• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားကလူ့ဇာတိခံခြင်းအကြောင်းရင်း

ဆရာရဲမင်း

10 月 10, 2024

ဘုရားကလူ့ဇာတိခံခြင်းအကြောင်းရင်း

ယေရှုကဘုရားသခင်ဖြစ်တယ်ဆို၊ဘာလို့လူလာလုပ်ရတာလဲ?တန်ခိုးနဲ့ကယ်တင်လို့မရဘူးလား?ဒီမေးခွန်းကိုဥပမာတခုပေးပြီးရှင်းပြပါမယ်။

တခါတုန်းက
အမွာညီအကိုနှစ်ဦးရှိပါတယ်။
ငယ်ငယ်ကတည်းကဘဲမိဘတွေသေကုန်ကြလို့၊အကိုတခြားညီတခြားရှင်ကွဲကွဲသွားခဲ့ကြပါသတဲ့။

နှစ်ပေါင်းများစွာကြာတော့
ညီဟာလူဆိုးဗိုလ်ဖြစ်သွားခဲ့ပြီး၊အကိုကတော့တရားမျှတဲ့ဘုရင်တပါးဖြစ်သွားခဲ့ပါတယ်။

တနေ့မှာတော့
အကိုဖြစ်သူရဲ့ရဲမတ်တွေဟာ
လုဆိုးဗိုလ်လုပ်နေတဲ့ညီကိုဖမ်းမိကြပါတယ်။ဖမ်းမိပြီးတာနဲ့သူ့အပြစ် ကြောင့်သေဒဏ်ချခံဖို့ရှင်ဘုရင်ဆီခေါ်ဆောင်ခဲ့ကြတာပေါ့။

ရှင်ဘုရင်ဟာလူဆိုးဗိုလ်ကိုသေချကြည့်ရင်းနှစ်ပေါင်းများစွာရှင်ကွဲကွဲနေတဲ့သူ့ညီအရင်းဖြစ်နေမှန်းသိလိုက်ရပါတော့တယ်။

ဒီချိန်မှာရှင်ဘုရင်က
သူ့ညီကိုချစ်တဲ့အချစ်နဲ့သူရဲ့ဖြောင့်မတ်ခြင်း(အပြစ်ရှိသူကိုအပြစ်ပေးခြင်း)ကဒွိဟဖြစ်လာပါတော့တယ်။ညီမို့လို့ချစ်စိတ်ကြောင့်တိတ်တဆိတ်အမိန့်နဲ့လွတ်ပေးလို့ရပေမယ့်သူ့ရဲ့တရားခြင်း(ဖြောင့်မတ်ခြင်း)ကိုဖောက်ပြန်ရာရောက်တဲ့အတွက်လုပ်လို့မရပေ။အကယ်၍အပြစ်ပေးမည်ဆိုပါကလည်းညီအရင်းဖြစ်နေတာကြောင့်ညီအပေါ်ထားတဲ့အချစ်ဟာမစစ်တော့မည်ဖြစ်တဲ့အတွက် သေဒဏ် လည်းပေးဖို့မလုပ်ရက်ပေ။

ချစ်မေတ္တာနဲ့တရားဖြောင့်မတ်ခြင်းကြားမှာဘယ်လိုလုပ်ရမည်နည်း?သူနောက်ဆုံးတော့ဆုံးဖြတ်ချက်တခုကိုချလိုက်ပါတော့သည်။

သူ့ညီသေဒဏ်ချမှတ်ပြီးသေရမယ့်နေ့မနက်မိုးမလင်းခင်၊အကိုဖြစ်တဲ့ရှင်ဘုရင်ဟာ၊ညီဖြစ်သူရှိတဲ့အကျဉ်းထောင်ကိုသွားပါသည်။ညီဖြစ်သူကိုဘုရင်ဝတ်လုံနှင့်လက်စွပ်သရဖူကိုလှဲလှယ်ပြီးဝတ်စေပါသည်၊သူကတော့ညီရဲ့အကျဉ်းထောင်အဝတ်ကိုဝတ်ယူလိုက်ပါသည်။

မှန်ပါသည်၊သူ့ညီကိုဘုရင်နေရာမှာအသက်ရှင်ခိုင်းမှာဖြစ်ပြီး၊သူကတော့ညီအတွက်အသေခံသွားဖို့သူဆုံးဖြတ်ခဲ့တာပါ။သူမသေခင်ညီလေးကိုပြောခဲ့တဲ့စကားတခွန်းက“ညီလေး၊အကို့နေရာမှာရှင်ဘုရင်ကောင်းတယောက်အနေနဲ့ဆက်အသက်ရှင်သွားပါ၊ဆက်ပြီးအပြစ်မလုပ်ပါနဲ့တော့”ဟူ၍ပင်။

ချစ်သောမိတ်ဆွေ
ဒီပုံပုင်လေးရဲ့ပုံဆောင်ချက်ကိုပြောရမယ်ဆိုရင်…
အကိုနေရာဟာယေရှုဘုရားကိုပုံဆောင်ပြီးညီနေရာဟာကျွန်တော်တို့အပြစ်သားကိုပုံဆောင်ပါသည်။မိမိအပြစ်ကြောင့်သေသင့်တဲ့သင်နဲ့ကျွန်ုပ်ကိုယေရှုဘုရားကတိတ်တဆိတ်ခွင့်လွတ်လို့ရပေမယ့်၊သူ့ဟာဖြောင့်မတ်တဲ့ဘုရားမို့အပြစ်ကိုပေးရမှာဖြစ်ပါတယ်။ယေရှုဘုရားဟာသင့်ကိုချစ်တယ်၊ဒါပေမယ့်သင့်အပြစ်ကိုလည်းသူမစီရင်လို့မရဘူး၊ဒါကြောင့်နောက်ဆုံးမှာသူကိုယ်တိုင်သင့်အပြစ်ကိုသူကိုယ်တိုင်ယူဆောင်ပြီးစီရင်(အသေခံ)သွားတာဖြစ်ပါတယ်။သူ့ရဲ့စကားတခွန်းက“ငါ့သား(သမီး)ကယ်တင်ခြင်းရပြီး၊နောက်နောင်အပြစ်မလုပ်ပါနဲ့တော့”တဲ့။

မိတ်ဆွေ
သမ္မာကျမ်းစာ(၁တိ၁:၁၅)မှာဒီလိုဖော်ပြပါတယ်“ယေ​ရှု​ခ​ရစ်​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်​ဟူ​သော​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့ ခံ​ယူ​အပ်​သော​စ​ကား​လည်း​ဖြစ်၏။” ဆိုလိုချင်တာကယေရှုဘုရားလူလာလုပ်ပြီးအသေခံတာဟာသင်လုပ်ထားတဲ့အပြစ်အားလုံးအတွက်လာပေးဆပ်ကယ်တင်တာဖြစ်ပါတယ်။ဒါကိုသင်လက်ခံယုံကြည်ရင်သင်အခုဘဲအပြစ်ကနေလွတ်မြောက်ပြီးထာဝရကယ်တင်ခြင်းရပါပြီ။

ယေရှုဘုရားကိုလက်ခံယုံကြည်မယ်ဆိုရင်ဒီလိုလေးဆုတောင်းပါ
“ယေရှုဘုရား၊ကျွန်တော်/မ ယေရှုဘုရားကိုအကြွင်းမဲ့ယုံကြည်ပြီ၊ရှိသမျှအပြစ်များကိုဆေးကြောပေးသနားတော်မူပါ၊ကျွန်တော်/မရဲ့နှလုံးသားထဲမှာကိန်းဝပ်တော်မှုပါ၊ဝိညာဉ်တော်နှင့်ထာဝရအသက်ကိုပေးသနားတော်မှုပါ၊ကျွန်တော်/မ ဘဝတခုလုံးဘုရားဆီပုံအပ်ပါတယ်။ကယ်တင်ပေးခဲ့သောကြောင့်ကျေဇူးတင်ပါသည်။ယေရှုနာမဖြင့်ဆုတောင်းပါသည်ဘုရား …အာမင်။”

အထက်ပါဆုတောင်းခြင်းကိုစိတ်ပါပါဖြင့်တကယ်ဆုတောင်းခဲ့ရင်သင်ခရစ်ယာန်ယုံကြည်သူတယောက်ဖြစ်သွားပါပြီ။သခင်ယေရှုအကြောင်းနှင့်ယုံကြည်သူဘယ်လိုအသက်ရှင်ရမလဲဆိုတာပိုမိုသိရှိစေရန်အနီးဆုံးခရစ်ယာန်ဘုရားကျောင်းမှဓမ္မဆရာ/မ များကိုအကူညီတောင်းနိုင်ပါသည်။ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။