• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မေး-ဧဝံဂေလိ(Gospel)ဆိုတာဘာလဲ?

ဖြေ-ဧဝံဂေလိဆိုတဲ့စကားလုံးဟာမူရင်းဂရိစာဖြစ်တဲ့εὐαγγέλιονကနေအသံထွက်ကိုမြန်မာလိုဖလှယ်ယူထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ဧဝံ‌ဂေလိဆိုတာဂရိစာရဲ့အသံထွက်ပါ၊မြန်မာလိုနဲ့အသံထွက်ကို ချရေးထားတာဖြစ်ပါတယ်။သူ့ရဲ့အဓိပ္ပာယ်ကတော့သတင်းကောင်း(Good News)ဖြစ်တယ်။ဒီစကားလုံးကိုဓမ္မသစ်ကျမ်းမှာ၇၅နေရာလောက်သုံးထားတာတွေ့ရပါတယ်။ဒီသတင်းကောင်းရဲ့အဓိကအကြောင်းအရာကတော့(လုကာ၂:၈:၁၁၊ ၁ကော၁၅:၁-၄)အရယေရှုခရစ်တော်ဟာလူသားတွေအတွက်မွေးဖွားခြင်း၊သေခြင်း၊မြုပ်နှံပြီးသုံးရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ခြင်းနဲ့တဖန်ပြန်လာချီဆောင်ခြင်းတို့ပါဝင်ပါတယ်။
တနည်းအားဖြင့်ပြောရရင်ဧဝံဂေလိဟောတိုင်းမှာဒီအရာတွေပါနေမှပြည့်စုံမှာဖြစ်ပါတယ်။ယေရှုခရစ်တော်ရဲ့အပြစ်သားအတွက်သေခြင်းရှင်ခြင်းကိုမပြောဘဲဧဝံဂေလိလို့လုံးဝပြောလို့မရပါ။နောက်တချက်ကတရားဟောတိုင်းမှာဘာဘဲဟောဟောယေရှုခရစ်တော်အကြောင်းပါမလာရင်၊တရားဟောချက်ကယေရှုခရစ်တော်ကိုဦးမတည်နေဘူးဆိုရင်၊ဒါစစ်မှန်တဲ့ဧဝံဂေလိသမ္မာတရားမဟုတ်တော့ပါ။ဘာလို့လဲဆိုတော့သမ္မာကျမ်းစာတအုပ်လုံးရဲ့အဓိကဇာတ်ကောင်ဟာယေရှုခရစ်တော်မို့ပါ။ဒါကြောင့်လဲဓမ္မာသစ်ရှေ့၄ကျမ်းမှာလဲအထူးသဖြင့်ယေရှုရစ်တော်ရဲ့မွေးဖွားခြင်း၊အသက်ရှင်ခြင်း၊သေခြင်း၊ရှင်ပြန်ထမြောက်ခြင်းနဲ့တဖန်ပြန်လာခြင်းကိုရေးသားထားတဲ့အတွက်Gospelလို့အမည်ပေးထားတာဘဲဖြစ်ပါတယ်။

ဒါကြောင့်ဧဝံဂေလိဆိုတာကိုအရှင်းဆုံးပြောပြရရင်ယေရှုခရစ်တော်အကြောင်းပြောခြင်းဘဲဖြစ်ပါတယ်(တမန်၅:၄၂)။
ယေရှုခရစ်တော်ရဲ့အသေခံခြင်းအားဖြင့်လူသားအားလုံးမလုပ်နိုင်တဲ့ကောင်းမှုကိုပြည့်စုံစေခဲ့ပြီး၊ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်လူသားတွေကြောက်နေရတဲ့သေခြင်းတရားကိုအောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ယနေ့ယေရှုကိုယုံကြည်သောသူတိုင်းဟာဘာအကျင့်မှမလိုဘဲနောင်တတရားနဲ့ယုံကြည်လက်ခံရုံဖြင့်ဘုရားရှေ့မှာဖြောင့်မတ်သောသူ၊ထာဝရအသက်၊ကယ်တင်ခြင်းရသောသူများဖြစ်ခွင့်ရခဲ့ပါပြီ။တနည်းအားဖြင့်ဒါကိုကျေးဇူးတရားလို့ခေါ်ပါတယ်။ဒီလိုပြောလိုက်လို့ကယ်တင်ခြင်းရပြီးရင်မကောင်းမှုအကုန်လုပ်လို့ရပြီလားမေးသူရှိကောင်းရှိပါလိမ့်မယ်၊ယနေ့ကျွန်တော်တို့နားလည်ရမှာကထာဝရကယ်တင်ခြင်းရဖို့ဘာအကျင့်ကောင်းခြင်းမှမလိုဘူးဆိုပေမဲ့၊ဒီကယ်တင်ခြင်းရသောသူတိုင်းဟာအတွင်းအပြင်သက်သေဖြစ်တဲ့ဘဝသစ်ရှိနေရမှာဖြစ်ပါတယ်၊တနည်းအားဖြင့်ပြောရရင်ရထားတဲ့ဒီကယ်တင်ခြင်းအားဖြင့်ဝိညာဉ်ပကတိအတိုင်းအသက်ရှင်သွားလာသူဖြစ်လာမှာပါ။

Ye Ming(ပတ္တမြားမြေ)