အမျိုးသမီးသင်းအုပ်ကိစ္စ(ကျွန်တော်ခံယူချက်)
အရင်တခါတင်ပြဖူးပါတယ်၊အခုလာမေးဖန်များတော့ပြန်ပြောပေးပါမယ်။
၁။သမ္မာကျမ်းစာအရသင်းအုပ်တာဝန်ကိုဘုရားသခင်ကအမျိုးသားတွေကိုဘဲရွေးကောက်ခန့်ခွဲတာငြင်းစရာမရှိပါ။ကမ္ဘာဦးအစပရောဖက်၊ယဇ်ပရောဟိတ်မှစ၊ဓမ္မသစ်တမန်တော်အဆုံးခေါင်းဆောင်နေရာမှာအမျိုးသားတွေကိုသာရွေးကောက်ခန့်ခွဲခဲ့ခြင်းအားဖြင့်သိနိုင်ပါတယ်။ဒါအမျိုးသားကိုဘုရားပေးတဲ့တာဝန်ပါ။
၂။ဒါပေမဲ့ချွင်းချက်အနေနဲ့အမျိုးသားတွေအသုံးမကျတဲ့အခါဘုရားသခင်ကအမျိုးသမီးကိုခေါင်းဆောင်နေရာမှာအသုံးပြုနိုင်တယ်ဆိုတာလက်ခံရပါမယ်။ဥပမာဓမ္မဟောင်းကျမ်းစာ(တရားသူကြီး၄:၉)ထဲကတရားသူကြီးမ ဒေဗောရဟာအမျိုးသမီးဖြစ်ပေမဲ့အမျိုးသားထုတွေကိုဘုရားစကားနဲ့တရားစီရင်ဖို့အုပ်ချုပ်ဖို့ဘုရားရွေးကောက်ခဲ့တာငြင်းစရာမရှိပါ။ဓမ္မသစ်(၁ကော၁၁:၅)မှာလဲမိန်းမတွေ ပရောဖက်ပြုတရားဟောဖို့ခွင့်ပြုထားတာလည်းမမေ့သင့်ပါ။ဒါချွင်းချက်ပါဘဲ။
၃။ဒါကြောင့်ကျွန်တော်ကိုယ်တိုင်
(၁)အမျိုးသမီးတိုင်းအမျိုးသားအပေါ်သမ္မာကျမ်းစာနဲ့တရားဟောတာ၊ဆုံးမတာကိုလက်ခံထားပါတယ်။
(၂)အမျိုးသမီးတွေသိက္ခာတင်၊သင်းအုပ်ဆရာမကြီးလုပ်တာတွေကိုဘုရားရွေးကောက်ရင်(သူနေတဲ့နေရာအမျိုးသားတွေသင်းအုပ်လုပ်နိုင်သူမရှိရင်)လုပ်ခွင့်ရှိကြောင်းလက်ခံထားသူပါ။
ကျွန်တော်လိုလက်ခံရမယ်လို့မဆိုလို၊စာဖက်ပြီးဘုရား ဖော်ပြတဲ့အတိုင်းအတာထိဘဲလွတ်လပ်စွာဆုံးဖြတ်ပါ။
၄။အမျိုးသမီးသင်းအုပ်လုပ်တာကိုလက်ခံခြင်းနဲ့လက်မခံခြင်းဟာလွတ်လပ်စွာရွေးချယ်ခံယူလို့ရတဲ့အရာဖြစ်ပါတယ်။ဒါကိုလက်ခံခြင်းလက်မခံခြင်းကကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကိုမထိခိုက်နိုင်ပါ။အပြစ်မဖြစ်ပါ၊တဖက်ကတဖက်ကိုမှားတယ်လို့ဝေဖန်ပြစ်တင်လို့မရပါ။အမျိုးသားရှိရင်အမျိုးသားကိုဦးစားပေးရမှာမှန်ပေမဲ့အမျိုးသားမရှိရင်အမျိုးသမီးလုပ်တာကိုလည်းမှားတယ်မဝေဖန်သင့်ပေ။ကျမ်းစာမှာမှားကြောင်းမဖော်ပြထားလို့ပါ။ချွင်းချက်အနေနဲ့အမျိုးသမီးခေါင်းဆောင်လုပ်တာကိုတောင်ဖော်ပြထားတာမို့မဝေဖန်မိစေပါနှင့်။သာ၍အရေးကြီးတဲ့ဧဝံဂေလိနဲ့အသက်တာပိုင်းကိုသာအချိန်ပေးသင့်ပါသည်။
၅။သမ္မာကျမ်းစာထဲသာမက၊အသင်းတော်သမိုင်းမှာလဲဘုရားအသုံးပြုတဲ့အမျိုးသမီးခေါင်းဆောင်တွေအများကြီးရှိခဲ့ကြောင်းလေ့လာရင်တွေ့ရှိရပါလိမ့်မည်။ဒါကြောင့်မိမိအမြင်ကိုလွတ်လပ်စွာဖော်ပြသင်ပြလို့ရပေမဲ့၊တဖက်အစွန်းမရောက်ကြဖို့အင်မတန်အရေးကြီးပါသည်။ဝိညာဉ်တော်အလင်းပေးပါစေ။