အယူလွဲကိုထောက်ပြဖို့လိုအပ်ခြင်း
တချို့ကမေတ္တာနဲ့လာပြောကြတယ်၊ဆရာရေသူများကိုမတိုက်ခိုက်ဘဲမှန်တာဘဲပြောပါလားတဲ့။
ဟုတ်ကဲ့၊အယူလွဲတွေကိုတကူးတကဖော်ထုတ်နေသူတော့မဟုတ်ပါဘူး၊မှန်တာပြောရင်းမှားတာကိုကြုံလာရင်ထောက်ပြတာလေးပါ။ကျမ်းစာကအဲလိုဘဲသွန်သင်လို့ပါ။
၁။လွဲမှားနေတဲ့ဖာရိရှဲနဲ့ကျမ်းပြုစရာတွေကိုရှောင်ဖို့ယေရှုကိုယ်တိုင်လူအများရှေ့မှာ(ခရစ်ဝင်ကျမ်းမှာ)ပွင့်ပွင့်လင်းလင်းအကြိမ်ကြိမ်သတိပေးထားပါတယ်။ ယေရှုကမေတ္တာမရှိလို့မဟုတ်၊ဖာရိရှဲတွေကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
၂။တမန်တော်တွေလည်းသူတို့ရဲ့စာစောင်တွေထဲမှာပညတ်တရားကိုဦးထိပ်ထားကြတဲ့ဂျူးပညတ်ဆရာတွေကိုအထူးထောက်ပြခဲ့ပါတယ်(ဥပမာ၂ပေ2:1 )။ဒီမှာအမျိုးအစားကိုရှင်းလင်းအောင်အမည်တပ်ထားတာတွေ့ရမှာပါ။တမန်တော်တွေကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
၃။သမ္မာတရားလမ်းလွဲပြီးဟောပြောနေတဲ့ဟုမေနဲနှင့်ဖိလက်ဆိုသူတွေကိုသတိထားဖို့၂တိ၂:၁၇-၁၈မှာပေါလုကတိမောသေကို(လွဲနေသူရဲ့နာမည်ကိုတပ်ပြီး)အတိအလင်းချပြထားပါတယ်။
ပေါလုကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
၄။တရားစကားကိုဆန့်ကျင်တဲ့
ပန်းတဥ်းသမားအာလေဇန္ဒြုကိုသတိထားရှောင်ဖို့ရှင်ပေါလုကတိမောသေကို
၂တိ4:14-15 မှာပွင့်ပွင့်လင်းလင်း(နာမည်တပ်ပြီး)သတိပေးထားခဲ့ပါတယ်။
ပေါလုကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
၅။အယူလွဲသွားတဲ့ဟုမေနဲနှင့်အာလေဇနန္ဒြုကိုအသင်းတော်ကနေထုတ်ပယ်လိုက်ကြောင်း(နာမည်တပ်ပြီး)၁တိ၁:၁၉-၂၀မှာလူတိုင်းသတိထားလို့ရအောင်ချပြခဲ့ပါတယ်။ပေါလုကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
၆။ဗျာဒိတ်ကျမ်းထဲကပေရဂံအသင်းတော်ကိုစာရေးပေးတဲ့အခါ(ဗာလမ်နဲ့နိကောလတို့ရဲ့အယူဝါဒမျိုး)ကိုရှောင်ဖို့နဲ့အဲဒီအယူလွဲကိုခံယူနေသူတွေနောင်တရကြဖို့နာမည်တပ်ပြီးသတိပေးထားပါတယ်။ဘုရားကကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
၇။ဗျာဒိတ်ကျမ်းထဲကသွာတိရအသင်းတော်ကိုစာရေးပေးတဲ့အခါ၊ပရောဖက်မယေဇဗေလရဲ့မိစ္ဆာအယူဝါဒမျိုးနဲ့အသင်းတော်ထဲပြည့်နေလို့သတိပေးခံရပါတယ်။ဒီမှာလည်းရှင်းလင်းအောင်အမည်တပ်ပြီးသတိပေးထားတာပါ။ဘုရားကကမေတ္တာမရှိလို့မဟုတ်၊လူကိုတိုက်ခိုက်ချင်လို့ လည်းမဟုတ်၊ယုံကြည်သူတွေလမ်းမမှားအောင်သတိပေးတာပါ။
ယနေ့ခရစ်ယာန်လောကမှာလည်းအယူလွဲပေါင်းမြောက်များစွာရှိနေပါတယ်။အယူလွဲကိုတကူးတကလိုက်ဖော်ထုတ်ဖို့မလိုအပ်ပေမယ့်၊ကြုံလာတဲ့အခါရဲရဲဝံ့ဝံ့ထောက်ပြရဲဖို့လိုပါတယ်။အယူလွဲနေသူကိုနောင်တရစေဖို့ဆိုတာထက်ယုံကြည်သူတွေလမ်းမလွဲအောင်ကျမ်းစာကအဓိကသတိပေးထားတာပါ။ဒါကြောင့်လိုအပ်ရင်နာမည်ပါတပ်ပြီးသတိပေးချပြရပါမယ်။စစ်မှန်တဲ့ဘုရားလူတွေဟာမှန်ကန်တဲ့တရားကိုဘဲဟောနေရတာဟုတ်ပေမယ့်မှားယွင်းခြင်းနဲ့ကြုံလာတဲ့အခါလဲရဲရဲထောက်ပြရဲသူပါ။ကိုယ့်ရှေ့မှာမှားနေမှန်းသိလျက်နဲ့ မေတ္တာပြရမယ်ဆိုပြီးချော်လဲရောထိုင်လုပ်နေသူဟာဘုရားလူစစ်မဟုတ်နိုင်ပါ။လူမျက်နာထက်ဘုရားမျက်နာကြည့်ပြီးအမှုတော်ဆောင်သူများဖြစ်ကြပါစေ။ကိုယ်ကထောက်ပြသတိပေးပြီးလို့ယုံကြည်သူတွေကမယုံဘူးဆိုရင်သူတို့ရဲ့ရွှေးချယ်ဆုံးဖြတ်မှုပါဘဲ၊သင်ကတော့တာဝန်ကျေသွားပါပြီ။
ယေဇကျေလ3:18-19 သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည် သတိမပေး၊ လူဆိုး၏ အသက်ကို ချမ်းသာစေခြင်းငှာ၊ လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက်နှင့် သူသည် မိမိပြုသော ဒုစရိုက်ကိုလည်းကောင်း၊ မိမိလိုက်သော အဓမ္မလမ်းကိုလည်းကောင်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နုတ်လေပြီ။