ယနေ့ခေတ်မှာတမန်တော်တွေပရောဖတ်တွေရှိပါသေးသလား?
တမန်တော်နဲ့ပရောဖတ်ဆိုတာအသင်းတော်ရဲ့တိုက်မြစ်ဖြစ်ပါတယ်၊ခရစ်တော်ကသူတို့အားဖြင့်အသင်းတော်စတည်လာစေတာပါ(ဧဖက်၂:၂၀)။ဒီတိုက်မြစ်ပေါ်မှာယနေ့အသင်းတော်ယုံကြည်သူတွေထပ်ဆင့်ပြီးတည်ဆောက်တာဖြစ်ပါတယ်၊တနည်းအားဖြင့်အမြစ်ကိုအမြစ်ပေါ်ထပ်မဆင့်တော့ပါဘူး၊အမြစ်တည်ထားပြီးခဲ့ပါပြီ၊ဒီအမြစ်ပေါ်သာသနာပြု ၊ သင်းအုပ်၊ဆရာတွေထပ်ဆင့်ဖို့သာဖြစ်ပါတယ်(ဧဖက်၄:၁၁-၁၂)။အကယ်၍ဒီနေ့ခေတ်မှာပရောဖက်တွေတမန်တော်တွေရှိနေသေးတယ်ဆိုရင်ကျမ်းစာထဲကတိုက်မြစ်မဟုတ်ဘဲအခြားသောတိုက်မြစ်ဖြစ်ပါလိမ့်မည်။
ပရောဖတ်ဆိုတာဘုရားသခင်ကလူတွေကိုပြောရမဲ့စကားကိုတဆင့်ခံပြောရသူပါ။ဒါကြောင့်ဓမ္မသစ်ခေတ်ကာလအထိပြည့်စုံတဲ့ဓမ္မသစ်ကျမ်းမရှိသေးတဲ့အတွက်ပရောဖက်အားဖြင့်စကားပြောတာရှိပါမယ်၊ဒါပေမဲ့ဘုရားသခင်ကလူတွေကိုပြောမဲ့စကားအားလုံးဟာသမ္မာကျမ်းစာမှာပြည့်စုံသွားတဲ့အခါပရောဖက်သီးသန့်မလိုအပ်တော့ပါဘူး၊တနည်းအားဖြင့်ကျမ်းစာကိုဟောကြားသူတိုင်းပရောဖက်အလုပ်လုပ်သူတွေဖြစ်သွားပါပြီ။ဘာကြောင့်လဲဆိုတော့ပရောဖက်အလုပ်ကဘုရားစကားကိုတဆင့်ခံပြန်ပြောသူမို့ပါ။အကယ်၍ဒီနေ့ခေတ်မှာပရောဖက်ပါဆိုပြီးဘုရားငါ့ကိုစကားဒီလိုလာပြောတယ်ဆိုလာရင်တော့ဒါဟာကျမ်းစာမပြည့်စုံသေးလို့ဘုရားကပြောစရာထပ်ရှိသေးတယ်၊ကျမ်းစာထပ်တိုးရေးရမယ်ဆိုတဲ့ပုံစံဖြစ်နေပါလိမ့်မည်။
ဒါကြောင့်ရှင်းရှင်းပြောရရင်၊ယနေ့ခေတ်မှာတမန်တော်နဲ့ပရောဖတ်ဆိုတဲ့အရိုက်အရာဟာမရှိတော့ပါဘူး၊ဒါပေမဲ့တမန်တော်ရဲ့အလုပ်နဲ့ပရောဖတ်တွေရဲ့တာဝန်(ဆုကျေးဇူး)တွေတော့ခုခေတ်ယုံကြည်သူတွေအပေါ်မှာရှိနေပါတယ်။၁ကော၁၄:၃၈မှာ”ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့။ “လို့သွန်သင်ထားခြင်းဟာမူရင်းအဓိပ္ပာယ်ကဘုရားစကားကိုဟောပြောသောသူဖြစ်ဖို့အလိုရှိကြပါလို့ပြောခြင်းဖြစ်ပါတယ်။ဒါဟာအရိုက်အရာမဟုတ်ဘဲတရားဟောဖို့ဆုကျေးဇူးသာဖြစ်ပါတယ်။ဒါကြောင့်နူတ်ကပတ်တော်အခြေခံတဲ့ပရောဖတ်ညာဏ်နဲ့ဟောပြောသူတိုင်းကိုလက်ခံသင့်ပါတယ်၊နူတ်ကပတ်တော်ထဲကမဟုတ်ဘဲငါကပရောဖက်ပါလို့ပြောလာရင်(မည်သူမဆို)ကျိန်ခြင်းခံထိုက်ပါပေတယ်(ဂလာတိ၁:၉)။ဘာလို့လဲဆိုတော့ဘုရားပြောမဲ့စကားကနုတ်ကပတ်တော်မှာပြည့်စုံနေလို့ပါ။ဒါကြောင့်ကျမ်းစာရှိလျက်နဲ့ကျမ်းစာမဖတ်၊မနားထောင်ဘဲဘုရားစကားကြားချင်တယ်ဆိုရင်မဖြစ်နိုင်ပါဘူး။တနည်းအားဖြင့်ကျမ်းတတ်ပြီးဘုရားကိုမသိတဲ့လူကအယူလွဲသလို၊ဘုရားကိုသိပြီးကျမ်းစာမဖတ်တဲ့လူလဲပိုလွဲမှာပါ။
သမ္မာကျမ်းစာကဘုရားစကားဆိုတာငြင်းစရာမရှိပါ၊ဒါပေမဲ့ဘုရားသခင်ကသမ္မာကျမ်းစာထဲကမဟုတ်ဘဲအသစ်တခုဖွင့်ပြတယ်ဆိုတာကဘုရားစကားလားဆိုတာလက်ခံရခက်ပါတယ်။ယခုခေတ်မှာဘုရားပြောတယ်၊ဖွင့်ပြတယ်ဆိုပြီးကျမ်းစာမဖတ်ဘဲပြောနေသူအများကြီးဆိုတော့သမ္မာသတိအထူးထားသင့်ပါတယ်။ပိုဆိုးတာကပရောဖက်နာမည်ခံ၊တမန်တော်နာမည်ခံတွေအများကြီတွေ့နေရတဲ့ခေတ်မို့ပိုသတိထားပါ။
ဆိုတော့မည်သူမည်ဝါယူပါရုံ၊အိမ်မက်ရပါစေကျမ်းစာနဲ့ကိုက်ညီမှုရှိရပါမယ်၊ဒါဆိုလက်ခံလို့ရပါတယ်။ကျမ်းစာမှာမပါဘဲအလင်းတွေ့တိုင်းဘုရားဖွင့်ပြတယ်လို့လဲတထစ်ချမခံယူသင့်ပါ။စာတန်တောင်လင်းသောကောင်းကင်တမန်ဟန်ဆောင်တတ်တာမမေ့ပါနဲ့(၁ကော၁၁:၁၄)။ယနေ့ခေတ်မှာယုံကြည်သူတွေအတွက်အတုအစစ်ခွဲခြားဖို့ကကျမ်းစာအုပ်အားဖြင့်သာဖြစ်ပါတယ်(၁ကော၄:၆)။ဒါကြောင့်ကျမ်းစာနဲ့မကိုက်ညိဘဲအသစ်တွေမကြားဘူးတာတွေ ဘုရားဖွင့်ပြတယ်လို့ဆိုလာရင်တော့သတိထားကြပါလို့တိုက်တွန်းလိုက်ရပါတယ်။
(၁ယော ၄:၁ ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။)
(၁သက် ၅:၂၁ ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။)