ယုံကြည်ရုံနဲ့ကယ်တင်ခြင်းရပါသလား?
ဒီမေးခွန်းကိုယုံကြည်သူတွေတော်တော်များများလာမေးကြလို့ ဖြေပေးလိုက်တာကိုစာတပုဒ်အဖြစ်တခါပြန်ပြင်ဆင်ပြီးအားလုံးဖတ်လို့ရအောင်တင်ပြလိုက်ပါတယ်။
ယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်အဖြစ်ယုံကြည်ရုံနဲ့(ယုံကြည်ခြင်းခြင်းတခုထဲနဲ့)ကယ်တင်ခြင်းရတာလား?အဖြေကတော့“ဟုတ်ပါတယ်”!
ထာဝရကယ်တင်ခြင်းဟာစစ်မှန်စွာယုံကြည်လက်ခံလိုက်ရုံနဲ့ကယ်တင်ခြင်းအပြည့်အဝရရှိမှာဖြစ်ပါတယ်။အကျင့်က(၀.၀၀၀၀၁)တောင်မပါပါဘူး။ဒါဟာကျနော်တို့ပြုပြင် ပြောင်းလဲရေးဓမ္မပညာရဲ့အခြေခံယုံကြည်ချက်(Five Sola)ထဲကအဓိကခံယူချက်ပါဘဲ။
ကယ်တင်ခြင်းကယုံကြည်ခြင်းတခုနဲ့သာရတယ်ဆိုရင်ဘာသက်သေအထောက်အထားနဲ့ပြောနိုင်လဲ?အဖြေကတော့ရှင်းပါတယ်၊ကျမ်းစာအထောက်အထားနဲ့ပါ။ကျမ်းစာတအုပ်လုံးရဲ့သွန်သင်ချက်မိန်းဟာ”ယုံကြည်ခြင်းကြောင့်ဖြောင့်မတ်ခြင်း”ဖြစ်ပါတယ်။ဒီလိုသွန်သင်မှုကျမ်းချက်အများကြီးရှိတဲ့ထဲနားလည်လွယ်တဲ့တခုကိုချပြပါမယ်။
ရှင်လုကာခရစ်ဝင်၂၃:၄၂-၄၃ပါ။ဒီထဲကကားတိုင်းပေါ်ကလူဆိုးဟာယုံကြည်လက်ခံရုံနဲ့ကယ်တင်ခြင်းရသွားတာဖြစ်ပါတယ်။အကျင့်ကောင်းဆိုလို့သူ့မှာဘာမှမရှိပါ။အကျင့်အတိုင်းစီရင်မယ်ဆိုရင်သူကတော့ငရဲဘဲသွားရမှာပါဘဲ။ဒါပေမဲ့(ယေရှုစကားအရ)သူကယ်တင်ခြင်းရခဲ့ပါတယ်။
ဒါကဘာကိုသက်သေထူနေလဲဆိုတော့ယုံကြည်တာနဲ့ကယ်တင်ခြင်းရ ကြောင်းအကြီးမားဆုံးသက်သေပါ။အကျင့်လုံးဝမပါဝင်ပါ။(သူကသေတော့မဲ့သူမို့လို့ပါလို့တချို့ပြောကောင်းပြောနိုင်ပါတယ်၊သတိထားရမှာကကယ်တင်ခြင်းမှာသေတော့မဲ့သူကိုတမျိုးအသက်ဆက်ရှင်နေသူကိုတမျိုးဆိုပြီးခွဲခြားတောင်းဆိုတာကျမ်းစာမှာလုံးဝမရှိပါ)။
ဒီလိုပြောလိုက်လို့ယုံကြည်တာနဲ့အပြစ်အားရပါးရလုပ်လို့ရပြီလို့မဆိုလိုပါ၊စစ်မှန်သောယုံကြည်သူဟာအသက်မသေသေးရင်သူ့ဘဝအသက်တာမှာပြောင်းလဲလာမှာဖြစ်ပြီးအကျင့်ကောင်းရှိလာရမှာဖြစ်ပါတယ်။ဒါပေမဲ့အဓိကနားလည်စေချင်တာသည်“ယုံကြည်တာနဲ့ဘဲကယ်တင်ခြင်းမုချရပါမည်၊အကျင့် ကြောင့်ရတာလုံးဝ(လုံးဝ)မဟုတ်ပါ”ဆိုတဲ့အခြေခံသမ္မာတရားပါ။
သတိထားရမှာက
ကယ်တင်ခြင်းမဆုံးရှုံးနိုင်ဘူးဆိုပြီးအသက်တာမှာအပြစ်ဆက်လုပ်နေသူဟာအယူလွဲခြင်းဖြစ်ပြီး၊ကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်ဆိုပြီးအသက်တာမှာအကျင့်ကောင်းရှိနိုင်မှထာဝရအသက်ရမှာလို့ဆိုခြင်းဟာလည်းအယူလွဲခြင်းဘဲဖြစ်ပါတယ်။ဒါကနှစ်ဖက်လုံးအထူးသတိထားရမည့်အရာတွေပါ။ကျမ်းစာအရကယ်တင်ခြင်းဟာအကျင့်မပါဘဲယုံကြည်လို့ရထားတာပါ။ခရစ်ယာန်အသက်တာရဲ့သန့်ရှင်းခြင်းကတော့သေသည့်တိုင်အောင်သစ္စာရှိနေရပါမည်။တနည်းအားဖြင့်ကယ်တင်ခြင်းရဖို့အကျင့်မလိုပေမဲ့၊အသက်တာမှာတော့အကျင့်လိုပါသည်။ကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကိုရှင်းအောင်နားလည်ဖို့လို့ပါသည်။နားလည်နိုင်သောညာဏ်ပညာဝိညာဥ်တော်ဘုရားပေးပါစေ၊အာမင်။
(လုကာ၂၃:၄၂-၄၃သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။)