• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုဟာကားတိုင်မတက်ခင်နဂိုကတည်းကဘုရားဖြစ်သည်

ဆရာရဲမင်း

11 月 19, 2024

ယေရှုဟာကားတိုင်မတက်ခင်နဂိုကတည်းကဘုရားဖြစ်သည်

ကားတိုင်မတက်ခင်ကတည်းကယေရှုဟာခရစ်‌တော်ဖြစ်ကြောင်းရှေ့မှာဖော်ပြပြီးပါပြီ။အခုတခါယေရှုဟာကားတိုင်မတက်ခင်နဂိုကတည်းကဘုရားဖြစ်ကြောင်းဖော်ပြပါမယ်။နားလည်နိုင်ဖို့ဘုရားမစပါစေ။

၁။ယော၁:၁-၁၄အ​စ​အ​ဦး​၌ နှုတ်​က​ပတ်​တော်​ရှိ၏။ နှုတ်​က​ပတ်​တော်​သည် ဘု​ရား​သ​ခင်​နှင့်​အ​တူ ရှိ၏။ နှုတ်​က​ပတ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။…နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍…။
(ယေရှုဆိုတဲ့လူအထဲခရစ်တော်ဆိုတဲ့ဘုရားလာနေတယ်လို့ဆိုလိုခြင်းဟာမှားယွင်းတဲ့သွန်သင်ချက်ဖြစ်ပါတယ်။ကျမ်းစာအရဘုရားသခင်ကိုယ်တိုင်လူဆိုတဲ့အသွေးအသားကိုခံယူလာတာဖြစ်ပါတယ်။လူ၁၀၀%ဘုရား၁၀၀%ဆိုတာလူရဲ့ဖြစ်ခြင်းနဲ့ဘုရားရဲ့ဖြစ်ခြင်းတခုထဲပါ၊နှစ်ကိုယ်ခွဲဝိညာဥ်နှစ်ခုလာ‌ ပေါင်းစပ်ဖြစ်တည်နေခြင်းမဟုတ်ရပါ။ဒါ‌ကြောင့်ဘုရားကယေရှုဆိုတဲ့လူကိုဖန်ဆင်းပြီးသူ့အထဲလာပုန်းနေတာလုံးဝမဟုတ်ရပါ။)

၂။မဿဲ၁:၂၃ ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။
(မဖွားမြင်ကတည်းကဒီမွေးဖွားလာမဲ့ယေရှုဟာဧမာ‌နွေလဆိုတဲ့ဘုရားသခင်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါဟာယေရှုဆိုတဲ့လူအထဲဘုရားဝိညာဉ်လာပုန်းနေခြင်းမဟုတ်ဘဲ၊ဘုရားကိုယ်တိုင်လူအပြည့်အဝခံယူခြင်းပါ)။

၃။ယော၁၀:၃၀ ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကိုကောက်​ယူ​ကြ၏။……သင်​သည်လူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်​ဖြစ်​ယောင်​ဆောင်၍ဘု​ရား​သ​ခင်​ကို လွန်​ကျူး​သော​စ​ကား​ကြောင့် ခဲ​နှင့်​ပစ်​မည်​ဟု ဆို​ကြ၏။
(ဒီကျမ်းချက်မှာယေရှုကိုယ်တိုင်ငါဟာဘုရားသခင်ဖြစ်တယ်ဆိုပြီးဝန်ခံတဲ့သဘောပါ၊ဒါကြောင့်ဂျူးတွေဟာမင်းကလူဖြစ်ပြီးဘုရားဖြစ်တယ်‌ပြောလို့၊ဘုရားကိုပြစ်မှားပြီဆိုပြီးယေရှုကိုသတ်ချင်လာကြတာပါဘဲ။ဒီကိစ္စကိုကြည့်ခြင်းအားဖြင့်ယေရှုဟာကားတိုင်ပေါ်အသေခံပြီးမှဘုရားဖြစ်သွားတာမဟုတ်ပါဘူး၊နဂိုကတည်းကဘုရားဖြစ်ကြောင်းကျမ်းစာသေချာလေ့လာသူတိုင်းသိနိုင်ပါတယ်)။

၄။ဖိလိပ္ပိ၂:၅-၆ ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။
(ဒီကျမ်းချက်ကိုသေချာလေ့လာကြည့်ပါ၊တိုင်းရင်းသားဘာသာ၊မူရင်းဂရိဘာသာအထိလေ့လာကြည့်ပါ။ယေရှုဟာနဂိုကတည်းကဘုရားဖြစ်ပြီးနှိမ့်ချစွာလူ့ဇာတိခံပြီးအစေလာခံတာကိုသိရှိနားလည်လာပါလိမ့်မယ်)။

၅။တမန်၂၀:၂၈ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ…။
ဟေဗြဲ၁၀:၁၉-၂၀ ယေ​ရှု၏ကိုယ်​ခ​န္ဓာ​တော်​တည်း​ဟူ​သောကု​လား​ကာ​အား​ဖြင့် ထို​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​သက်​လမ်း​သစ်​တွင်၊ငါ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့၊ အ​သွေး​တော်​ကို အ​မှီ​ပြု၍ အ​ဆီး​အ​တား​မ​ရှိ၊ ဝင်​ရ​သော​အ​ခွင့် ရှိ​သ​ဖြင့်​…။
(ပထမကျမ်းချက်ကဘုရားသခင်ရဲ့အသွေးတော်နဲ့ဝယ်ထားအသင်းတော်လို့ဆိုပြီး၊ဒုတိယကျမ်းချက်ကတော့ဒီအသွေးတော်ဟာယေရှုရဲ့အသွေးတော်ဖြစ်ကြောင်းဖော်ပြပါတယ်။တနည်းအားဖြင့်ယေရှုဟာဘုရားသခင်ဖြစ်ကြောင်း‌ညွန်ပြနေတာပါ။‌ဘုရားသခင်ကလူတွေအတွက်အသေခံသာမဟုတ်ဘဲ၊သာမန်လူကအသေခံသွားရင်တလောကလုံးရဲ့အပြစ်တွေအတွက်ဖြေလွတ်ဆေးကြောနိုင်မှာမဟုတ်ပါ။ယေရှုဟာဘုရားမို့ သူ့ရဲ့အသေခံခြင်းဖြင့်တလောကလုံးရဲ့လူ့အပြစ်ကိုဆေးကြောနိုင်ခဲ့တာပါ)။

၆။၁တိ၁:၁၅ ယေ​ရှု​ခ​ရစ်​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်…။
(သတိထားဖတ်ကြည့်ပါ၊ကြွလာတော်မူသည်ဆိုတာဝင်စားတာမဟုတ်သလို၊လူတစ်ယောက်အထဲဝင်နေတာလဲလုံးဝမဟုတ်ရပါဘူး။ကိုယ်တိုင်လာတာ၊ကိုယ်တိုင်ဖြစ်တည်တာ၊ဘုရားကိုယ်တိုင်လူအဖြစ်ခံယူလာတာဖြစ်ပါတယ်။‌အာမင်)။

၇။ယော၁၁:၁၄ ငါ​သည်ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​သည်ငါ၌​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်းယုံ​ကြ​လော။ငါ့​စ​ကား​ကိုမ​ယုံ​လျှင်၊ငါ့​အ​မှု​တို့​ကို​ထောက်၍ယုံ​ကြ​လော့။
ယော၁၄:၂၀ ငါ​သည်ခ​မည်း​တော်၌​ရှိ​သည်​ကို​လည်း​ကောင်း၊သင်​တို့​သည်ငါ၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့၌​ရှိ​သည်​ကို​လည်း​ကောင်း၊ထို​နေ့၌ သင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။
(ယေရှုအထဲခမည်းတော်ပုန်းနေလို့သာယေရှုကအံ့ဩဖွယ်လုပ်နိုင်တယ်ဆိုတာအင်မတန်မှားပါတယ်၊သတိထားပါ၊ ယေရှုကလဲခမည်းတော်ရဲ့အထဲရှိနေတယ်လို့ကျမ်းချက်ကဖော်ပြသလို၊ယုံကြည်သူတွေတောင်ယေရှုအထဲရှိနေတယ်လို့ဖော်ပြပါတယ်။ဒါကယေရှုအထဲခမည်းတော်ရှိနေမှယေရှုကတန်ခိုးလုပ်နိုင်တာမဟုတ်သလို၊ခမည်းတော်အထဲယေရှုရှိနေလို့ခမည်းတော်ကတန်ခိုးလုပ်လာနိုင်‌တာလဲမဟုတ်ရပါဘူး။ဒါကသူတို့ရဲ့တလုံးတဝဖြစ်တည်ခြင်းကိုဖော်ပြတာလေးပါ။ဒီလိုပါဘဲ၊ယုံကြည်သူတွေအထဲယေရှုဘုရားရှိသလို၊ယေရှုအထဲမှာလဲယုံကြည်သူတွေရှိနေခြင်းဟာတလုံးတဝမိသဟာရရှိခြင်းကိုဆိုလိုတာပါ)။

နိဂုံး
အသင်းတော်သမိုင်းမှာယေရှုဘုရားနဲ့ဆိုင်တဲ့လွဲမှားတဲ့‌ဩဝါဒတွေအများကြီး ပေါ်ခဲ့ဖူးပါတယ်၊ကနဦးအသင်းတော်တွေကလည်းတိုက်ထုတ်ဆန့်ကျင်လာခဲ့ကြပါတယ်။ယနေ့ထိလဲအလားတူသွန်သင်ချက်တွေကြားနေရတာမို့ယုံကြည်သူတွေသို့လော၊သို့လော၊မဖြစ်အောင်ကျမ်းချက်နဲ့တကွချပြလိုက်ရပါတယ်။ဝိညာဉ်တော်ဘုရားအလင်းပေးပါစေ။ဆရာစွဲများခါချနိုင်ပြီးသမ္မာတရားစစ်နဲ့တိုက်စစ်နိုင်ကြပါ စေ၊အာမင်။