်။ ။ဟေ့ကိုဖြူဘာလုပ်နေလဲ၊အမြန်ပြေးတော့လေ၊ဒီရက်ပိုင်းရေကြီးတော့မယ်တဲ့။
ကိုဖြူကအေးဆေးစတိုင်ဖြင့်။ ။ဟိုက်…၊ယုံကြည်ခြင်းအားနည်းသောသူများထွက်ပြေးစေဗျာ။ကျနော်ကတော့ဘုရားသခင်ကိုယုံကြည်တယ်၊
ထာဝရဘုရားသည် မိုးသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ဆိုတာလည်းယုံကြည်တယ်ဗျာ။
ထိုကြောင့်သူများတွေအားလုံးထွက်ပြေးနေချိန်မှာ၊ကိုဖြူတယောက်မပြေးဘဲအေးအေးဆေးဆေးနေ၏။
ကိုဖြူက။ ။ ဘာရေကြီးမှာလည်းဟ၊မိုးတောင်တစက်မှမတွေ့ရဘူး၊ဒီလူတွေကလည်းကြောက်တတ်လိုက်တာ…
ဤတွင်လော်စပီကာမှထပ်မံသတိပေးချက်
ကျယ်လောင်စွာထွက်ပေါ်လာပြန်သည်။နောက်ဆုံးကျန်နေသောလူအိုများလည်းအားလုံးရွာမှထွက်ခွာသွားပြီဖြစ်သည်။
တရက်ကျော်သွားသော်…..မိုးကြီးစရွာလာပြီ။
မနားတမ်းရွာပြီးနည်းနည်းချင်းရေတွေတက်လာပြီ။
ကိုဖြူတယောက်နည်းနည်းစိတ်ပူလာသည်။
ကိုဖြူဆုတောင်း။ ။ ကိုယ်တော်၊ကျနော်ယုံကြည်ပါတယ်၊ဒီလောက်လေးရေတွေဘာမှကြောက်စရာမလိုပါဘူး၊ ပေတရုတောင်ရေပေါ်မှာလမ်းလျှောက်ခဲ့တာဘဲ၊ခုလည်းကျနော်ယုံကြည်တယ်ကိုယ်တော်၊ဒီရေလေးနဲ့ကျနော်မသေနိုင်ဘူးဆိုတာ။
ဆုတော့တောင်းလိုက်တယ်၊ရေတော့မကျသွားဘူး။ဒါကြောင့်ကိုဖြူတယောက်ကိုယ့်အရေးကြီးပစ္စည်းတွေကိုစပွဲပေါ်ကောက်တင်ထားတယ်။နောက်ဆုံးသူကိုယ်တိုင်စပွဲပေါ်မှာတက်နေရပြီ။
ဤတွင်…
အသက်ကယ်လှေတစီးရွာထဲလာပြီးလှော်စပီကာဖြင့်အော်သည်…… လူရှိသေးလားဗျို့…ရှိရင်အမြန်ထွက်လာပါ၊ကျနော်တို့ခေါ်သွားပေးမှာဖြစ်ပါတယ်ခင်ဗျား……
ကိုဖြူကိုတွေ့တော့ပြန်လိုက်သွားဖို့ပြောကြတယ်။
ကိုဖြူကတော့။ ။ဆရာတို့သွားနှင့်လိုက်ပါ။ကျနော်ဘုရားသခင်ကိုယုံကြည်တယ်၊ကျနော်မလိုက်တော့ဘူး၊ဘုရားသခင်ကယ်လိမ့်မယ်ကျနော့်ကို၊စိတ်ချပါ။
ကယ်ဆယ်ရေးအဖွဲ့ကလည်းပြောလို့မရတော့တဲ့အဆုံး၊ကိုဖြူကိုထားခဲ့လေသည်။
ရေတဖြေးဖြေးကြီးလာပြီ၊အိမ်တခုလုံးမြုပ်လာနေပြီ……အိမ်ထဲနေမရတော့အိမ်ခေါင်မိုးပေါ်တက်သွားပြီးဆုတောင်းလေတော့သည်။ဒူးထောက်ဆုတောင်းသည်၊အစာရှောင်ဆုတောင်းသည်၊တညလုံးဆုတောင်းသည်……ကိုယ်တော်ဘယ်ရောက်နေလည်းကယ်မတော်မူပါ……
ဆက်တိုက်မနားတမ်းဆုတောင်းနေသလို…ရေကလည်းမနားတမ်းမြင့်တက်လာနေသည်။
ဤတွင်…
ကယ်ဆယ်ရေးရဟတ်ယာဉ်တစီးသူ့ကိုတွေ့သွားပြီး…လှေကားကြိုးချပေးပြီး…အမြန်တက်လာရန်၊မတက်လာပါကအသက်အန္တရာယ်ရှိကြောင်းလော်စပီကာဖြင့်ပြောပြန်သည်။
ကိုဖြူက။ ။ ကျနော်မလိုက်ဘူးဗျာ…ဘုရားသခင်ကယ်မယ်ဆိုတာလုံးဝယုံကြည်တယ်ဗျာ။ငါမူကား၊ ဘုရားသခင်ကို ပတ္ထနာပြု၍၊ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။ဆိုတာယုံကြည်တယ်ဗျာ……
ကယ်ဆယ်ရေးရဟတ်ယာဉ်လည်းဘယ်လိုမှပြောပြလို့မရတော့အဆုံး၊မိုးကလည်းသည်းကြီးမည်းကြီး၊မိုကြိုးလည်းပစ်ဆိုတော့လှည့်ပြန်သွားသည်။
ရေကြီးပြီးရွာတခုလုံးမြုပ်သွားသည်။ကိုဖြူတယောက်လည်းနောက်ဆုံးအသက်ထွက်သွားသည်…….
ယေရှုဘုရားကိုဒီလောက်ယုံကြည်မှတော့သေလျင်ကောင်းကင်ရောက်သွားသည်။ဇာတ်လမ်းစပြီ……
ကိုဖြူတယောက်ကောင်းကင်ရောက်သွားတော့
အရင်ဆုံးပေတရုကိုအဦးဆုံးတွေ့လိုက်သည်။ပေတရုကိုတွေ့တော့…စိတ်တိုတိုနဲ့…
ကိုဖြူက။ ။ကိုယ်တော်ဘုရားဂတိမတည်ဘူးသိလား၊ယုံကြည်ခြင်းနဲ့မျော်လင့်နေတာအလကားဘဲ၊ကျမ်းစာကပြောတဲ့အတိုင်းလုပ်ခဲ့တာ…နောက်ဆုံးတော့ဘာမှမလာကယ်ဘူး…ကျနော်ကလည်းရေနစ်သေတာဘဲ…ဟွန့်။
ပေတရုကြားလိုက်တာနဲ့ချက်ချင်းပြန်ပြောလိုက်သည်မှာ……..
ဪ……လတ်စသက်တော့မင်းလား?
ကိုဖြူတယောက်နားမလည်။ပေတရုကဆက်ပြောသည်။
ပေတရုက။ ။ မင်းသိလား?မင်းကြောင့်မို့ငါတို့အားလုံးအလုပ်တော်တော်ရှုပ်သွားတယ်…အရင်ဆုံးမင်းရှိနေတဲ့ရွာမှာရေကြီးတော့မှာမို့ဘုရားသခင်ကလှော်စပီကာနဲ့ရွာကသူကြီးအိမ်ကနေ မင်းကြားအောင်အော်ပြောပေးတယ်…ခက်တာကမင်းမသွားဘူး။နင်တယောက်ထဲကျန်တယ်၊နင်ဆုတောင်းတော့ဘုရားကပြန်ပြီးကယ်ဆယ်ရေးလှေငယ်ကိုပြန်လွတ်လိုက်တယ်…နင်ကမလိုက်ပြန်ဘူး……မင်းကထပ်ပြီးတအားဆုတောင်းတော့ကောင်းကင်တခုလုံးမင်းအတွက်အလုပ်ရှုပ်သွားတယ်…အဲ့တော့ဘုရားကရဟတ်ယာဉ်တစီးစေလွတ်ပြီးမင်းကိုလာခေါ်ခိုင်းတယ်…အဲ့တာလည်းမင်းကခေါင်းမာတာ…မလိုက်ဘူးဘဲပြောတယ်။ခေါင်းမာနေတော့အားလုံးကဘာလုပ်ရမလဲ…အင်း……အားလုံးကနင်ပြန်လာချင်တာထင်တယ်ဆိုပြီးပြန်လာဖို့ခွင့်ပြုလိုက်တာလေ၊ခုတော့နင်အိမ်ရောက်ပြီ။
ချစ်သောမိတ်ဆွေ…
ဤပုံဥပမာအားဖြင့်၊ သင့်နှင့်ကျွန်ုပ်ယုံကြည်ခြင်းလည်းထို့အတူအယူလွဲနေတတ်သည်မဟုတ်လော။တကယ်တမ်းကျတော့ဘုရားသခင်ဟာသူအလုပ်လုပ်ရင်များသောအားဖြင့်လူတွေ၊ကိစ္စအမျိုးမျိုးတွေအရာဝတ္ထုအမျိုးမျိုးအားဖြင့်ဖြစ်စေတာဘဲမဟုတ်လား၊ဥပမာနေမကောင်းရင်ဘုရားကဆေးအားဖြင့်ဆရာဝန်အားဖြင့်သက်သာစေပါတယ်။ဆုဘဲတောင်းပြီးဆေးဆိုင်ကအိမ်ရှေ့မှာရှိတာတောင်မဝယ်သောက်ဘဲနေရင်ဘယ်လိုလည်း။ကိုဖြူလိုဖြစ်မလားမိတ်ဆွေ။
ဧဖက်ဩဝါဒစာ ၅:၁၇ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။
အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်
Ye Ming(ပတ္တမြားမြေ)