ယေရှုလောကမှာ၃၃နှစ်ခွဲနေခဲ့ခြင်း
သခင်ယေရှုခရစ်တော်ဟာလောကမှာ၃၃နှစ်ခွဲခန့်နေထိုင်ခဲ့ပါတယ်။ဒါပေမယ့်ပြဿနာကများစွာသောယုံကြည်သူတွေကဘယ်ကျမ်းချက်ကပြောထားမှန်းမသိကြသလို၊သူများမေးလာရင်လည်းပြန်မပြောပြတတ်ဖြစ်နေတာမို့ဒီမှာအကျဉ်းချုပ်တင်ပြပါရစေ။
အဖြေက-
ရှင်လုကာ၃:၂၃မှာယေရှုတရားဟောတဲ့အချိန်အသက်၃၀ခန့်ရှိတယ်လို့ဆိုထားတာကစပါတယ်။ဆက်ပြီးရှင်ယောဟန်ခရစ်ဝင်ထဲမှာသေချာဖတ်ရင်ယုဒလူမျိုးရဲ့ပဿခါပွဲ လေးကြိမ်တိုင်တိုင်ဖော်ပြတာတွေ့ရပါလိမ့်မယ်။(ယော၅:၁ကအတိကျမဖော်ပြပေမယ့်ကျမ်းပညာရှင်တွေကပဿခါပွဲလို့ဘဲခံယူတာပါ)။
၁။ယော၂:၁၃
၂။ယော၅:၁
၃။ယော၆:၄
၄။ယော၁၃:၁ တို့ဖြစ်ပါတယ်။
သခင်ယေရှုလက်ဝါးကပ်တိုင်မှာအသေခံတဲ့နေ့ဟာ၄ကြိမ်မြောက်ပဿခါပွဲဖြစ်ပါတယ်(ယော၁၈:၂၈-၁၉:၃၁)။
ဒါကြောင့်သခင်ယေရှုအသက်၃၀မှာအစပြုဟောပြောတဲ့အရွယ်မှစပြီးပထမဆုံးပဿခါပွဲထိသူ့အသက်၃၀နှစ်၆လခန့်မှန်းတာပါ။ပြီးမှဒုတိယနှစ်ပဿခါပွဲဆိုရင်၃၁နှစ်ခွဲ၊တတိယနှစ်ရဲ့ပဿခါပွဲမှာ၃၂နှစ်ခွဲ၊နောက်ဆုံးအသေခံတဲ့ပဿခါပွဲမှာ၃၃နှစ်ခွဲလို့တွက်ချက်တာပါ။
လိုရင်းပြောရရင်ယေရှုလူ့ဇာတိခံတာ၊လောကမှာ၃၃နှစ်ခွဲဝန်းကျင်နေခဲ့တယ်။မွေးကင်းစကနေ၃၀နှစ်ထိအိမ်ကူတယ်၊အသက်၃၀မှတရားဟောတယ်။ဒီမှာဘာလို့အသက်၃၀မှတရားဟောရတာလည်း?စောစောထဟောတာမကောင်းဘူးလားလို့မေးကောင်းမေးနိုင်တယ်။အဖြေကသမ္မာဟောင်း တောလည်ရာကျမ်း၄:၂-၃မှာ လေဝိတွေအသက်၃၀ပြည့်မှအမှုတော်ဆောင်ဖို့ပညတ်ထားတာကြောင့်ပါ။ ယေရှုခရစ်တော်ကပညတ်ကိုစုံလင်စေဖို့ပညတ်အတိုင်းအသက်၃၀ထိစောင့်ပြီးစတင်တရားဟောခဲ့တာပါ။ဒီလိုမှလည်းဂျူးတွေကလက်ခံမှာပါ။မဟုတ်ရင်အသက်၃၀မပြည့်ဘဲတရားဟောရင်ဂျူးအတိုင်းဝိုင်းမှာ ဘောင်မဝင်(အသိမှတ်မပြု)တဲ့သဘောပါ။နောက်ဆုံး၃၃နှစ်ခွဲဝန်းကျင်မှာအသေခံပြီး၊သူလူ့ဇာတိလာခံတဲ့အဓိကအလုပ်ဖြစ်တဲ့ကယ်တင်ခြင်းအမှုကိုပြီးစေခဲ့တယ်။
သိပြီးသူများကျော်သွားလို့ရပါတယ်၊အမှားပါရင်ထောက်ပြပေးပါ။ဖတ်ရှုသူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။