နှစ်ခြင်းမင်္ဂလာဆိုင်ရာအမေးအဖြေ
၁။နှစ်ခြင်းမင်္ဂလာဆိုတာဘာလဲ?
နှစ်ခြင်းဆိုတာမူရင်းကဗတ္တိဇံ(Bapitzo)ပါ၊အဓိပ္ပာယ်ကရေထဲနှစ်ဝင်ခြင်းမို့နှစ်ခြင်းလို့ခေါ်တွင်တာဖြစ်ပါတယ်။ယေရှုခရစ်တော်ကိုယ်တိုင်သူ့ကိုယုံကြည်လာသူတိုင်းကို ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော် နာမ၌ရေထဲနှစ်ခြင်းပေးဖို့မိန့်မှာခဲ့ပါတယ်(မဿဲ၂၈:၁၆:၂၀)။ဒီလိုလုပ်ခြင်းအားဖြင့်ယေရှုခရစ်ကိုယုံကြည်ကြောင်းဝန်ခံတာပါ။
၂။နှစ်ခြင်းခံလိုက်မှကယ်တင်ခြင်းရတာလား?
နှစ်ခြင်းခံလို့ကယ်တင်ခြင်းရတာလုံးဝ(လုံးဝ)မဟုတ်ရပါ။ကယ်တင်ခြင်းဟာအပြစ်သားတစ်ယောက်နောင်တရပြီး၊ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလို့သာရတာဖြစ်ပါတယ်(ဧဖက်၂:၈-၉)။
၃။ဒါဆိုဘာလို့နှစ်ခြင်းခံကြရသလဲ?
နှစ်ခြင်းခံတယ်ဆိုတာကယ်တင်ခြင်းရဖို့မဟုတ်ဘဲ၊ကယ်တင်ခြင်းရထားပြီဖြစ်ကြောင်းဘုရားရှေ့လူရှေ့သက်သေခံ(ဝန်ခံ)တာဖြစ်ပါတယ်(မာကု၁၆:၁၆)။ငါကယ်တင်ခြင်းရပြီ၊ သေသည့်တိုင်အောင် ယေရှုဘုရားကိုသာငါ့ဘုရားအဖြစ်ကိုးကွယ်သွားမယ်၊အသင်းတော်မှာပါဝင်ပြီးအလိုတော်အတိုင်းအသက်ရှင်သွားမယ်လို့ဝန်ခံကတိပြုတာပါ။
၄။ဘာလို့ရေထဲနှစ်ဝင်ရတာလဲ?ဘာအဓိပ္ပာယ်ရှိတာလဲ?
ရေထဲနှစ်ဝင်ခြင်းဟာပုံဆောင်မှုရှိပါတယ်၊ရေဆိုတာဆေးကြောသန့်စင်ပေးခြင်းကိုပုံဆောင်ပါတယ်၊ရေထဲနှစ်ဝင်ခြင်းကလူဟောင်းဇာတိ“ငါ”ဆိုတဲ့ဆိုးပေမိုက်မဲသူသေခဲ့ခြင်းကိုပုံဆောင်ပြီး(ရောမ၆:၃-၄)၊ရေကထွက်လာတဲ့အခါခရစ်ဝောာ်၌လူသစ်၊စိတ်သစ်၊ကိုယ်သစ်ဖြစ်ပြီဆိုတာကိုပုံဆောင်ပါတယ်(၂ကော၅:၁၇)။ဒါကြောင့်ရေထဲနှစ်ဝင်ပြီးနှစ်ခြင်းခံယူခြင်းကခရစ် တော်ရဲ့သေခြင်း၊မြုပ်နှံခြင်း၊ရှင်ပြန်ထမြောက်ခြင်းကိုအဓိကပုံဆောင်တာဖြစ်ပါတယ်(ကော၂:၁၂)
၅။နှစ်ခြင်းမဟုတ်ဘဲဖြန်းခြင်းကောမရဘူးလား?
သမ္မာကျမ်းစာအရကော၊ဗတ္တိဇံဆိုတဲ့အဓိပ္ပာယ်အရကောကြည့်ရင်ရေထဲနှစ်ဝင်ခြင်းကမှပိုမှန်ကန်ပါမယ်။ဒါပေမယ့်ရေထိလို့မရတဲ့အပြင်းထန်ဖျားနာနေသူတွေ၊သက်ကြီးရွယ်အို တွေ၊ဒုက္ခိတတွေ၊သေတော့မယ့်သူတွေ…စသဖြင့်၊ရေထဲနှစ်ဝင်ဖို့လုံးဝအဆင်မပြေသူကိုတော့ရေဖြန်းခြင်းနဲ့ပေးလို့ရကြောင်းစာရေးသူလက်ခံပါတယ်။
၆။နှစ်ခြင်း၂ခါခံလို့ရလား?နှစ်ခြင်း၂ခါခံရင်အပြစ်ရှိလား?
ကျမ်းစာထဲမှာခမည်းတော်၊သားတော်၊ဝိညာဉ်တော်နာမနဲ့နှစ်ခြင်း၂ခါခံတဲ့သာဓကမရှိတာမို့၊စနစ်တကျနှစ်ခြင်းတခါခံထားပြီးရင် နောက်တခါနှစ်ခြင်းထပ်ခံစရာမလိုပါ။နှစ်ခြင်းနှစ်ကြိမ်ခံရင်အပြစ်ရှိတယ်လို့ကျမ်းစာကမပြောထားတာမို့မှားခြင်းမှန်ခြင်းဆိုတာထက်နှစ်ကြိမ်ခံဖို့မလိုအပ်ဘူးလို့သာဖြေချင်ပါတယ်။
ဒါပေမယ့်
(၁)မိစ္ဆာအယူလွဲအသင်းမှာနှစ်ခြင်းခံခဲ့ပြီးအမြင်မှန်ရလာရင်ပြန်ခံရပါမယ်။
(၂)ခမည်းတော်၊သားတော်၊ဝိညာဉ်တော် သုံးပါးတဆူဘုရားသခင်နာမနဲ့မဟုတ်ဘဲခံခဲ့တဲ့နှစ်ခြင်းဆိုရင်ပြန်စနစ်တကျခံယူရပါမယ်။
အရင်ကနားမလည်ဘဲခံခဲ့ပြီး၊ခုမှသေချာကယ်တင်ခြင်းနားလည်ပြီးရရှိလာလို့ပြန်ခံချင်တာမျိုးကပြန်ခံဖို့မလိုအပ်ပါ။အရင်ကမသိခဲ့ရင်တောင်စနစ်တကျနှစ်ခြင်းပေးခဲ့ရင်အခုနားလည်လာတဲ့အခါအနှစ်သာရသက်ရောက်လာပါမယ်။
၇။နှစ်ခြင်းခံပြီးမှပွဲတော်စားရတာလား?နှစ်ခြင်းမခံဘဲနေရင်ဘာဖြစ်မလဲ?
နှစ်ခြင်းခံယူတယ်ဆိုတာယေရှုခရစ်တော်ကိုအများရှေ့မရှက်မ ကြောက်ဘဲဝန်ခံတာမို့၊အဲလိုဝန်ခံပြီးမှပွဲတော်စားသင့်ပါတယ်။မဟုတ်ရင်ဘာနဲ့တူလဲဆို တော့အများကိုအသိမ ပေးရဲဘဲတိတ်တိတ်ပုန်းပေါင်းသင်း နေတဲ့လင်မယားလိုပါဘဲ။အတူနေချင်ပေမယ့်အများရှေ့မချပြမဝန်ခံရဲတာမျိုးပါ။အမြဲတမ်းဖောက်ပြန်ချင်တဲ့အနေအထားမို့အချစ်စစ်မဖြစ်နိုင်ပါ။ဒီအတိုင်းပါဘဲ၊ယေရှုကိုမိမိကယ်တင်ရှင်အဖြစ်ယုံကြည်ပါတယ်ဆိုပြီးအများရှေ့မှာ၊ရေနှစ်ခြင်းခံခြင်းအားဖြင့်ငါခရစ်ယာန်ဖြစ်တယ်လို့မဝန်ခံရဲရင်စစ်မှန်တဲ့ယုံကြည်သူမဖြစ်နိုင်ပါ။ဒါကြောင့်နှစ်ခြင်းခံခြင်းကမိမိသည်စစ်မှန် သောယုံကြည်သူဖြစ်ကြောင်းဝန်ခံတာမို့နှစ်ခြင်းမခံဘဲမနေသင့်ပါ၊နှစ်ခြင်းခံပြီးမှသာပွဲတော်စားသင့်ပါတယ်(မဿဲ၁၀:၃၂-၃၃)။
၈။နှစ်ခြင်းခံဖို့သင်တန်းတက်မှရတာလား?
နှစ်ခြင်းမင်္ဂလာပေးတဲ့အသင်းတော်/ဆရာတွေအနေနဲ့နှစ်ခြင်းလာခံတဲ့လူတိုင်းကိုသင်တန်းပေးသင့်ပါတယ်။အဓိကကတော့နှစ်ခြင်းခံတဲ့လူဟာတကယ်ဘဲကယ်တင်ခြင်းကိုနားလည်သဘောပေါက်ပြီးကယ်တင်ခြင်းတကယ်ရထားတဲ့လူဟုတ်မဟုတ်စစ်ဆေးပေးရတာပါ။နားမလည်တာမှန်ရင်ရက်ရှည်သင်တန်း ပေးရပါတယ်၊နားလည်သူမှန်ရင်ရက်တိုသင်တန်းပေးရပါတယ်။မစစ်ဆေးဘဲနှစ်ခြင်းပေးခဲ့ရင်မိဘဖိအားပေးလို့လာခံသူနဲ့၊မင်္ဂလာ ဆောင်ချင်လို့လာခံသူတွေ၊တခြားအကြံနဲ့နားမလည်ဘဲလာခံသူတွေရှိနေနိုင်လို့ပါ။ပိုဆိုးတာကဒီလူတွေကနောက်နောင်သိလာတဲ့အခါနှစ်ခြင်း၂ခါ၃ခါခံယူမှုဖြစ်လာနိုင်လို့ပါ။
၉။Revသိက္ခာတော်ရမှနှစ်ခြင်းပေးလို့ရတာလား?
ကျမ်းစာထဲမှာသိက္ခာတော်ရဆရာတော်တွေမှဘဲနှစ်ခြင်းပေးရမယ်လို့အတိအကျမဖော်ပြထားပေမယ့်၊တမန်တော်နဲ့အမှုတော်ဆောင်တွေကဘဲနှစ်ခြင်းပေးတာတွေ့ရမှာပါ။ဒါကြောင့်သိက္ခတော်ရရှိရင်သူ့ကိုလာပေးခိုင်းပါ၊သို့မဟုတ်တချို့အသင်းချုပ်မှာကအမှုတော်ဆောင်တိုင်းနှစ်ခြင်းပေးလို့ရကြောင်းစီရင်ထားတာမို့အမှုတော်ဆောင်ကို ခေါ်ပေးခိုင်းပါ။အကယ်၍သိက္ခာတော်ရနဲ့အမှုတော်ဆောင်ရှာမတွေ့ခေါ်မရ(တောနက်ရွာထဲဖြစ်နေရင်)၊စောင့်လို့မရတဲ့အခြေနေဆိုရင်အသင်းတော်လူစုကသဘောတူရွေးထားတဲ့ယုံကြည်သူကိုပေးခိုင်းလို့လည်းရပါတယ်။
၁၀။ဘယ်အရွယ်၊ဘယ်အချိန်၊ဘယ်နေရာမှာနှစ်ခြင်းပေးရမလဲ?
နှစ်ခြင်းပေးခြင်းကဘာသာခြားရဲ့ရှင်ပြုခြင်းနဲ့မတူပါ၊အရွယ် ရောက်လာလို့နှစ်ခြင်းခံရမယ်လို့ခံယူရင်မှားပါမယ်။နှစ်ခြင်းခံခြင်းကအသက်အရွယ်နဲ့အချိန်နာရီမဆိုင်ပါဘူး၊ကယ်တင်ခြင်းကိုတကယ်နားလည်ပြီး၊ယေရှုကိုယုံကြည်ကြောင်းမိမိကိုယ်ကိုဆုံးဖြတ်နိုင်သူကိုမှပေးလို့ရတာပါ။မွေးကင်းစကလေးသူငယ်ကိုရေချိုးပေးပြီးဘုရားထံဆက်ကပ်ခြင်းဝတ်ကိုပြုလို့ရပေမယ့်၊ယုံကြည်ခြင်းကိုဝန်ခံစေတဲ့နှစ်ခြင်းမင်္ဂလာလိုမျိုးကိုတော့ပေးမရပါ။သတိထားရမှာကနှစ်ခြင်းခံချင်သူကိုတနှစ်တခါပွဲနေ့ရောက်မှတခါထဲပေးမယ်ဆိုတာမျိုးကမလုပ်သင့်ပါ၊နှစ်ခြင်းခံချင်သူတိုင်းကိုအသင်းတော်အနေနဲ့အမြန်ဆုံးစီစဥ်ပေးသင့်ပါတယ်။နှစ်ခြင်းခံဖို့နေရာလဲမကန့်သတ်ပါ၊နှစ်ဖို့အဆင်ပြေတဲ့နေရာတိုင်းမှာနှစ်ခြင်းပေးလို့ရပါတယ်(တမန်၈:၃၆)။
ဆရာ မဂ်လာပါ . မေးချင်တာတစ်ခုက နှစ်ခြင်းခံယူပြီးသား သူတစ်ယောက်က ကို့ရဲ့ ချစ်သူနဲ့ အတူနေမိရင် ပွဲတော်စားလို့ မရဘူးလား ဆရာ. တစ်စုံတစ်ယောက်နဲ့ မှားခဲ့လို့ ရှိရင် အသင်းတော်မှာ ပြန်လည် ဝန်ချ ရတယ်ဟုတ် ဆရာ, ကျမ်းစာထဲမှာရော ဖော်ပြထားတာ ရှိလား ဆရာ .
နှစ်ခြင်းခံပြီးသားလူ မယူရသေးဘဲတစ်ပါးအမျိုးသားနဲ့အတူအိပ်ခဲ့မိရင် အပြစ်ကိုဘယ်လိုဝင်ချတောင်းပန်ပြီး ပွဲတော်မင်္ဂလာစားလို့ရမလဲဆရာ သူငယ်ချင်းကောင်မလေးကမိဘတွေလည်းအသိမပေးရဲဘဲဘာလုပ်ရမလဲမသိလို့ဖြေပေးပါအုံးနော်ဆရာ