ပွဲတော်မင်္ဂလာဆိုင်ရာအမေးဖြေ(၁၃)ချက်
၁။ပွဲတော်မင်္ဂလာဆိုတာဘာလဲ?
ပွဲတော်ဆိုတာစားသောက်ခြင်းကိုဆိုလိုပါတယ်။ယေရှုခရစ်ကိုယ်တိုင်လူသားတွေအတွက်ကားတိုင်ပေါ်အသေမခံခင်၊ပသခါပွဲရဲ့နောက်ဆုံးညစာစားပွဲမှာအစပြုပေးခဲ့တဲ့မင်္ဂလာဝတ်ပါ(လုကာ၂၂:၇-၈)။ဘာလို့မင်္ဂလာဝတ်လို့ပြောသလဲဆိုတော့ယေရှုခရစ်ရဲ့အသေခံပေးခဲ့ခြင်းကြောင့်လူသားအားလုံးကယ်တင်ခြင်းရခဲ့လို့ပါ။ဒီအသေခံပြီးကယ်တင်ပေးခဲ့ခြင်းကို“အောက်မေ့သတိရဖို့”ခရစ်ယာန်အသင်းတော်တိုင်းကယနေ့ထိပြုလုပ်ကြရပါတယ်(လုကာ၂၂:၁၉)။ယေရှုခရစ်နဲ့တပည့်တော်တို့ရဲ့နောက်ဆုံးညစာစားခြင်းဟာအသင်းတော်သမိုင်းရဲ့ပထမဦးဆုံးသောပွဲတော်မင်္ဂလာဝတ်ဖြစ်ပါတယ်။
၂။ပွဲတော်မှာဘာတွေစားသောက်လဲ?ဘာပုံဆောင်မှုရှိလဲ?
ပသခါပွဲရဲ့နောက်ဆုံးညစာစားပွဲမှာယေရှုခရစ်ကမုန့်နဲ့စပျစ်ရည်ကိုအသုံးပြုခဲ့တာမို့၊ယနေ့ခရစ်ယာန်အသင်းတော်တိုင်းကပွဲတော်မင်္ဂလာပြုတဲ့အခါမုန့်နဲ့စပျစ်ရည်ကိုအသုံးပြုကြရပါတယ်။
မုန့်ဟာအပြစ်သားတွေအတွက်လက်ဝါးကပ်တိုင်မှာအသေခံပေးဆပ်သွားတဲ့ခရစ်တော်ရဲ့ခန္ဓာကိုပုံဆောင်ပါတယ်(၁ကော၁၁:၂၄)။
စပျစ်ရည်ဟာ အပြစ်သားတွေအတွက်လက်ဝါးကပ်တိုင်မှာအသေခံချိန်ယိုစီးခဲ့တဲ့ခရစ်တော်ရဲ့အသွေးကိုပုံဆောင်ပါတယ်(၁ကော၁၁:၂၅)။
မှတ်ချက်အနေနဲ့မုန့်စပျစ်ရည်ကိုအနည်းအများခန့်ခွဲစီမံနိုင်ပါတယ်။နည်ခြင်းများခြင်းအဓိကမဟုတ်ပါ၊ပုံဆောင်ခြင်းကအဓ်ကပါ။မစားကျူးရ၊မယစ်မူးရပါ။
၃။ဘာလို့ပွဲတော်မင်္ဂလာဝတ်ပြုလုပ်ရကြတာလဲ?
ဦးတည်ချက်၅ချက်ရှိပါတယ်။
(၁)ကယ်တင်ခြင်းကိုအမှတ်ရခြင်း။မုန့်နဲ့စပျစ်ရည်သောက်စားတိုင်းမှာယေရှု့ငါ့အတွက်အသက်ပေးပြီးကယ်တင်သွားပါလားဆိုတာအမြဲသတိရဖို့ပါ(၁ကော၁၁:၂၃-၂၆)။
(၂)မိမိကိုယ်ကိုစစ်ကြောခြင်း။မထိုက်တန်တဲ့ငါ့ကိုယေရှုဘုရားကအသက်ပေးပြီးကယ်တင်သွားတာမို့၊ငါအခုသူ့စကားကိုနားထောင်နေပြီလား?ကျေးဇူးကန်းပြီးအပြစ်လုပ်နေတုန်းလားဆိုတာဆင်ခြင်ဖို့ပါ။အပြစ်ပြုနေရင်နောင်တရဝန်ချတိုးဝင်ဖို့ပါ။
(၃)ထာဝရအသက်ရကြောင်းသေချာခြင်း။ယေရှုခရစ်ပြုတဲ့ပဠိညာဉ်တရားသစ်နဲ့သက်ဆိုင်ကြောင်းသက်သေပြုတာပါ(၁ကော၁၁:၂၅၊ယော၆:၅၁-၅၈)။
(၄)ယုံကြည်သူချင်းမိသဟာရရှိခြင်း။ယုံကြည်သူများဟာခရစ်တော်၌တစ်လုံးတစ်ဝ၊တစ်သားတစ်ကိုယ်ထဲဖြစ်ကြောင်းခံယူခြင်းပါ(၁ကော၁၀:၁၆-၁၇)။
(၅)ထာဝရကိုမျော်လင့်ခြင်း။ပွဲတော်ဝင်တိုင်းခရစ်တော်ပြန်လာမှာကို စောင့်မျော်ဖို့ကျမ်းစာကသွန်သင်ပါတယ်(၁ကော၁၁:၂၆)။
၄။ပွဲတော်ကိုမထိုက်တန်ဘဲစားခြင်းဆိုတာဘာလဲ?
(၁)ယေရှုကိုမယုံကြည်သေးဘဲစားသုံးခြင်း(ရောမ၁၀:၁၄)
(၂)နှစ်ခြင်းမခံသေးဘဲစားသုံးခြင်း(ထွက်၁၂:၄၈)
(၃)မိမိကိုယ်ကိုမစစ်ကြောဘဲစားခြင်း(၁ကော၁၁:၂၈)။
(၄)အနှစ်သာရကိုနားမလည်ဘဲစားသုံးခြင်း(၁ကော၁၁:၂၀-၂၂)။
(၅)အတူတူမစားသောက်ခြင်း(၁ကော၁၁:၃၃)။
၅။ဘယ်သူတွေကပွဲတော်စားသောက်လို့ရလဲ?
ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး၊ရေနှစ်ခြင်းခံခြင်းအားဖြင့်ဝန်ခံပြီးသောသူတိုင်းပါဝင်စားသောက်လို့ရပါတယ်။နှစ်ခြင်းမခံရသေးသူတွေနဲ့မယုံကြည်သေးသူတွေက တော့ပါဝင်လေ့လာလို့ရပေမယ့်စားသောက်လို့မရပါ။
၆။ဗတ္တိဇံနှစ်ခြင်းမခံရသေးဘဲပွဲတော်ဘာလို့စားခွင့်မရတာလဲ?
ခရစ်တော်ကိုယုံကြည်လက်ခံသောသူတိုင်းဟာလူအများရှေ့မှာသူဟာယုံကြည်သူ ဖြစ်ကြောင်းရေနှစ်ခြင်းခံခြင်းဖြင့်ဝန်ခံကြမှာပါ။နှစ်ခြင်းခံတယ်ဆိုတာငါယေရှုကိုယုံကြည်ပြီ ဖြစ်ကြောင်းဝန်ခံခြင်းမို့ပါ။ဒါကြောင့်နှစ်ခြင်းမခံရသေးသူဟာ ယေရှုခရစ်ကိုယုံကြည်ကြောင်းမဝန်ခံရဲသေးသူမို့ပွဲတော်မစားသောက်သင့်ပါ။အများရှေ့တော့မင်္ဂလာမဆောင်ရဲ၊မချပြရဲဘူး၊အတူတူတော့နေချင်တယ်ဆိုတဲ့အချစ်မျိုးဟာအချစ်စစ်မဟုတ်နိုင်ပါဘူး။
၇။ပွဲတော်ကိုသိက္ခာတော်ရဆရာကြီးတွေမှဘဲပေးလို့ရတာလား?
ကျမ်းစာမှာသိက္ခာတော်ရမှဘဲပွဲတော်ပေးခွင့်ရှိတယ်လို့မသွန်သင်ထားပါဘူး၊ဒါပေမယ့်အမှုတော်ဆောင်သင်းအုပ်ဆရာတွေရဲ့အုပ်ထိန်းမှုကိုနာခံဖို့ဟေဗြဲ၁၃:၁၇မှာဖော်ပြထားပါတယ်။ဒါကြောင့်မိမိအသင်းချုပ်(အသင်းတော်)ကသိက္ခာတော်ရမှပေးလို့ရကြောင်းသတ်မှတ်ထားရင်နာခံပါ။မသတ်မှတ်ထားရင်အသင်းတော်သတ်မှတ်ထားတဲ့အတိုင်းလုပ်ဆောင်ပါ။ကန့်သတ်ချက်မရှိတဲ့အသင်းတော်ထဲကဆိုရင်၊ဆရာတွေခေါ်မရတဲ့အဝေးတောနက်မှာရောက်နေရင်(အရေးကြီးလိုနေရင်)နားလည်သူယုံကြည်သူတိုင်းစီရင်လို့ရပါမယ်။
၈။ပွဲတော်ကိုအွန်လိုင်းကနေပေးလို့(စားလို့)ရလား?
ပွဲတော်ကိုအွန်လိုင်းကနေစားခြင်းဟာအပြင်မှာစုဝေးလို့လုံးဝ(လုံးဝ)မရတဲ့ကိုဗစ်လိုကာလ“အထူးအခြေအနေ”မှဘဲရပါမယ်။အကယ်၍အပြင်မှာစုဝေးလို့ရရက်သားနဲ့၊အသင်းတော်မှာပါဝင်လို့ရရက်သားနဲ့အွန်လိုင်းပေါ်ကနေသာပါဝင်စားသောက်နေတယ်ဆိုရင်အပြစ်ရှိနိုင်တယ်လို့မှတ်ချက်ပြုပါတယ်။မဟုတ်ရင်နောက်နောင်အွန်လိုင်းကနေနှစ်ခြင်းပေးတဲ့အထိဖြစ်သွားနိုင်ပါတယ်။သတိပြုပါ။
၉။ပွဲတော်ကိုဘယ်လောက်ကြာမှထပ်တကြိမ်ပြုရတာလဲ?
သမ္မာကျမ်းစာထဲမှာပွဲတော်မင်္ဂလာဝတ်ကိုဘယ်လောက်ကြာရင်တခါပြုရမယ်လို့အတိအကျမသွန်သင်ထားပါဘူး။ကနဦးမှာတော့တနင်္ဂနွေစုဝေးချိန်တပတ်တကြိမ်လုပ်ကြတယ်လို့ခန့်မှန်းပါတယ်(တမန်၂၀:၇)။ဒါကြောင့်ခရစ်တော်ရှင်ပြန်ထမြောက်တဲ့နေ့(တနင်္ဂနွေ)မှာယုံကြည်သူတွေစုဝေးကြချိန်၊တပတ်တခါပြုနိုင်သလို၊နှစ်ပတ်တခါ၊တစ်လတခါစသဖြင့်ပြုနိုင်ပါတယ်။အဓိကဘယ်နှစ်ကြိမ်လုပ်ရမယ်ဆိုတဲ့အနည်းအများသတ်မှတ်ချက်ထက်မကြာမကြာပွဲတော်ဖြင့်အောက်မေ့သတိရနေဖို့သာလိုပါတယ်။
၁၀။အပြစ်လုပ်ထားရင်ပွဲတော်မစားရဘူးလား?
တချို့ကအပြစ်လုပ်ထားတာမို့ပွဲတော်မစားရဲဘဲတမင်ရှောင်လွဲနေတတ်ကြပါတယ်။အမှန်ကပွဲတော်စားတဲ့အခါနောင်တရပြီးဝန်ချတိုးဝင်ရင်စားလို့ရပါတယ်၊အကယ်၍ကိုယ်၌ကအပြစ်ကနေနောင်တမရချင်ဘူးဆက်ပြီးအပြစ်ပြုချင်နေသေးရင်တော့ပွဲတော်မပြောပါနဲ့ခရစ်ယာန်တောင်မဟုတ်တော့ပါဘူး။စစ်မှန်တဲ့ခရစ်ယာန်တွေဟာအားနည်းပြီးအပြစ်ပြုမိတတ်ပေမယ့်၊အပြစ်ကိုမုန်းပြီးနောင်တအမြဲရတတ်သူတွေဖြစ်ပါတယ်။ဒါကြောင့်အသင်းတော်စည်းမျဉ်းချိုးဖောက်လို့ပွဲတော်ရပ်နားခံရခြင်းကလွဲပြီး၊မိမိကိုယ်ကိုအပြစ်ပြုထားတယ်လို့ခံယူရင်ပွဲ တော်ဝင်ခြင်းကသင့်အတွက်နောက်တရဖို့အခွင့်အရေးဘဲဖြစ်ပါတယ်။
၁၁။မယုံကြည်သူတဦးနဲ့လက်ထပ်ခြင်းအမူကိုပြုထားသူကောပွဲတော်မင်္ဂလာဝင်လို့ရလား?
ယုံကြည်သူဖက်ကအပြစ်ဝန်ချပြီးရင်စားလို့ရပါတယ်။ဥပမာ-အသင်းတော်က မညီတဲ့ထမ်းပိုးထမ်းသွားသူကို ၆လ-၁၂လကြားပွဲတော်ရပ်ပြီးအပြစ်ဝန်ချနောင်တရခိုင်းလေ့ရှိပါတယ်။အဲဒီချိန်မှာမညီတဲ့ထမ်းပိုးထမ်းခဲ့တဲ့ယုံကြည်သူဖက်ကတကယ်နောင်တနဲ့ပြန်လာဝန်ချတောင်းပန်မယ်ဆိုရင်၊ရက်ပြည့်တာနဲ့ပွဲတော်ဝင်လို့ရပါပြီ၊အဲဒီနောက်ပိုင်းတခြားနေရာတိုင်းမှာလဲပွဲတော်ဝင်လို့ရပါတယ်။
၁၂။မုန့်နဲ့စပျစ်ရည်ကိုဘုရားကျောင်းမလာတဲ့သူအတွက်ယူပြန်သွားပြီးကျွေးလို့ရလား?
ဒါကသတိပြုစရာပါ။အကယ်၍အိမ်ကလူဟာဖျားနာ နေလို့ဘုရားကျောင်းမလာနိုင်လို့ဆိုရင် ကောင်းချီးပေးဆုတောင်းပြီးသားမုန့်နဲ့စပျသ်ရည်ကိုယူပြန်သွားပြီးကျွေးလို့ရပေမဲ့၊ဘုရားကျောင်းလာလို့ရရက်သားနဲ့မလာဘဲနေသူတွေကိုတော့ယူသွားပေးလို့မရပါ။ဒါအပြစ်ဖြစ်နိုင်ပါတယ်။သတိပြုပါ။
၁၃။အသင်းတော်မှာပိုနေတဲ့စပျစ်ရည်နဲ့မုန့်ကိုဘယ်လိုလုပ်ရမလဲ?
ဒီအပိုင်းမှာသမ္မာကျမ်းစာကအတိကျဖော်ပြတာမျိုးမရှိပါဘူး။ဒါပေမဲ့သမ္မာဟောင်းကျမ်းစာထဲကရှေ့တော်မုန့်ဆိုင်ရာသွန်သင်ခြင်းအရတော့ပိုနေတဲ့မုန့်နဲါစပျစ်ရည်ကိုအမှုတော်ဆောင်တွေသာပြန်လည်သုံးဆောင်သင့်ကြောင်းတိုက်တွန်းချင်ပါတယ်။အမှုတော်ဆောင်တွေမစားချင်ရင်တောင်ပစ္စလက္ခတ်လူတကာကျွေးလိုက်တာမျိုးမပြုဘဲ၊ဘုရားကျောင်းဝင်းထဲသေသပ်တဲ့ကန်ဘောင်တခုလုပ်ပြီးသွန်ချသင့်ပါတယ်။