• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အကန့်သတ်မဲ့သောကယ်တင်ခြင်း

ဆရာရဲမင်း

11 月 8, 2024

အကန့်သတ်မဲ့သောကယ်တင်ခြင်း

နိဒါန်း
ဖတ်သွားတဲ့အခြေပြုကျမ်းသုံးခုထဲ(မာကု၅:၂၁-၄၃၊မဿဲ၉:၁၈-၂၆၊လုကာ၈:၄၀-၄၈)မှာယေရှုခရစ်တော်ပြုတဲ့အံ့ဩဘွယ်တန်ခိုး၃မျိုးကိုတွေ့ရမှာပါ။ဂါဒရပြည်နတ်ဆိုးစွဲသူကိုသက်သာစေခြင်း၊၁၂နှစ်ပတ်လုံးသွေး​သွန်​အ​နာ စွဲနေတဲ့အမျိုးသမီးကိုသက်သာစေခြင်းနဲ့၊တရားဇရပ်မှုးယာဣရုရဲ့သမီးကိုသေရာမှပြန်ရှင်လာစေခြင်းတို့ဖြစ်ပါတယ်။ဒီအဖြစ်အပျက်သုံးမျိုးထဲမှာတူညီနေတဲ့အချက်နှစ်ခုရှိပါတယ်၊မသန့်ရှင်းခြင်းကနေသန့်ရှင်းလာခြင်းနဲ့မျှော်လင့်ချက်ကင်းမဲ့နေရာကနေမျှော်လင့်ခြင်းပြည့်ဝလာရတာပါ။နတ်ဆိုးစွဲသူဟာအထဲမှာနတ်ဆိုးရှိနေလို့အတွင်းဝိညာဥ်နဲ့အပြင်ခန္ဓာပါညစ်ပေနေတဲ့သူပါ၊ကူညီသူမဲ့လို့‌အရူးဘဝနဲ့ဖြတ်သန်း‌ရပြီး‌မျှော်လင့်ချက်မဲ့နေသူပါ။သွေးသွန်အနာရှိတဲ့အမျိုးသမီးဟာလည်းမသန့်ရှင်းဘူးလို့သတ်မှတ်ခံရသူပါ၊၁၂နှစ်လုံးလိုက်လံကုသ‌ပေမယ့်မပျောက်ဘဲ‌ မျှော်လင့်ချက်မဲ့နေသူပါ။သေသွားတဲ့ဇရပ်မှုးသမီးကတော့လူသေဖြစ်သွားတဲ့အတွက်ပိုပြီးမသန့်ရှင်းဘူးလို့ခံယူကြသလို‌ပြန်ရှင်လာဖို့မ‌ မျှော်လင့်ရဲတဲ့အဆင့်ထိပါဘဲ။ဒါပေမယ့်သူတို့‌ တွေဟာ‌ယေရှုဘုရားနဲ့တွေ့ကြုံရတဲ့အခါအရာရာပြောင်းလဲသွားပါတယ်။ကိုယ်တိုင်မ‌ တောင်းခံနိုင်လို့ကိုယ်စားတောင်းခံတဲ့သူပါသလို၊ကိုယ်တိုင်လာတောင်းသူလဲရှိပါတယ်။ကိုယ်တိုင်မ‌ တောင်းနိုင်တောင်းပေးသူမရှိတဲ့လူမျိုးလည်းပါနေပါတယ်။ပေါ်တင်တောင်းသူရှိသလိုတိတ်တိတ်လေးတောင်းရသူလည်းရှိပါတယ်။ဘယ်လိုဘဲဖြစ်နေပါစေယေရှုခရစ်ရဲ့တန်ခိုးဟာအကန့်သတ်မဲ့ဖြစ်တဲ့အတွက်ဒီအရာကြောင့်မယုတ်လျော့သွားပါဘူး။သူတို့အားလုံးအံ့ဩဘွယ်တန်ခိုးကြောင့်သက်သာခြင်းအခွင့်ရခဲ့ကြပါတယ်။ဆိုတော့ဒီအဖြစ်ပျက်ထဲကနေယဒီ‌နေ့အဓိကခွန်အားပေးချင်တာကယေရှုဘုရားရဲ့အကန့်သတ်မဲ့သောတန်ခိုးအကြောင်းဖြစ်ပါတယ်။

၁။နေရာမရွေးကယ်တင်နိုင်ခြင်း
ယနေ့ဖတ်သွားတဲ့ကျမ်းချက်ထဲမှာနတ်ဆိုးစွဲသူကဂါလိလဲအိုင်တဖက်ကမ်း၊ဂါဒရပြည်ကဆိုပေမယ့်ခရစ်တော်ကသူ့ကိုကုသကယ်တင်ပေးခဲ့တယ်။တနည်းအားဖြင့်ဘယ်နေရာနေနေဘုရားရဲ့ကယ်တင်ခြင်းကသက်ရောက်နိုင်ကြောင်းကိုဖော်ပြပါတယ်။ယနေ့ကျွန်တော်တို့တခါတလေမှားယွင်းစွာဒီလိုတွေးတတ်ကြတယ်၊အစ္စရေးပြည်အထိသွားပြီးဆုတောင်းတာပိုထိရောက်သလိုလို၊ဘုရားကျောင်းစင်ပေါ်ဒူးထောက်ထားမှပိုထိရောက်သလိုလို၊လက်ဝါးကပ်တိုင်ရှေ့သို့မဟုတ်ယေရှုလို့ခန့်မှန်းပြီးထုထားတဲ့ရုပ်တုရှေ့ဆုတောင်းတာကဘဲပိုထိရောက်သလိုလိုခံယူတတ်ကြပါတယ်။ဒီအရာတွေကသင့်ယုံကြည်ခြင်းကိုတိုးပွားစေတယ်ဆိုရင်ကောင်းပါတယ်၊ဒါပေမယ့်သမ္မာကျမ်းစာအရသင်ဘယ်မှာနေပြီးဆုတောင်းမှဆိုတာထက်သင်ရဲ့ယုံကြည်ခြင်းနဲ့စိတ်ထားကပိုအရေးကြီးပါတယ်။သင်ဘယ်နေရာရောက်နေရောက်နေဘယ်ကဘဲဆုတောင်း‌ဆုတောင်းစိတ်ထားမှန်နေရင်ဘုရားကယ်တင်ပေးပါလိမ့်မယ်။ဒီလို‌ပြောလိုက်လို့အသင်းတော်သွားစရာမလိုတော့ဘူးလို့သွန်သင်နေတာမဟုတ်ပါ၊အရေးကြီးကယ်တင်ဖို့လိုလာတဲ့အခါမျိုးကိုဆိုလိုချင်တာဖြစ်ပါတယ်။ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာနေရာအကန့်သတ်မရှိခြင်းကို‌သိထားဖို့လိုပါတယ်။

၂။အချိန်မရွေးကယ်တင်နိုင်ခြင်း
ယေရှုဘုရားဟာသေတော့မယ့်တရားဇရပ်မှုးသမီးကိုကယ်ဖို့သွားရာလမ်းမှာ၊၁၂နှစ်လုံးသွေးသွန်နာစွဲနေတဲ့အမျိုးသမီးကယုံကြည်ခြင်းနဲ့ကုသမှုခံယူခဲ့တယ်။ဆင်ခြင်ကြည့်ပါညီကိုမောင်နှမတို့၊၁၂နှစ်လုံးဖျားပြီးကုမရတဲ့ရောဂါကိုအခုမှယေရှုဆီသွားရင်အချိန်မလွန်သွားဘူးလား?၁၂နှစ်တောင်ရှိပြီယေရှုတတ်နိုင်တော့မှာမဟုတ်ဘူးလို့ထင်ကောင်းထင်မယ်။နောက်ပြီးတရားဇရပ်မှူးသမီးကိစ္စ၊ယေရှုကလမ်းခုလတ်မှာကြာသွားလို့ဒီသမီးဖျားသေသွားတယ်၊ဒါကိုသူ့မိသားစုနဲ့လူတွေအားလုံးက“သွားပြီ၊သေပြီ၊အချိန်မမှီတော့ဘူး၊‌ နောက်ကျသွားပြီ”လို့ထင်ကောင်းထင်ပါမယ်။ဒါပေမယ်ယေရှုဘုရားရဲ့တန်ခိုးကအချိန်အကန့်သတ်ထဲမရှိတဲ့အတွက်၁၂နှစ်လုံးခံစားလာတဲ့‌ အချိန်လွန်ရောဂါကိုသက်သာစေခဲ့သလို၊ကုသဖို့‌နောက်ကျသွားပြီလို့ထင်နေတဲ့သေခြင်းတရားကိုလည်းရှင်လာစေခဲ့ပါတယ်။ဟာလေလုယာ။ယနေ့သင့်အသက်တာမှုလည်းထို့အတူအချိန်လွန်သွားပြီသို့မဟုတ်နောက်ကျသွားပြီလို့သင်ခံယူနေသလားမိတ်‌ဆွေ၊ဒီလောက်ကြာပြီဆိုတော့မဖြစ်နိုင်တော့ဘူး၊သို့မဟုတ်ဒီအဆင့်ထိရောက်ပြီဆိုတော့မဖြစ်နိုင်တော့ဘူးလို့သင်ထင်နေသလား?အခုဘဲယေရှုဘုရားကိုဆုတောင်းကြည့်လိုက်ပါ၊အကန့်သတ်မရှိတဲ့ယေရှုဘုရားရဲ့တန်ခိုးတော်ဟာအရာရာကိုတတ်နိုင်ပါတယ်၊သင်သက်သေရပါလိမ့်မယ်။အာမင်။

၃။အခြေအနေမရွေးကယ်တင်နိုင်ခြင်း
ဒီနေ့ဖတ်သွားတဲ့တရားဇရပ်မှူးယာဣရုဆိုသူဟာပညတ်တရားကိုဦးထိပ်ထားတဲ့ဂျူးဘာသာဝင်တရားဇရပ်မှူးပါ၊‌ အဲဒီခေတ်မှာဂျူးအများစုဟာခရစ်တော်ကိုပညတ်ဖျက်သူဆိုပြီးမုန်းတီးနေတဲ့အချိန်၊ယေရှုဘုရားကိုရန်သူအဖြစ်သတ်မှတ်ပြီးလိုက်သတ်ဖို့ကြိုးစား‌နေကြတဲ့သူပါ။ဒီအထဲယာဣရုလည်းအပါအဝင်ဖြစ်ပါမယ်၊ဖြစ်နိုင်ရင်သူ့သမီးအတွက်ယေရှုဘုရားဆီလုံးဝလာချင်မှာမဟုတ်ပါဘူး၊သူ့အကြံကုန်ညာဏ်ကုန်လက်လျော့သွားပြီးမဖြစ်နိုင်တော့မှဂျူးဘာသာရဲ့ဖိအားကြားမှာယေရှုဘုရားဆီလာခဲ့တာပါ။၁၂နှစ်လုံးသွေးသွန်ရောဂါခံစားလာရတဲ့အမျိုးသမီးဟာလည်းဒီ‌ ရောဂါ‌ ကြောင့်ငွေကုန်လူပန်းအရှက်ရပြီးမျှော်လင့်ချက်မဲ့နေတဲ့အခြေအနေကြားကအရဲစွန့်ပြီးယုံကြည်ခြင်းနဲ့အတင်းလာခဲ့ရတာပါ။ဆိုလိုချင်တာကဘယ်လိုအခြေအနေမျိုးဖြစ်နေဖြစ်နေ၊ယေရှုဘုရားသင့်ကိုကယ်တင်နိုင်တယ်ဆိုတာခွန်အားပေးချင်ပါတယ်။အာမင်။

၄။ကယ်တင်ခြင်းကိုရယူခြင်း
က။ကြားနာခြင်းမှယုံကြည်ခြင်း
၁၂နှစ်တိုင်သွေးသွန်နေတဲ့ရောဂါသယ်အမျိုးသမီးဟာဆေးဆရာဝန်အများကြီးနဲ့ပြသကုသခဲ့ပြီး၊ရှိသမျှ‌ တွေကုန်သွားပေမယ့်မသက်သာဘဲပိုဆိုးလာတယ်လို့မာကု၅:၂၆မှာဆိုပါတယ်။ဒီလိုမျှော်လင်ချက်ကင်းမဲ့နေတဲ့အချိန်ယေရှုရဲ့သတင်းကိုကြားခဲ့ရတယ်လို့မာကု၅:၂၇မှာဆက်လက်ဖော်ပြထားပါတယ်။တနည်းအားဖြင့်ယေရှုအကြောင်းပြောသူရှိလို့သူကြားရတာပါ၊ကြားရလို့ယုံကြည်တာပါ၊ယုံကြည်လို့သက်သေရလာတာပါ။အာမင်။ယနေ့တရားဒေသနာကိုများများနားထောင်ဖို့လိုအပ်သလို၊ဧဝံဂေလိကိုလည်းအမြဲတမ်းပြောဖို့လိုပါတယ်၊ဒါမှကြားရသူရှိလာမယ်၊ကြားရသူမှာယုံကြည်တဲ့အခါသက်သေဖြစ်လာပါလိမ့်မယ်။အာမင်။
ခ။ယုံကြည်ခြင်းရဲ့လုပ်ဆောင်မှု
ယေရှုရဲ့သတင်းကြားပြီးယုံကြည်လို့ချက်ချင်းမသက်သာ‌ သေးပါဘူး၊မာကု၅:၂၈မှာသူမဟာယေရှုရဲ့အဝတ်စလေးကိုထိတာနဲ့ကယ်တင်ခြင်းခံရမယ်လို့ယုံကြည်တဲ့အတွက်၊အရှက်နဲ့အ‌ကြောက်ကြားကနေသတ္တိနဲ့ယေရှုဆီအရောက်လာခဲ့ပါတယ်၊ဘာ‌ကြောင့်အဝတ်ကိုဘဲတို့မယ်ခံယူရသလဲဆိုတော့သူဟာသူ့ကိုယ်သူမထိုက်တန်၊မသန့်ရှင်းသူလို့ခံယူတဲ့အတွက်ပါ။ဒါဟာသူ့အတွင်းထဲကထွက်လာတဲ့မိမိအပြစ်ကိုမြင်ခြင်းနဲ့ယုံကြည်ခြင်းရဲ့လုပ်ဆောင်မှုသက်သေပါဘဲ။ယနေ့ကျွန်တော်တို့အသက်တာမှာလည်းထို့အတူပါ၊ယုံကြည်ရင်လက်တွေ့လုပ်ဆောင်မှုကကပ်ပါလာရစမြဲပါ၊ယုံကြည်ပါတယ်ဆိုပြီးအပြစ်ထဲကမထွက်ဘဲနေရင်ယုံကြည်ခြင်းအတုပါဘဲ။နောက်တခုကသူမရဲ့တိတ်တိတ်လေးယုံကြည်ခြင်းကိုဆင်ခြင်စေချင်ပါတယ်၊ဘာ‌ကြောင့်လည်းဆို‌ တော့၊တခါတလေကျွန်တော်တို့ကလူရှေ့သူရှေ့မှာပေါ်လွင်အောင်ဟာလေလုယာအာမင်လို့အော်ဆုတောင်းမှပိုထိရောက်တယ်လို့လွဲမှားစွာခံယူတတ်ကြပါပေတယ်။မဟုတ်ရပါဘူး၊ဆုတောင်ခြင်းကအော်ဟစ်ခြင်းအသံတိုးခြင်းနဲ့မဆိုင်ပါ၊အဓိကစိတ်နဲ့ယုံကြည်ခြင်းဘဲဆိုတာသိဖို့လိုပါတယ်။
ဂ။သက်သေရခြင်း
၁၂နှစ်လုံးရောဂါခံစားနေရတဲ့အမျိုးသမီးဟာယေရှုရားရဲ့အဝတ်တော်ကိုတို့လိုက်တာနဲ့ချက်ချင်းဆိုသလိုသက်သာခွင့်ရခဲ့တယ်လို့မာကု၅:၂၉မှာဆိုထားပါတယ်။ဒါဟာယေရှုဘုရားရဲ့အဝတ်တော်ကတန်ခိုးရှိနေလို့မဟုတ်ပါဘူး၊ယေရှုကိုယ်၌ကတန်ခိုးရှိတာဖြစ်သလိုကာယကံရှင်အမျိုးသမီးရဲ့ယုံကြည်ခြင်းကြောင့်လည်းဖြစ်ပါတယ်။မဟုတ်ရင်လူအများကြီးယေရှုဘုရားကိုတိုက်သွားတိုက်လာထိမိနေကြတာတန်ခိုးမဖြစ်ဘဲဒီအမျိုးသမီးကျမှတန်ခိုးထွက်သွားရတယ်ဆိုတော့သူ့ယုံကြည်ခြင်းကြောင့်သက်သေရလာခြင်းဖြစ်ပါတယ်။ဒီချိန်မှာယေရှုကငါ့ကိုဘယ်သူတို့လိုက်သလဲမေးတာယေရှုမသိလို့မဟုတ်ပါ၊သူမကိုယ်တိုင်ဝန်ခံသက်သေခံဖို့အခွင့်ပေးနေခြင်းသာဖြစ်တယ်။ဒီလိုပါဘဲယနေ့ကျွန်တော်တို့အသက်တာထဲမှာလည်းယေရှုဘုရားပြုတဲ့အမှုသက်သေရလာတဲ့အခါပါးစပ်ပိတ်နေဖို့မဟုတ်ဘဲ၊သက်သေခံပြီးဘုရားဘုန်းတော်ထင်ရှားဖို့အမှုတော်မှာပါဝင်ဖို့လိုပါတယ်။အာမင်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယဆန့တရာ‌ဒေသနာအားဖြင့်အဓိကခွန်အား‌ပေးချင်တာသည်ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားဟာ‌ နေရာ၊အချိန်နဲ့အခြေအနေရဲ့အကန့်သတ်ထဲမရှိပါဘူး၊သင်ဘယ်နေရာကနေအော်ဟစ်တောင်းခံပါစေ၊သင်ဘယ်အချိန်မှာဆုတောင်းဆုတောင်း၊သင်ဘယ်လိုအခြေအနေရောက်နေတာဖြစ်ဖြစ်ကယ်တင်နိုင်တဲ့ဘုရားဖြစ်ပါတယ်။အာမင်။သင်ဟာယခုကြားနာခြင်းဖြင့်သိရပြီးရင်၊ယုံကြည်ဖို့နဲ့လက်တွေ့လုပ်ဆောင်ဖို့တာလိုပါတယ်၊သင့်အသက်တာမှာအံ့ဩဘွယ်သက်သေရရှိလာပါလိမ့်မယ်။အာမင်။