ယေရှုကားတိုင်မတက်ခင်ကတည်းကခရစ်တော်ဖြစ်ကြောင်းကျမ်းချက်များ
ယေရှုကလူသာဖြစ်ပြီး၊ကားတိုင်ပေါ်အသေခံပြီးမှဘဲခရစ်တော်(ဘုရား)ဖြစ်သွားတာပါလို့မှားယွင်းတဲ့သွန်သင်မှုကိုယုံကြည်သူတွေဇဝေဇဝါမဖြစ်အောင်ကျမ်းချက်တချို့နဲ့ချပြပါမယ်။
၁။မဿဲ၂:၄ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ “ခရစ်တော်”ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။
၂။လုကာ၂:၁၁ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်“ခရစ်တော်”တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။
၃။မဿဲ၁၁:၂ “ခရစ်တော်”ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။
၄။မဿဲ၁၆:၁၅-၁၆ ယေရှုက-သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ရှိမုန်ပေတရုက၊ ကိုယ်တော်သည် “ခရစ်တော်”တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။
၅။မဿဲ၁၆:၂၀ ကိုယ်တော်သည် “ခရစ်တော်”ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။
၆။မဿဲ၂၂:၄၁-၄၂ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် “ခရစ်တော်”ကို အဘယ်သို့ ထင်မှတ်ကြသနည်း။အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်…။
၇။မဿဲ၂၆:၆၃-၆၄ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် “ခရစ်တော်”တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။
၈။လုကာ၂:၂၆-၂၉သူသည် ထာဝရဘုရား၏ “ခရစ်တော်”ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။
၉။ယောဟန်၁:၄၁:၄၂ ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေ့ဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိယကိုတွေ့ကြပြီဟု ပြောဆိုလျက်၊သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိယအနက်ကား “ခရစ်တော်”ဟုဆိုလိုသတည်း။
၁၀။ယောဟန်၁၁:၂၇ကိုယ်တော်သည် “ခရစ်တော်”တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။
၁၁။ယောဟန်၂၀:၃၁ ယေရှုသည် “ခရစ်တော်”တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။
၁၂။ရောမ၅:၆ ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ “ခရစ်တော်”သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။…..ငါတို့သည် အပြစ်ရှိစဉ်ပင်၊ “ခရစ်တော်”သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
၁၃။ဂလာတိ၃:၁၆ ကတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တစ်ယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား “ခရစ်တော်”ဖြစ်သတည်း။
၁၄။ဖိလိပ္ပိ၂:၅-၆“ယေရှုခရစ်”၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။- ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊- မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။
၁၅။၁တိ၁:၁၅ “ယေရှုခရစ်”သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။
၁၆။၁တိ၂:၅ ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော “ယေရှုခရစ်”တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။
၁၇။၁ ယော၂:၂၂မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် “ခရစ်တော်”မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။
၁၈။၁ယော၅:၁ဘုရာယေရှုသည် “ခရစ်တော်”ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။
၁၉။၂ ယော၁:၇လူဇာတိအားဖြင့် ကြွလာတော်မူသော “ယေရှုခရစ်”ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ ဖြစ်၏။ အန္တိခရစ်လည်း ဖြစ်၏။
၂၀။ဟေရှာ၉:၆အကြောင်းမူကား၊ ငါတို့အဖို့ “သူငယ်”ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော“ဘုရားသခင်”၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။
အထက်ပါကျမ်းချက်များဟာယေရှုခရစ်တော်ကားတိုင်ပေါ်မတက်ခင်ကတည်းကခရစ်တော်ဘုရားဖြစ်ကြောင်းတိကျရှင်းလင်းစွာဖော်ပြထားခြင်းဖြစ်ပါတယ်။
ဆရာစွဲရင်ဝိညာဉ်အလင်းကွယ်နိုင်တာမို့ဆရာတွေပြောတာထက်(ဆရာ တွေရဲ့သွန်သင်ချက်ဟာကျမ်းစာနဲ့မကိုက်ညီရင်)သမ္မာကျမ်းစာပြောတာကိုဘဲယုံကြည်ပါ။
ဒါဆိုရင်တမန်၂:၃၆ မှာ ပြောတဲ့“လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်”ဆိုတာကကော?အဖြေကရှင်းပါတယ်- ယေရှုခရစ်ရဲ့ကားတိုင်ပေါ်အသေခံခြင်းနဲ့ထမြောက်ခြင်းကယေရှုဟာခရစ်တော်ဘဲဖြစ်ကြောင်းဂျူးလူမျိုးကိုသက်သေဖြစ်တည်စေခြင်းပါ။အဲဒါကိုပေတရုကသက်သေခံနေတာပါ။ကျမ်းချက်ရဲ့အသွားအလာကိုသတိပြုပါ၊ကားတိုင်ပေါ်အသေခံပြီးမှဘဲခရစ်တော်အရာရတာပါလို့မ ပြောထားပါဘူး၊နဂိုကတည်းကခရစ်တော်ဘုရားဖြစ်နေတာကိုဂျူးတွေကမယုံကြည်လို့အသေခံထမြောက်ပြီးမှဒါကိုပေတရုကသက်သေခံပြတာပါ။ဒါ ကြောင့်ယေရှုအသေခံထမြောက်မှဘဲခရစ်တော်အရာရသွားတာမဟုတ်ပါဘူး၊အသေခံထမြောက်ခြင်းကယေရှုဟာခရစ်တော်ဘဲဖြစ်ကြောင်းသက်သေထူခြင်းသာဖြစ်ပါတယ်။