• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျွန်တော်ဘာကြောင့်သေရွာပြန်ပေါလုသက်သေခံချက်ကိုလက်မခံတာလဲ?

ဆရာရဲမင်း

10 月 11, 2024

ကျွန်တော်ဘာကြောင့်သေရွာပြန်ပေါလုသက်သေခံချက်ကိုလက်မခံတာလဲ?

(တိတ်ခွေသက်သေခံချက်နှင့်ခုတလောရေပန်းစားနေသောvideoမှ….သမ္မာကျမ်းစာဖြင့်ခြုံ ကြည့်ခြင်း)

၁။ ငရဲမင်း?လူစီဖာကငရဲကိုအုပ်ချုပ်သူ?အပူပေးသူ?
ငရဲဟာစာတန်အုပ်ချုပ်တဲ့နေရာမဟုတ်ဘူးဆိုတာကျမ်းစာဖက်တဲ့သူတိုင်းသိလိမ့်မယ်။ငရဲဟာစာတန်ကိုထည့်ဖို့တမင်ဖန်ဆင်းထားတာဆိုတာကျမ်းစာဖတ်ကြည့်ကြပါ။နောက်ပြီးစာတန်ကအဲမှာအပူပေးဖို့တာဝန်ယူနေရတယ်လို့ပြောတယ်၊အကယ်လို့စာတန်ကငရဲမှာအုပ်ချုပ်ပြီးလူတွေကိုစီရင်နေတယ်ဆိုရင်ကျမ်းစာနဲ့မကိုက်တော့ပါဘူး။ဒါဟာတခြားဘာသာကပုံပြင်သာဖြစ်ပါတယ်။
ကျမ်းစာကိုကြည့်ကြရအောင်
ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၂:၄အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။…တဲ့နောက်
ဗျာဒိတ်ကျမ်း ၂၀:၁၀သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့။

၂။ ငရဲကနေကောင်းကင်သို့ရောက်ရှိခြင်း?
သက်သေခံချက်မှာငရဲကနေကောင်းကင်ကိုရောက်သွားတယ်လို့ပြောထားပါတယ်။
ကျမ်းစာမှာဘယ်လိုရေးထားသလဲ?
လာဇရုနဲ့သူဋ္ဌေးအကြောင်းဖတ်ကြည့်ရင်တော့ငရဲကနေကောင်းကင်သွားဖို့မပြောနဲ့အုံးမရဏာကနေကောင်းကင်သွားဖို့တောင်မဖြစ်နိုင်ပါ။
ရှင်လုကာခရစ်ဝင် ၁၆:၂၆ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို၏။

၃။ ရှင်ပြန်ထမြောက်ပြီးသက်သေခံရမယ်?
သက်သေခံထဲမှာသူ့ကိုယေရှုကရှင်ပြန်ထမြောက်ခိုင်းပြီးဘုရားအတွက်သက်သေခံတရားဟောရမယ်လို့ပြောပါတယ်။
ကျမ်းစာကိုကြည့်ရအောင်
ခုနအပေါ်ကပြောသွားတဲ့လာဇရုနဲ့သူဋ္ဌေးအကြောင်းကိုဘဲပြန်ဖတ်ကြည်ကြပါ။အဲဒီထဲမှာသူဋ္ဌေးသားကလဲလာဇရုကိုပြန်ရှင်ခိုင်းပြီးသက်သေခံခိုင်းဖို့သူ့ညီကိုတွေဒီအကြောင်းသိဖို့လူပြည်ကိုလွတ်ပေးဖို့အာဗြံဟံကိုတောင်းဆိုတော့ ၊အာဗြံဟံကဘာပြောခဲ့သလဲ?
“သင်၏ညီအကိုတို့၌မောရှေရဲ့တရားမှစပြီးပရောဖတ်တွေအများကြီးရှိတယ်”လို့ဖြေခဲ့တာကျမ်းစာဖတ်တဲ့သူတိုင်းမှတ်မိမှာပါ။နောက်တခွန်းထပ်ပြောလိုက်တာက…
ရှင်လုကာခရစ်ဝင် ၁၆:၃၁အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။……………….
လူကိုပြန်ရှင်ပြန်ထမြောက်ပြီးသက်သေခံခိုင်းစေချင်တာကလူ့သဘောအရပါ။ဒါပေမဲ့ဘုရားရဲ့သဘောကတော့ကျမ်းစာအားဖြင့်နှင့်တရားဟောဆရာတွေအားဖြင့်ဖြစ်ပါတယ်။ဒါကြောင့်ရှင်ပြန်ထမြောက်ပြီးဘုရားတရားဟောခိုင်းတယ်ဆိုသူကိုပိုပြီးသတိထားပါ၊ပေါလုတောင်တတိယကောင်းကင်ရောက်ဖူးပေမယ့်ဧဝံ‌ဂေတရားဟောတဲ့အခါအဲဒါကိုယူယူမ‌ပြောသလိုအဲတာနဲ့သက်သေခံပြီးဧဝံဂေလိုမလုပ်ပါ။

၄။ ဘုရားသခင်၂၁ ရာစုပြန်လာမယ်?
သက်သေခံမှာပြောသွားတာကနံရံမှာ၇၇၇လို့ပေါ်လာပြီးစာပေါ်လာတာလို့ပြောပါတယ်၊အဲတာကတော့ဘုရားသခင်၂၁ရာစုမှာပြန်လာမယ်လို့ပါဘဲ။ယုံကြည်သူများမှတ်မိမှာပါတချိန်ကဆရာတချို့ရဲ့သင်ကြားချက်ကနှစ်၂၀၀၀မှာယေရှုပြန်လာမယ်ဘာညာဆိုတာ။
အဲတော့ဒါနဲ့ပတ်သက်ပြီးကျမ်းစာမှာဘာပြောထားသလဲ
ရှင်မဿဲခရစ်ဝင် ၂၄:၃၆ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။
သခင်ယေရှုဘယ်အချိန်လာမယ်လို့အတိကျပြောပြခဲ့သူရှိခဲ့ရင်ဒါဟာကျမ်းစာနဲ့မကိုက်မှန်းကျမ်းစာဖတ်တဲ့သူတိုင်းသိမှာပါ။

၅။ ငရဲကျတာကိုယ်မကောင်းလို့တခုဘဲလား?
သက်သေခံချက်အရငရဲထဲမှာသင်းအုပ်ဆရာတွေခဲ့ပါတယ်တဲ့။ဘာကြောင့်ငရဲရောက်လာရသလဲဆိုတော့မိန်းမနဲ့ဖောက်ပြန်လို့?နောက်အရက်သမားနဲ့လူသတ်သမားတွေလဲပြောသွားတယ်။ဒီနေရာမှာယုံကြည်သူများသိရမှာကငရဲသွားရတာဟာဖောက်ပြန်ခဲ့လို့မဟုတ်၊အရက်သောက်လို့မဟုတ်၊လူသတ်လို့တခုဘဲမဟုတ်ရပါ။‌အပြစ်ရှိသူက #ယေရှုကိုမယုံကြည်ခဲ့လို့သာဖြစ်ပါတယ်။ အကယ်လို့ယေရှုကိုယုံကြည်ပြီးဆက်လုပ်နေရင်တော့ဒါဟာတကယ်မယုံခဲ့လို့ဘဲပြောရမှာပါ။လူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ဖြစ်တယ်ဆိုတဲ့ကျမ်းစကားဖတ်ဖူးကြမှာပါ။ကျွန်တော်အရင်ကလည်းအရက်သမားဖြစ်ခဲ့ဘူးပါတယ်။ခုတော့ပြောင်းလဲလာပါပြီ။

၆။ လူစီဖာကသူ့သက်သေခံဧဝံဂေလိဖြစ်မြောက်ဖို့လိုက်လုပ်ပေး?
နောက်တချက်သတိထားရမှာကသက်သေခံထဲမှာငရဲမင်းလူစီဖာကနေသူ့ကိုစိတ်ရှည်ရှည်နဲ့သေချာလိုက်ပတ်ပြီးလိုက်လံရှင်းပြနေတာဆိုတာပါဘဲ။
ကျမ်းစာကိုကြည့်ကြရအောင် ကျမ်းစာကိုသေချာဖတ်ကြည့်ရင်စာတန်ဆိုတာဘုရားဘာလုပ်လုပ်ဆန်ကျင်နေတတ်တဲ့သူပါ။ဘုရားစကားကိုနားထောင်ပြီးလူတွေကယေရှုကိုမယုံလို့ငရဲလာကြရတယ်ဘာညာပြောပြဖို့နေနေသာသာသူကဒီအကြောင်းကိုလူတွေသိမှာသိပ်ကြောက်တဲ့သူပါ၊လူတွေတကယ်သိပြီးယေရှုကိုယုံကြည်သွားမှာမလိုလားတဲ့သူပါ။ခုဟာကသေချာရှင်းပြပြီးသေချာလွတ်လိုက်တယ်ဆိုတော့စာတန်လုပ်ရပ်နဲ့ကျမ်းစာမှာမကိုက်ပါ။

၇။ဘုရားသခင်ကကောင်းကင်တမန်ကိုလူဖန်ဆင်းမဲ့အကြောင်းပြောတယ်?
ဒီတချက်ကအသစ်သက်သေခံချက်မှာမပါလာတော့ပါဘူး။ဒါပေမဲ့အရင်သက်သေခံခဲ့လို့ပြောချင်ပါတယ်။
ဘုရားကလူဖန်ဆင်းမဲ့အကြောင်းကောင်းကင်တမန်ကိုပြောတော့၊ကောင်းကင်တမန်မှမဖန်ဆင်းဖို့နဲ့ဘုရားကိုဘဲစိတ်ဆင်းရဲစေမယ်ပြောသတဲ့၊ဒါပေမဲ့လူကိုဖန်ဆင်းပြီးအသက်မုတ်သွင်းလိုက်တော့အာဒံဖြစ်လာတယ်ပေါ့။
ဒီနေရာမှာသတိထားရမှာက
ဘုရားသခင်ကလူတွေကိုဖန်ဆင်းဖို့ပြောခဲ့ပေမဲ့၊ကောင်းကင်တမန်ကိုမဟုတ်ဘူးဆိုတာပါဘဲ။ကမ္ဘာဦးကျမ်း၁း၂၆မှာကြည့်ပါ။သုံးပါးတဆူဘုရားကိုထပ်မရှင်းပြတော့ပါ။
ဆိုလိုချင်တာကဘုရားသခင်ကလူတွေကိုဖန်ဆင်းဖို့ကောင်းကင်တမန်ကိုလာတိုင်ပင်စရာလား?ကျမ်းစာစေချာဖတ်ကြပါမိတ်ဆွေတို့။

၈။ ပျက်စီးခြင်းလမ်းကကျယ်?ထာဝရလမ်းကကျဉ်း?
ဒီတချက်ကိုတော့အသစ်သက်သေခံချက်မှာလဲနဲနဲပါလာတယ်။သူကလမ်းကျယ်နဲ့လမ်းကျဉ်းလေးကိုလျှောက်ခဲ့ရကြောင်းပေါ့။
ကယ်…ကျမ်းစာကြည့်ရအောင်
ရှင်မဿဲခရစ်ဝင် ၇:၁၃၊၁၄ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။…….
ဒီကျမ်းချက်ဟာသခင်ယေရှုမှပုံဥပမာအားဖြင့်ပြောခဲ့တယ်ဆိုတာကျမ်းစာလေ့လာတဲ့သူအနည်းအများအားဖြင့်သိကြပါတယ်။လူတိုင်းသေပြီးလမ်းကျယ်လမ်းကျဉ်းကိုလျှောက်ရမှာမဟုတ်ဘူးဆိုတာကျမ်းစာသေချာလေ့လာကြပါယုံကြည်သူများ။

၉။ငရဲမှာဂေါလျတ်ကိုတွေရှိခဲ့ခြင်း
ဒီအကြောင်းကိုခုနောက်ပိုင်းသက်သေခံချက်မှာမပါလာတော့ပါ။ဒါပေမဲ့တိတ်ခွေရှိသေးရင်၊သို့မဟုတ်youtubeမှာအဟောင်းသက်သေခံချက်ရှာကြည့်ရင်သိနိုင်ပါတယ်။
သက်သေခံထဲမှာပြောတာကဂေါလျတ်ဟာဓားတလက်နဲ့ဒိုင်းလွားယူထားပြီးနဖူးပေါ်အပေါက်တပေါက်ရှိတယ်တဲ့။
ကယ်… ဂေါလျတ်ကဒိုင်းလွားကိုင်ထားလားဆိုတာကျမ်းစာမှာကြည့်ကြရအောင်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် အခန်းကြီး၁၇အအငယ်၄၊၅၊၆၊၇နဲ့အငယ်၅၁ကိုကြည့်ကြပါ။
ကျမ်းစာမှာဂေါလျတ်ဒိုင်းလွားကိုင်ထားခြင်းမရေးထားပါ။ဒိုင်းလွားကိုင်ထားတဲ့လူကသူ့ရှေ့ကလူပါ။နောက်တခုကနဖူးပေါ်မှာအပေါက်တပေါက်ရှိတယ်တဲ့၊ဒါဝိဒ်ရဲ့လောက်လွဲ ချက်ပေါ့။ဒါပေမဲ့ဒါဝိဒ်သူ့ခေါင်းကိုဖြတ်လိုက်တယ်ဆိုတာကျမ်းစာဖတ်သူတိုင်းသိပါ့မယ်၊ဘာလို့လည်ပင်းမှာဒဏ်ရာမတွေ့ခဲ့သနည်း။ဆင်ခြင်စရာပါ။

၁၀။ အပြစ်သားကဘုရားကိုတွေ့ရင်ဘာမှမဖြစ်ဘူးလား?
ဗျာဒိတ်၁း၁၇နဲ့ဒံယေလ၁၀း၈မှာအတိုင်းဆို…ယေရှုဘုရားကို(ကောင်းကင်မှာ)တွေ့တာနဲ့ချက်ချင်းပြိုလဲသွားကြတယ်လို့မှတ်သားထားပါတယ်။ခုကသူ့သက်သေခံချက်မှာဘာမှမဖြစ်သလိုယေရှုတောင်ပါးချိုင့်နှစ်ဖက်ရှိပြီးမျက်နာကလေးထောင့်ဆိုဘဲ။ဆင်ခြင်ကြပါယုံကြည်သူများ။

၁၁။ ၁၉၉၆ကသက်သေခံနှင့်ခုသက်သေခံထိန်ချန်ခြင်း?
အရင်၁၉၉၆တုန်းကတိပ်ခွေမှာပြောတာနဲ့ခုတလောfacebookမှာတက်လာတဲ့videoဖိုင်အရဆိုအများကြီးချန်ခဲ့ပါတယ်။ဥပမာဗိုလ်ချုပ်အောင်စန်းနဲ့ဂေါတမကိုဆိုရင်ခုအသစ်သက်သေခံမှာနာမည်တပ်မပြောရဲတာတို့တခြားအကြောင်းအများကြီးချန်ခဲ့တာစဉ်းစားစရာပါ။နောက်တခုကသသ်သေခံတဲ့သူရဲ့နာမည်မတူတာလေးတွေတွေ့ရပါတယ်။ပြောသွားတာချင်းကတော့တူပါတယ်။ခုနောက်ပိုင်းမှာထိန်ချန်ခဲ့တာကလွဲလို့ပေါ့။
အကယ်၍ဘုရားသခင်တကယ်စကားပြောခဲ့ရင်ရဲရဲဝံ့ဝံ့တကယ့်နာမည်နဲ့လိုက်အောင်မာတုရဖြစ်သင့်တယ်မဟုတ်ပါလား။

နိဂုံး။ ။သေရွှာပြန်ပေါလုဆိုသူဟာစိတ်ရောဂါအခံရှိသူဖြစ်ကြောင်းတချို့ကလဲပြောကြပါတယ်။နောက်ပြီးမြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီကလည်း အဲ့တုန်းက သူ့နဲ့ပတ်သက်ပြီးဖြေရှင်းခဲ့ရဖူးတယ်လို့တချို့ပြောကြပါတယ်။ သူဟောသမျှသည်ခရစ်ယာန်အသင်းတော်များ၏ အာဘော်မဟုတ်ကြောင်းကိုပေါ့။ အခုသူ့သက်သေခံချက်တွေFacebookပေါ်ပိုစ့်တင်လာကြ share ကြတာတွေများနေတယ်။စာရေးသူအဓိကတိုက်သွန်းချင်တာကဘယ်ဆရာဘာတရားဘဲဟောဟောလွယ်လွယ်မယုံမိစေပါနဲ့။သမ္မာသတိရှိကြပါ။ဒီဆရာကိုဘဲတိုက်လိုခိုက်လိုစိတ်နဲ့ပို့စ်တင်ခြင်းမဟုတ်ပါ။ဆရာတွေဟောတိုင်းကျမ်းစာကိုကိုယ်တိုင်သေချာဖတ်ရှု ပြီးသမ္မာသတိရှိကြဖို့ပြောချင်ပါတယ်။
မှတ်ချက်။ ။စာရေးသူမှကျမ်းစာရှုထောင့်အားဖြင့်တင်ပြခြင်းသာဖြစ်ပါသည်။ရိုင်းဆိုင်းcmtများသီးခံပါ။လွတ်လပ်စွာထောက်ပြနိုင်သည်။ဝေဖန်ခံနိုင်အောင်လည်းစိတ်ကိုပြင်ဆင်ထားပါသည်။