စားရမစားရဆိုင်ရာပညတ်နှင့်ယနေ့ခရစ်ယာန်များ
တစ်လောက တရုတ်ပြည်ဝူဟန်အဆုတ်ရောဂါပြန့်ပွားတဲ့ကိစ္စကနေယုံကြည်သူကြားမှာစားရမစားရသန့်ရှင်းမသန့်ရှင်းတဲ့အစားအစာပညတ်ချက်တဖန်ဂယက်ထလာနေတာတွေ့ရပါတယ်။အဓိကကတော့ဒီရောဂါဟာကျမ်းဟောင်းပညတ်(ဝတ်ပြုရာကျမ်း၁၁:၁၃-၁၉)ကမသန့်ရှင်းဘူးလို့သတ်မှတ်ထားတဲ့လင်းနို့ကနေလာတယ်ဆိုပြီးသတင်းထွက်နေလို့ပါ။
အမှန်ကတော့အစားအသောက်ပညတ်တွေဟာကျမ်းမာရေးဆိုတာထက်ကိုးကွယ်မှုပိုင်းကိုအဓိကရည်ညွန်းတာဖြစ်ပါတယ်။ဥပမာဧဒင်ဥယျဉ်ထဲကကောင်းမကောင်းအသီးကိုဆင်ခြင်ကြည့်ပါ၊အသီးကိုယ်၌ကကျမ်းမာရေးအတွက်မကောင်းဘူးမဟုတ်၊ဘုရားကိုယ်၌ကကန့်သတ်ထားခြင်းကအဓိကပါ။နောက်တခုကဘုရားသခင်သတ်မှတ်ပေးထားတဲ့မသန့်ရှင်းတဲ့အကောင်ကနေဘဲရောဂါကူးစက်နိုင်တာမဟုတ်ပါ၊သန့်ရှင်းပြီးစားလို့ရကြောင်းသတ်မှတ်ပေးထားတဲ့သတ္တဝါတွေထဲမှာလဲကူးစက်ရောဂါဖြစ်နေတာအများကြီးပါဘဲ။ဆိုလိုချင်တာဓမ္မာဟောင်းမှာဣသရေလူတွေကိုအစားအသောက်နဲ့ပတ်သတ်ပြီးပညတ်ရခြင်းဟာအဲဒီခေတ်ကာလကအခြားသောလူမျိုးကိုးကွယ်မှုနဲ့ခွဲခြားစေဖို့၊ပုံဆောင်ခြင်းဆိုင်ရာနဲ့သန့်ရှင်းစင်ကြည်စေဖို့ပါ။ကျမ်းမာရေးဆိုတာထက်ဣသရေလလူတွေကိုးကွယ်မှုပိုင်းမှာဘုရားခွဲခြားသတ်မှတ်ပေးထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲဒီခေတ်ကအခြားသောဘာသာတွေမှာအဲလိုအကောင်တွေစားရင်နတ်ဘုရားကတန်ခိုးတွေပေးတယ်ဆိုပြီးခံယူတာတွေရှိလို့ပါ။
ယနေ့ဓမ္မသစ်ယုံကြည်သူတွေအတွက်တော့ကိုယ်ကျင့်တရားဆိုင်ရာပညတ်မှတပါးဓမ္မဟောင်းပညတ်အားလုံးဓမ္မသစ်မှာလုပ်ဖို့မသွန်သင်ထားတော့ပါ။ခရစ်တော်ကားတိုင်မှာပညတ်တွေကိုပြည့်စုံစေခဲ့ပါပြီ(ရော၁၀:၄၊ဂလာတိ၃:၂၄-၂၆၊ဧဖက်၂:၁၅)။ယနေ့တပါးအမျိူသားကနေယုံကြည်သူဖြစ်လာတဲ့သူတွေကို၊ယုံကြည်သူမယုံကြည်သူခွဲခြားဖို့ကျမ်းစာကသတ်မှတ်ပေးထားတာဟာအစားအစာတွေမဟုတ်ဘဲချစ်ခြင်းမေတ္တာရှိခြင်းနဲ့မရှိခြင်းပါ(ယော၁၃:၃၅)။ခရစ်တော်လက်ဝါးကပ်တိုင်မှာပြည့်စုံသွားစေပြီဖြစ်တဲ့ကျမ်းဟောင်းပညတ်ထဲကလင်းနို့သားမစားရဆိုတာလေးနဲ့ယုံကြည်သူချင်းမစီရင်သင့်ပါ။ဘုရားကမစားနဲ့ဆိုတဲ့လင်းနို့သားစားလို့ရောဂါဖြစ်တာလို့လိုက်စီရင်မယ်ဆိုရင်ဘုရားစားပါလို့သတ်မှတ်ထားတဲ့အသားကနေရောဂါဖြစ်လာတာတွေကိုကောဘယ်လိုပြောရတော့မလဲ?နောက်တခုကမစားရဆိုတဲ့ကျမ်းဟောင်းပညတ်ထဲမှာလင်းနို့သာမကဝက်သား၊ပုဇွန်၊ပင်လယ်စာတချို့အပါအဝင်ဆိုတာသတိရပါ။ခရစ်တော်ကြောင့်မဟုတ်ရင်ဒီနေ့ကျမ်းဟောင်းပညတ်ဖြစ်တဲ့အရေဖျားလှီးခြင်း၊ယဇ်ပူဇော်ခြင်း၊ကျမ်းဟောင်းပွဲတော်၁၀ခုမကလုပ်နေရမှာဖြစ်သလို၊စနေဥပုသ်ကိုလဲအတိကျလိုက်နာနေရပါအုံးမည်။
ဒါကြောင့်ယုံကြည်သူတွေအစားအသောက်နဲ့ပတ်သတ်လာရင်တစ်ယောက်ကိုတစ်ယောက်မစီရင်မိစေပါနဲ့၊ကိုးကွယ်မှုအရပြောရင်စားလိုက်လို့အပြစ်ဖြစ်သွားတာမဟုတ်သလို၊မစားလို့လဲအပြစ်ဖြစ်မသွားပါ။ယနေ့ခေတ်ကအသားငါးတွေမကတော့ပါဘူး၊ဟင်းသီးဟင်းရွက်တွေလဲသတိမထားရင်ဆေးဖြန်းဆေးဆိုးထားတာမိပြီးကင်စာကအစရောဂါအမျိုးမျိုးရနိုင်တဲ့ခေတ်ကာလပါ။ဒါကြောင့်ကျမ်းဟောင်းမှာပါတဲ့စင်ကြယ်ပါတယ်ဆိုတဲ့အသားတွေလဲကျမ်းမာရေးအရကူးစက်ရောဂါဖြစ်လာရင်မစားပါနဲ့။ကိုယ်နဲ့မတည့်ရင်မစားပါနှင့်၊ကျမ်းမာရေးရှုထောင့်ကမစားသင့်ဘူးဆိုရင်မစားပါနဲ့၊စားသူကိုလဲအပြစ်ရှိတယ်လို့မစီရင်ပါနဲ့။မစားလို့လဲစားနေသူထက်ဘုရားရှေ့ပိုသန့်ရှင်းတယ်လို့မထင်ပါနဲ့။စားခြင်းမစားခြင်းကဘုရားပေးထားတဲ့ဦးနှောက်နဲ့လွတ်လပ်စွာဆုံးဖြတ်နိုင်ပါတယ်။ယနေ့ကိုးကွယ်မှုဆိုင်ရာစင်ကြယ်ခြင်းကသင်ဘာစားသလဲနဲ့သင့်ဝမ်းဗိုက်ထဲဘာအသားရှိသလဲဆိုတာထက်သင့်နှလုံးသားကိုသာဘုရားအဓိကထားတာပါ။ကျမ်းမာရေးဆိုင်ရာသတိထားစားသောက်ခြင်းကတော့လူတိုင်းမိမိကျမ်းမာရေးအရကာကွယ်စားသောက်သင့်ပါပေတယ်။