ကယ်တင်ခြင်းဆုံးရှုံးနိုင်သလော
နိဒါန်း
ကယ်တင်ခြင်းဆုံးရှူံးနိုင်တယ်/မဆုံးရှုံးနိုင်ဘူးဆိုတာကိုကဓမ္မပညာမှာ၂မျိုးကွဲထွက်နေပါတယ်။ဒီအပိုင်းကိုပြည့်ပြည့်စုံစုံရေးထားသူ တွေရှိနေပြီဆိုပေမယ့်၊ကျွန်တော်အမြင်လည်းရေးပေးပါဆိုပြီးခဏခဏတောင်းဆိုလာတာမို့၊သမ္မာကျမ်းစာအတိုင်းကျနော်ခံယူတဲ့ကယ်တင်ခြင်းကိုအချက်(၉)ချက်နဲ့တင်ပြပါမယ်။
၁။ကယ်တင်ခြင်းဆုံးရှုံးနိုင်လား?
မဆုံးရှုံးနိုင်ပါ။ကယ်တင်ခြင်းကကိုယ့်ရဲ့ကောင်းမှုအကျင့်ကြောင့်ရတာမဟုတ်ဘူးဆိုရင်၊ရပြီးနောက်လည်းကိုယ့်ရဲ့အကျင့်ကောင်းနဲ့မဆုံးရှုံးအောင်ထိန်းထားနိုင်မှာမဟုတ်ပါ။ယုံကြည်ပြီးကျေးဇူးတော်ကြောင့်ရလို့(ဧဖက်၂:၈-၁၀)၊ဘုရားသခင်ကကယ်တင်ခြင်းရပြီးသူကိုတည်ကြည်စေတာဖြစ်ပါတယ်(ရောမ၈:၃၀)။ကိုယ့်အကျင့်နဲ့မဆုံးရှုံးအောင်နိုင်ထိန်းထားနိုင်လို့လုံးဝ(လုံးဝ)မဟုတ်ရပါ။
၂။အပြစ်လုပ်မိတာနဲ့ကယ်တင်ခြင်းဆုံးရှုံးမှာလား?
သင်ကောင်းနိုင်လို့ဘုရားကသင့်ကိုကယ်တင်ခြင်းပေးထားတာမဟုတ်ဘဲသင်ယုံကြည်လို့ပေးတာပါ။ဒါကြောင့်ကယ်တင်ခြင်းရရှိပြီးခရစ်ယာန်အသက်တာမှာလည်းသင့်ရဲ့မကောင်းနိုင်မှုလေးတချို့(တချို့)ကြောင့်ဘုရားကကယ်တင်ခြင်းပြန်ရုပ်သိမ်းသွားမှာမဟုတ်ပါ။အပြစ်လုပ်မိတိုင်းကယ်တင်ခြင်းဆုံးရှုံးတယ်လို့ခံယူရင်ခရစ်ယာန်တိုင်းအားနည်းတတ်တာမို့ဘယ်သူမှကယ်တင်ခြင်းမရနိုင်တော့ပါ။အမှန်တော့ကယ်တင်ခြင်းဆိုတာဘုရားပေးတဲ့လက်ဆောင်ပါ။
သင့်သူငယ်ချင်းကိုသင်လက်ဆောင်ပေးဖူးပါသလား?လက်ဆောင်ပေးလိုက်ပြီးနောက်သင့်သူငယ်ချင်းကသင်မကြိုက်တာနဲနဲလုပ်မိတာနဲ့သင်ပေးလိုက်တဲ့လက်ဆောင်ကိုသင်ပြန်လိုက်တောင်းယူမှာလား?မဟုတ်ရပါ။ဘုရားလည်းသူပေးလိုက်တဲ့ကယ်တင်ခြင်းကိုအဲလိုလုပ်မှာမဟုတ်ပါ။ယုံကြည်သူအားနည်းပြီးအပြစ်ပြုမိရင်ဆုံးမပဲ့ပြင်ပေးပါမည်။နောင်တရဝန်ချရင်ခွင့်လွတ်လက်ခံပေးပါမည်(၁ယော၂:၁)။ ဖြောင့်မတ်သောသူဟာ၇ကြိမ်လဲကျရင်လဲပြန်ထလာမှာဖြစ်တယ်(သုတ္တံ၂၄:၁၆)။နောင်တမရသူကတော့နဂိုကတည်းကကယ်တင်ခြင်းမရသူတွေပါ။
၃။မယုံကြည်တော့ဘဲလှည့်ပြန်သူတွေကကော?
ဒါမျိုးကနဂိုကယ်တင်ခြင်းမရထားသူတွေလို့ဘဲခံယူပါတယ်။နဂိုကတည်းကမရခဲ့တာမို့ဆုံးရှုံးတယ် ပြောမရပါ၊ကိုယ်ကိုကိုယ်ကယ်တင်ခြင်းရတယ်ထင်ထားပေမယ့်မရသူပါ(၁ယော၂:၉)။(ကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်ဆိုသူတွေပြောသလိုအကယ်၍ကယ်တင်ခြင်းကိုမလိုချင်တော့ဘဲဖောက်ပြန်သွားသူရှိခဲ့ရင်တောင်ဆုံးရှုံးတယ်လို့သုံးမရပါ။လွတ်လပ်စွာစွန့်ပယ်လိုက်တာမို့ဆုံးရှုံးခြင်းမဟုတ်ရပါ)။ကယ်တင်ခြင်းကကိုယ်လိုချင်ယုံကြည်နေသရွှေ့ဘယ်တော့မှမပျောက်သွားပါ။စစ်မှန်သောယုံကြည်ခြင်းသာမှန်နေရင်အဆုံးတိုင်အောင်ဘုရားသခင်စောင့်မပါလိမ့်မည်(ယော၆:၃၉)။အာမင်။
၄။မိမိကိုယ်သတ်သေသူကောကယ်တင်ခြင်းရသေးလား?
မိမိကိုယ်ကိုသတ်သေသူလည်းအားနည်းမှုလေးကြောင့်ဆိုရင်ကယ်တင်ခြင်းမဆုံးရှုံးပါ။မဟုတ်ရင်ကယ်တင်ခြင်းရပြီးမှဆဲဆိုနေရင်းသေသွားရင်ကော?စိတ်ထဲမကောင်းတာတွေးနေတုန်းသေသွားရင်ကော?…စသဖြင့်၊အဲဒီခနအားနည်းပြီးအပြစ်လုပ်မိနေရင်းနဲ့သေရင်ကယ်တင်ခြင်းမရတော့ဘူးလား?မဟုတ်ရပါ။ဒီလိုဆိုရင်ကယ်တင်ခြင်းရနိုင်သူမရှိနိုင်တော့ပါ။သတိထားရမှာကမိမိကိုယ်ကိုသတ်သေတဲ့အပြစ်ဟာတခြားအပြစ်တွေထက်ကြီးတယ်လို့ဘယ်ကျမ်းစာမှာမှမဖော်ပြပါ။စစ်မှန်သောယုံကြည်သူသာမှန်လျှင်စိတ်ညစ်လွန်းပြီး(အသိစိတ်ခေတ္တပျောက်ပြီး)မိမိကိုယ်သတ်သေ(အပြစ်ပြု)မိတာတို့၊တခါတလေအားနည်းမိရင်းသေသွားတာတို့ဆိုရင်တောင်ကယ်တင်ခြင်းမဆုံးရှုံးနိုင်ပါ(ရောမ၈:၃၈-၃၉)။
၅။ကယ်တင်ခြင်းရပြီဆိုပြီးအပြစ်ဆက်လုပ်နေသူတွေကော?
ကယ်တင်ခြင်းရပြီးသွားတဲ့သူကအပြစ်လုပ်ချင်သလိုဆက်လုပ်မနေတော့ပါ။အပြစ်ကိုမုန်းလာပါမယ်၊ဘုရားရဲ့တရားတော်အားဖြင့်အသက်တာမှာအသက်ရှင်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်နေချင်သလိုနေအပြစ်လုပ်ချင်သလိုလုပ်နေတဲ့သူကကယ်တင်ခြင်းရပြီလို့မိမိကိုယ်ပြောလို့မရပါဘူး။ကယ်တင်ခြင်းရမရဆိုတာအသက်တာပြောင်းလဲခြင်းကသက်သေထူတာမို့ပါ(၁ယော၃:၉၊ယာကုပ်၂:၁၇-၁၈)။
၆။တချိန်ကယုံကြည်ရုံမက၊အားရပါးရအမှုတော်မြတ်မှာပါဝင်ပြီး၊နောက်ပိုင်းမယုံကြည်တော့ဘဲဘာသာကူးပြောင်းသွားသူတွေကကော?
ဒီလူတွေကနဂိုကတည်းကစစ်မှန်တဲ့ယုံကြည်သူမဟုတ်တာမို့၊ကယ်တင်ခြင်းမရခဲ့ကြောင်းကျမ်းစာကဖော်ပြထားပါတယ်၊ဖတ်ကြည့်ပါ…
၁ယော၂:၁၉ထိုသူတို့သည်ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင်ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှ ထွက်သွားကြ၏။
ဒါကြောင့်သိုးမှန်ရင်(အားနည်းခဲ့ရင်တောင်)ပြန်လာမှာပါ၊သိုးမဟုတ်ခဲ့ရင်တော့ပြန်လာမှာမဟုတ်တော့ပါ။
ယော၁၀:၂၆သို့သော်လည်း သင်တို့သည် မယုံကြ။အဘယ်ကြောင့် မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
၇။ခေတ္တလော?ထာဝရလော?
ကယ်တင်ခြင်းကဆုံးရှုံးနိုင်တယ်ဆိုရင်“ထာဝရအသက်”မဟုတ်တော့ပါ။“ထာဝရ”ဆိုတာအလကားနာမည်ပေးထားတာမဟုတ်ပါဘူး၊ထာဝရကာလထိတိုင်အောင်ဘုရားကမ စ ထိန်းကျောင်းပေးသွားမှာပါလို့(ယုဒ ၁:၂၄)မှာကတိတော်ရှိပါတယ်။အကယ်၍ဆုံးရှုံးနိုင်တယ်ခံယူရင်သင်ရထားတာထာဝရအသက်မဟုတ်ဘဲခေတ္တအသက်ဆိုတာသေချာနေပါပြီ(ယော၃:၁၆)။
၈။ဘုရားသားသမီးရဲ့ပက်သက်မှုပျက်ပြယ်နိုင်မည်လော?
ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လိုက်တာနဲ့သင်ဟာဘုရားသားသမီးဖြစ်ခွင့်ရပါပြီ။အဖေနဲ့သားသမီးဆိုတာဖျက်လို့မရတဲ့ပက်သက်မှုပါ။ဥပမာကျမ်းစာထဲကသားမိုက်နောင်တလိုပါဘဲ၊သားမိုက်ဘယ်လောက်စကားနားမထောင်ပါစေအဖေနဲ့သားပက်သက်မှုမပျက်သွားပါ။ဒီလိုပါဘဲ၊ယုံကြည်သူတွေအားနည်းလို့အပြစ်ပြုမိတာကဘုရားနဲ့မိမိကြားမိသဟာယပျက်နိုင်ပေမယ့်၊သားအဖပက်သက်မှုကိုတော့မထိခိုက်နိုင်ပါ။(ယော၁:၁၂၊ရောမ၈:၁၆)။
၉။ကျမ်းစာကဒီလိုကတိပေးထားလို့သင်ထာဝရအသက်မဆုံးရှုံးနိုင်ပါ
(၁)။ထာဝရအသက်ဖြစ်လို့နောက်ကြောင်းမပြန်နိုင်ပါ(ယော၅:၂၄)။
(၂)။ထာဝအသက်ပေးပြီးဘယ်သူမှမလုယူသွားနိုင်အောင်ကြီးမြတ်တဲ့ဘုရားကိုယ်တိုင်ထိန်းပေးပါတယ်(ယော၁၀:၂၇-၂၈)
(၃)။တံဆိပ်ခတ်ထားတာမို့မပျက်ပြယ်နိုင်ပါ(ဧဖက်၄:၃၀)။
(၄)။ကောင်းသောအကျင့်ကိုအဆုံးထိတိုင်ပြုစေသူဟာဘုရားကိုယ်တိုင်ပါ(ဖိ၁:၆)။
(၅)။အဆုံးထိကိုယ်တော်စောင့်ထိန်းပေးမယ်ဆိုတာယုံပါ(၂တိ၁:၁၂)။
သင်နာခံရုံသာလိုပါတယ်။